dailyvid


1234
x

Latest Post

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

ကလေးစစ်သား စုဆောင်းမှု့တွေကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်စာ ၀ါးရုံကုန်းကျေး၇ွာအုပ်စု စံဖဲ၇ွာမှအသက် ၁၅ နှစ်အရွယ်မောင်တင်မင်းနိုင်ဆိုသူအား မေလ ၁၆ ရက်နေ့က ခမရ (၅၈၆)မှတပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရပြီး ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ခံခဲ့ရကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ မောင်တင်မင်းနိုင်နှင့်တချားလူငယ်တစ်ဦးတို့ ကြွက်ထိုးနေစဉ် အဆိုပါအနီးနားမှာရှိသော (ဒေသအခေါ်)သံလမ်းကင်း (မီးရထားလမ်းဘေးတွင်ရှိသောအစောင့်တဲ) မှတာဝန်ကျ နအဖ စစ်သားသုံးယောက်က (ဟေ့ကောင်တွေလာအုံးဟု) လှမ်းခေါ်ပြီး မောင်တင်မင်းနိုင်နှင့်သူ၏အဖော်အား မင်းတို့စစ်ထဲဝင်မလား မဝင်ရင်မင်းတို့ပြန်လို့မရတော့ဘူး ဆိုပြီးခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ဆိုသူထွက်ပြေးစဉ် တာဝန်ကျသုံးဦးအနက်မှ တပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ပြီး အသက်ရှင်နေသေးသော မောင်တင်မင်းနိုင်အား ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ပြီး ကျန် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ကြောင်းသိရပါသည်။

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်သော Global Day လှုပ်ရှားမှု သတင်းဓါတ်ပုံ

နအဖ စစ်အစိုးရ၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သော Global Day လှုပ်ရှားမှုကို ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှနိုင်ငံ၊ သီရိလင်္ကာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့တွင် မေလ (၂၇) ရက်ပြုလုပ်ခဲ့ပြီး နိုင်ငံအသီးသီးမှ ကြေငြာချက်များထုက်ပြန်ပြီး နအဖစစ်အစိုးရရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
Global Day လှုပ်ရှားမှုကို အသေးစိတ်ကို (ဒီမှာ) ဖတ်ကြည့်နိုင်ပြီး၊ Global Day လှုပ်ရှားရခြင်းရည်ရွယ်ချက် အသေးစိတ်ရှင်းလင်းချက်(ဒီမှာ)ဖတ်ရှု့နိုင်ပါသည်။


စစ်အစိုးရ အရာရှိကြီးများ နေပြည်တော်တွင် လေးလပတ် အစည်းအဝေး ပြုလုပ်


ဆလိုင်း ဟံသာစန်း | စစ်အစိုးရအတွက် အရေးပါသော စုဝေးမှုဖြစ်သည့် လေးလပတ် အစည်းအဝေး ကျင်းပရန်အတွက် ထိပ်သီးစစ်ဘက်အရာရှိကြီးများ နေပြည်တော်တွင် ယနေ့ ရောက်ရှိနေကြပြီဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွက် ပထမဆုံးဖြစ်သော လေးလပတ် အစည်းအဝေးကို မနက်ဖြန်မှစတင်၍ သုံးရက်ကြာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ဖက်သတင်းရပ်ကွက်များက ပြောသည်။

တပ်တွင်းနေရာ အပြောင်းအရွေ့အများစုပေါ်ပေါက်လေ့ရှိသည့် လေးလပတ်အစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နအဖ ကောင်စီဝင်များ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးများ ၊ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊၊ တပ်မမှူး၊ စစ်ဘက် ညွှန်ကြားရေးမှူးများ၊ စစ်ကျောင်းများမှ ကျောင်းအုပ်များ တက်ရောက်လေ့ရှိသည်။

ထို့အပြင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများလည်း တက်ရောက်ကြရလေ့ရှိသည်။

ဌာနအသီးသီးက မိမိတို့ဒေသနှင့် လုပ်ငန်းများအကြောင်း တင်ပြကြရပြီး ခေါင်းဆောင်များ၏ ညွှန်ကြားမှုကို နာယူကြရသည်။

ယခု အစည်းအဝေးတွင် ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရရှိရေးအတွက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကို ဒေသအသီးသီးမှ စစ်တိုင်းမှူးများထံ အသေးစိတ် ညွှန်ကြားဖွယ်ရှိကြောင်း တရုတ်- မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသုံးသပ်သူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။
အစည်းအဝေး၏ နောက်ဆုံးရက်တွင် တပ်ချုပ်ကြီး ၊ ဒု - တပ်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်ဆင်ရေး အထူးအဖွဲ့မှူး - ကစထမှူးနှင့် ဒေသအသီးသီးမှ စစ်တိုင်းမှူးများ အထူးတံခါးပိတ် သီးသန့် အစည်းအဝေး ပြုလုပ်လေ့ရှိသည်။

“လွှတ်တော်မှာ တမတ်သား ပါဝင်မယ့် စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်နိုင်ဖွယ်ရှိပြီး မကြာခင်မှာ ဒီလူတွေကို ကြေငြာလာဖွယ်ရှိတယ်”ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လေးလပတ်သည် စစ်ဘက်အရာရှိများအတွက် မိမိအထက်ရာထူးပိုင်ရှင်များနှင့် ဆက်စပ်သူများကို လက်ဆောင်ပေးရန်နှင့် လာဘ်ထိုးရန်အတွက် စုံရပ်တခုလည်း ဖြစ်စေသည်ဟု ဝေဖန်သူများက ပြောကြားကြသည်။

ပုံမှန်အားဖြင့် လေးလပတ်အစည်းအဝေးများကို ဇန်နဝါရီ၊ မေလနှင့် စက်တင်ဘာလများတွင် ကျင်းပလေ့ရှိသော်လည်း နေပြည်တော်က အကြောင်းပြချက်မဲ့ ရွှေ့ဆိုင်းမှုများလည်း ရှိသည်။

နောက်ဆုံးကျင်းပခဲ့သည့် လေးလပတ် အစည်းအဝေးမှာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြစ်သည်။

၂ဝဝ၉ ခုနှစ် နိုဝင်ဘာလ လေးလပတ် အစည်းအဝေးနောက်ပိုင်းတွင် ရွေးကောက်ပွဲဥပဒေများ ကြေငြာခြင်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ဦးဆောင်သည့်ဝန်ကြီးများ စစ်ဘက်ရာထူးမှ နှုတ်ထွက်ကာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကို ဦးဆောင်ခြင်းစသည့် နိုင်ငံရေးပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် Network of Democracy and Development အဖွဲ့မှ ဗဟို အလုပ်အမှုဆောင်တဦးက ယခုလေးလပတ်တွင် နယ်ခြားစောင့်တပ်အရေးနှင့် ပက်သက်၍ ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း ပြောသည်။

“နယ်ခြားစောင့်တပ်ကိစ္စတွေ သူတို့ဆွေးနွေးဖွယ်ရှိပေမယ့် တရုတ်ဝန်ကြီးချုပ် ခရီးစဉ်ရှိတဲ့အတွက် ဘယ်လိုတွေဖြစ်လာမလဲ စောင့်ကြည့်ရဦးမယ်။ အရမ်းတော့ ထူးခြားပြောင်းလဲမယ် မထင်မိဘူး”ဟု သူက ပြောသည်။

ပုံမှန် ကျင်းပလေ့ရှိသည့်အတိုင်းတွက်ချက်ပါက ယခုနှစ်စက်တင်ဘာလတွင် ကျင်းပရမည့် တတိယ လေးလပတ် အစည်းအဝေးသည် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် တိုက်ဆိုင်ဖွယ်ရှိသည့်အတွက် ယခုအစည်းအဝေးသည် ၂ဝ၁ဝ ခုနှစ်၏ တခုတည်းသော နောက်ဆုံး အစည်းအဝေး ဖြစ်နိုင်ကြောင်းလည်း အကဲခတ်များက မှန်းဆထားကြသည်။


source by :မဇ္ဈိမ

နေထိုင်ခွင့်လွန် အလုပ်သမားများအား မလေးရှားက သက်ညှာခွင့်ပေးမည်



မြတ်ခိုင်ဦး |မလေးရှားအစိုးရမှ နိုင်ငံတွင်းရှိ အလုပ်လုပ်ခွင့်သက်တမ်း ကျော်လွန်ပြီး နေထိုင်ခွင့်သက်တမ်း ကျော်လွန်နေသူများ၊ တရားမဝင်လာရောက် အလုပ်လုပ်ကိုင်နေသူ နိုင်ငံခြားသား အလုပ်သမားများအား အရေးယူခြင်းမရှိဘဲ မိမိနိုင်ငံသို့ ပြန်ခွင့်ပြုတော့မည်ဖြစ်သည်။

မလေးရှားအစိုးရက နိုင်ငံခြားသား အလုပ်သမားများအား ဖမ်းဆီးအရေးယူမှုများ မလုပ်ဘဲ သက်ညှာခွင့်ပြုသည့်အနေဖြင့် မကြာခင်ကာလအတွင်း မိမိနိုင်ငံရင်းသို့ ပြန်လည်ထွက်ခွာခွင့်ပြုတော့မည်ဟု မလေးရှားနိုင်ငံထုတ် The Star သတင်းစာတွင် သောကြာနေ့က ဖော်ပြသည်။

အစိုးရကတ်ဘိနက်အဖွဲ့ဝင် ဝန်ကြီး (၁၇) ဦးအပါအ၀င် အစိုးရအေဂျင်စီများပါ တက်ရောက်သည့် နိုင်ငံခြားသားနှင့် တရားမဝင်အလုပ်သမားများအရေး ဆွေးနွေးသည့် အစည်းအဝေးတွင် ဒု-ဝန်ကြီးချုပ် တန်စရီမူဟစ်ဒင်ယာဆင်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ယခု မလေးရှားအစိုးရက ထုတ်ပြန်သည့် သက်ညှာခွင့်သည် တတိယအကြိမ်မြောက်ဖြစ်ပြီး စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံနှင့် အိမ်အကူ အလုပ်သမားများ ခံစားခွင့်ရှိမည်ဖြစ်သည်။ ပထမနှင့် ဒုတိယအကြိမ် သက်ညှာခွင့်ပြုခဲ့သော ၂၀၀၂ ခု နှင့် ၂၀၀၄ ခုနှစ်တို့တွင်လည်း ရာထောင်ချီသော အလုပ်သမားအများအပြား အိမ်ပြန်ခဲ့ကြသည်။

ထိုသတင်းနှင့်ပတ်သက်၍ အလုပ်လုပ်ခွင့်သက်တမ်းကျော်လွန်ပြီး နေထိုင်ခွင့်ပါလွန်နေသူ မလေးရှားရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ကျနော်က မြန်မာနိုင်ငံ ဧရာဝတီတိုင်း လပွတ္တာမြို့ကပါ။ ဒီမှာ သံပန်း သံတခါးလုပ်ငန်းမှာ ဆေးမှုတ်ပါတယ်။ နာဂစ်ဖြစ်ပြီးကတည်းက ပြန်ချင်နေတာ အိုနေတော့ ပြန်ဖို့မလွယ်ကူတာနဲ့ မပြန်ဖြစ်တာ။ အခုတော့ ပြန်ဖို့ အဆင်ပြေသွားတယ်။ ဟိုမှာ မိသားစု အဆင်ပြေလို့ ပြန်တာမဟုတ်ပါဘူး။ ရောက်နေတာလည်း (၆) နှစ်ကျော်သွားပြီ။ နာဂစ်တုံးက ဖရိုဖရဲ ဖြစ်သွားတဲ့ မိသားစုဘ၀လေးကို ကိုယ်ဖိရင်ဖိ ကူညီချင်လို့ ပြန်တာပါ။ ကျနော့်မှာ ပါတ်စပို့ရှိတယ်၊ သက်တမ်းကတော့ အင်တုံးထုထားတယ်။ မင်္ဂလာဒုံလေဆိပ်ကြမှပဲ အင်တုံးကိစ္စကို ငွေပေးပြီးရှင်းရမှာပေါ့” ဟု ဆိုသည်။

မပြန်တော့ဟု ဆုံးဖြတ်ထားသည့် အလုပ်သမားတဦးကမူ “ကျနော် ဒီကိုရောက်တုန်းကတော့ တရားဝင်ပါ။ နောက်ပိုင်းစက်ရုံမှာ လစာမကောင်းလို့ အခုလုပ်နေတဲ့ တွင်ခုံလုပ်ငန်းမှာ ၀င်ခုပ်နေပါတယ်။ ဘယ်လိုပဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးပေး ကျနော်ကတော့ မပြန်ဘူး။ ဒီနိုင်ငံမှာ ဘာပဲဖြစ်ဖြစ် တလကို (၁) သိန်းလောက် အိမ်ကို ငွေပြန်ပို့ပေးနိုင်သေးတယ်။ ဟိုကိုပြန်သွားရင် အလုပ်မရှိဘဲ မိဘဆီက ငွေပြန်တောင်းနေရမယ်။ အဖမ်းအဆီးတွေကြမ်းလို့ အဖမ်းခံရတော့မှပဲ ပြန်တော့မယ်။ ကျနော်တို့ အရင်ရောက်တဲ့သူတွေ ပြောသလို မလေးရှား မိုးကုန်မှ ပြန်မယ်ဗျာ။ မလေးရှားက အမြဲတမ်း မိုးရွာနေတော့ မိုးမကုန်ဘူးလေ” ဟု ဆိုသည်။

နိုင်ငံခြားသား အလုပ်သမားများအား သက်ညှာခွင့်ပေးမည်ဟု မလေးရှားအစိုးရက ထုတ်ပြန်ပြောဆိုနေသကဲ့သို့ နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်လာနေမှုကို ထိန်းချုပ်သောအားဖြင့် အလုပ်သမားခွန်ကိုလည်း နောက်နှစ်မှစ၍ လုပ်ငန်းပိုင်း ကဏ္ဍအလိုက် သော်လည်းကောင်း၊ အလုပ်သမားအရည်အသွေးအရ သော်လည်းကောင်း တိုးမြှင့်ကောက်ခံသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

သို့သော် အလုပ်သမားအခွန်(လဲဗီး) တိုးမည်ဆိုသည့်အစီအစဉ်ကို ကုန်သည်ကြီးများအဖွဲ့အချို့မှ ကန့်ကွက်ကြောင်း ကြေညာသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ကိုင်နေသော Burma Campaign Malaysia မှ ဒါရိုက်တာ ကိုထွန်းထွန်းက “ဒီလွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးနောက်ပိုင်းမှာ အလုပ်သမားခွန် (လဲဗီး) ကို ထပ်မံတိုးမြှင့်မယ်လို့ ကြေညာတာကို ကြည့်ခြင်းအားဖြင့် မလေးရှားအစိုးရအနေနဲ့ နိုင်ငံခြားသားတွေကို ထပ်မံခေါ်ယူဖို့ ကန့်သတ်မှုတွေ လုပ်တော့မယ်ဆိုတာကို ပြသလိုက်တာဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းက မြန်မာတွေ တော်တော် ပြန်ကြတယ်။ ဒီတခေါက်မှာ ပြန်မယ့်သူနည်းနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းကပြန်တဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းဟာ မလေးကို ပြန်ရောက်လာကြတယ် ” ဟု ပြောသည်။

၂၀၀၄ ခုတွင် သက်ညှာမှုပေးစဉ်က နိုင်ငံပေါင်းစုံမှ အလုပ်သမား (၂၃၀,၀၀၀) ပြန်သွားခဲ့ကြပြီး၊ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာသံရုံးမှထုတ်ပေးသည့် CI ဆိုသည့် မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက် တနည်းအားဖြင့် နေရပ်ရင်းပြန်ရန် ထုတ်ပေးသော ယာယီနိုင်ငံကူးလက်မှတ်ကြေးကို မပေးချင်သောကြောင့် လူကုန်ကူးသူများကို အားကိုးခဲ့ကြသည့်အတွက် ရင်းဂစ် (၉၅၀) ကုန်ကျခဲ့ကြကြောင်း၊ လူကုန်ကူးသူများအတွက် အကျိုးအမြတ်ဖြစ်စေခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု သက်ညှာခွင့်အစီအစဉ်သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သို့မှ ထူးခြားမည်မဟုတ်ကြောင်း၊ အကြောင်းမှာ မြန်မာနိုင်ငံတွင် လုပ်ကိုင်စားသောက်ရသည်မှာ မလွယ်ကူသဖြင့် မလေးရှားမှာပင် ဖြစ်သလိုရှာဖွေ ရပ်တည်ရခြင်းက ပိုမိုအဆင်ပြေနေသဖြင့် ပြန်ပါဆိုသော်လည်း မပြန်ဘဲ ဆက်လက် အလုပ်လုပ်ကိုင်နေကြဦးမည် ဖြစ်သည်ဟု အလုပ်သမားတဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာအုပ်စုကမူ ထိုသက်ညှာခွင့်အစီအစဉ်တွင် ၎င်းတို့အား မထည့်သွင်းဘဲ ပလပ်ပေးပါရန်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူများ ဖြစ်သော်လည်း ယခင် ၂၀၀၂၊ ၂၀၀၄ ခုနှစ် သက်ညှာခွင့်တို့တွင် ရိုဟင်ဂျာများအား အစုလိုက် အပြုံလိုက် ပြန်ပို့ခြင်းခံခဲ့ရသည့်အတွက် ထိုသို့မဖြစ်ပွားစေရန် တောင်းဆိုရခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘနားမားသတင်းစာတွင် ဖော်ပြထားသည်။

ထိုသက်ညှာခွင့်သည် အစိုးရ၏သဘောတူညီချက် အဆင့်သာဖြစ်ပြီး မည်သည့်အချိန် စတင်၍ မည်သည့်အချိန်တွင် အဆုံးသတ်မည် ဆိုသည်တို့ကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။



source by :ခေတ်ပြိုင်

လူမှောင်ခိုတင်ဆောင်လာသည့်ကား တိမ်းမှောက် (၁၃) ဦးသေ၊ (၁၅) ဦး ဒဏ်ရာရ



မြတ်ခိုင်ဦး | ရနောင်းမြို့မှ ဘန်ကောက်သို့ လူမှောင်ခိုကူး တင်ဆောင်လာသော ကားတစီးတိမ်းမှောက်သဖြင့် မြန်မာပြည်သား (၁၃) ဦး သေဆုံးသွားသည်။

ယမန်နေ့ ညနေ (၆) နာရီ အချိန်ခန့်တွင် မြန်မာပြည်သားများအား တင်ဆောင်လာသော လူမှောင်ခိုကူးကားသည် ထိုင်းနိုင်ငံတောင်ပိုင်း ပတ်ဘူရီခရိုင်ရှိ ချာအမ်မြို့အနီး၊ ပရန်ပူရီလမ်း တောင်တက်တောင်ဆင်းနေရာတွင် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရန် တားဆီးရာ၌ မောင်းပြေးသဖြင့် လမ်းဘေးချော်ကျကာ သစ်ပင်နှင့်ဝင်တိုက်မိပြီး ကားပေါ်ပါ (၈) ဦး အခင်းဖြစ်ပွားရာတွင် သေဆုံးခဲ့ပြီး နောက်ထပ် (၅) ဦးမှာ ချာအမ်ဆေးရုံတွင် သေဆုံးကာ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း ချာအမ်ဆေးရုံမှ အတည်ပြုပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်ကားမှာ တိုယိုတာ ဟိုင်းလက်ကားဖြစ်ပြီး မူလကားနံပါတ်သည် ရနောင်းမြို့တွင် မှတ်ပုံတင်ထားသော บง 6701 ဖြစ်ကာ အခင်းဖြစ်စဉ် ဘန်ကောက်၌ မှတ်ပုံတင်ထားသည့် ကားနံပါတ် บข 8683 ကို အသုံးပြုခြင်းဖြစ်သည်။

ထိုကားတွင် တံခါးလေးပေါက်ပါရှိကာ ရှေ့ခန်း မောင်းသူနေရာတန်းတွင် ထိုင်ခုံတပ်ဆင်ပြီး နောက်ခန်းထိုင်ခုံကို ဖြုတ်ထားကာ မြန်မာပြည်သားများအား တင်ဆောင်လာခြင်းဖြစ်သည်။ ကားပေါ်တွင် စုစုပေါင်း လူ (၂၈) ဦးပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ မူလကားကို မောင်းနှင်သူမှာ အိမ်နံပါတ် ၆၈/၂၇ ထမိန်လမ်း ခေါင်န၀င်းမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချင်ဖုန်း ဆာတရူပရာဝင်းဖြစ်ပြီး၊ ယခုကားကို မောင်းနှင်လာခဲ့သူမှာ နေရပ်လိပ်စာ ၄၄/၃ အမှတ် (၃)၊ မွန်းကလန့်၊ ကရပေမြို့၊ ရနောင်းခရိုင်တွင် နေထိုင်သူ ချွန်ဖော်ဘန်စွပ်ဖြစ်သည်။

ထိုသူ၏ အမျိုးသမီးဖြစ်သူ ချန်ထရာပန်စွပ်သည် ရနောင်းခရိုင်မှ မြန်မာအလုပ်သမားကို လက်ခံခဲ့သူဖြစ်ပြီး အခင်းဖြစ်ရာတွင် သူမလည်း ယခု ကားနှင့် ပါဝင်လာကာ ကားမောင်းသူ ချွန်ဖော်မှာ အဆိုပါ အလုပ်သမားများအား မဟာချိုင်သို့ ပို့ဆောင်ပေးရန် ဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအစိုးရ အာဏာပိုင်များနှင့်နီးစပ်သူတဦးက “ပြောတာက ရဲတွေကို လှည့်စားမှုအနေနဲ့လို့ ပြောတယ်” ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဧပြီလအတွင်းကလည်း အလုံပိတ်ငါးတင် ရေခဲကားအတွင်း မြန်မာပြည်သားများအား ခိုးယူသယ်ဆောင်မှုကြောင့် အသက်ရှူမွန်းကျပ်ကာ (၅၄) ဦး သေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုအခါတွင် မြန်မာပြည်သားများအား တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုရန် ယာယီပတ်စပို့ ပြုလုပ်ပေးနေသော်လည်း ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် မြန်မာအလုပ်သမား (၁) သန်းခန့် ရှိနေသေးပြီး ယခုကဲ့သို့ တရားမဝင် ဝင်ရောက်နေမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြောသည်။


source by :NEJ

ရန်ကုန်မြို့ရှိ မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။

ထိုင်းစစ်တပ်ရဲ့ စနစ်တကျဖြို ခွဲမှု့ အပြီးမှာ ရှပ်နီခေါင်းဆောင်တွေ လက်နက်ချပြီ


မေ ၁၉၊ ၂၀၁၀။ ၁၅၁၂ နာရီ။

(ဘန်ကောက်)009 | ထိုင်းနိုင်ငံရဲ့ အစိုးရ ဆန့်ကျင်ရေး ရှပ်နီ အရေးတော်ပုံ ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်မှာ အပြီးတိုင် နိဂုံးချုပ်သွားပြီဖြစ်ပါတယ်။ အနည်းဆုံးရှပ်နီ ခေါင်းဆောင် လေးဦးလောက်ဟာ ထိုင်းစစ်တပ်ရဲ့ စနစ်တကျဖြို ခွဲမှု့ အပြီးမှာ ရဲစခန်းမှာ လက်နက်ချအရှုံးပေးသွားတာ ဖြစ်ပါတယ်။

ဘန်ကောက်ရဲ့အထင်ကရ Shopping Area မှာ ရက်သတ္တပတ် ခြောက်ပတ် လောက် တပ်စွဲထားပြီး လမ်းပိတ်ဆို့ ဆန္ဒပြခဲ့ကြတဲ့ ရှပ်နီတွေဟာ သူတို့ရဲ့ ထောင်ပေါင်းများစွာသော အားပေးထောက်ခံသူတွေကို စခန်းက ထွက်ခွာဖို့ အသိပေးလိုက်တာပါ။ အစိုးရဲ့အစီ အစဉ်နဲ့ ဘတ်စ် ကားကြီးတွေ အသင့်ပြင်ထားတဲ့ နေရာတွေ စီသွားဖို့ အဲဒီကားကြီးတွေနဲ့ ဘန်ကောက်ကနေထွက်ခွာဖို့ ပါ။

"ကျနော်..သူတို့ကို အိမ်ပြန်တော့" လို့ ထိပ်တန်းရှပ်နီခေါင်းဆောင် နတ္တ၀တ် ဆိုက်ကွား (Nattawut Saikuar) ကသူ အထိမ်း အသိမ်းခံနေရတဲ့ ရဲဌာနချုပ်မှာ လုပ်တဲ့ တီဗွီ အင်တာဗျူး တခုမှာ ပြောသွားပါတယ်။ "ရဲအစောင့် အရှောက် အပြည့်နဲ့လမ်းမှာ မင်းတို့ လုံခြုံစိတ်ချ စွာပြန်နိုင်ပါလိမ့် မယ်.." လို့ လဲသူက ဆက်ပြောပါတယ်။


အစောပိုင်းမှာ ရှပ်နီခေါင်းဆောင်တွေဟာ ၀မ်းနည်းခြင်းကြီးစွာနဲ့ စိတ်ဓါတ်တက် ကြွနေတဲ့ လူအုပ်ကြီး ကို အသိပေးခဲ့ ပြီးပါပြီ။ အမျိုး သမီးတွေနဲ့ ကလေးငယ်တွေအများကြီးပါတဲ့ လူအုပ်ကြီးကို "မင်းတို့ခံစား နေရတာ ငါသိပါတယ်.. ငါတို့ထဲ ကတချို့မှာလဲ ပြောစရာစကား ကို မကျန်တော့ပါဘူး.. ဒါပေမယ့် ငါတို့ အားလုံး အကျ အဆုံး တွေကို ထပ်မမြင်လိုတော့ဘူး" လို့ ရှပ်နီခေါင်းဆောင်တဦးဖြစ်တဲ့ ဂျတုပွန်ပရွန်ပန် (Jatuporn Prompan) ကပြောပါတယ်။

"စစ်တပ်တက်လာရင် မင်းတို့တွေ အထိနာကြတော့မယ်.. ဒါကိုကြည့်နေဖို့ ငါတို့မှာ စွမ်းအား မရှိတော့လို့ပါ.."

"ငါတို့ ဒီအရေးတော်ပုံကြီးကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါပြီ.." လို့ နတ္တ၀တ်ဆိုက်ကွား က သပိတ်စခန်း စင်မြင့်ကြီးပေါ်မှာ မိန့်ခွန်းခြွေခဲ့တာပါ..။

"ဒါဟာ လက်ခံနိုင်စရာ မရှိဘူး ဆိုတာသိပါတယ်.. မင်းတို့ မကြားချင်တဲ့ စကားဆိုတာလဲ သိပါတယ်..။ ဒါပေမယ့် ဒီ ရက်စက်မှူ ကို ငါတို့ ဘယ်လိုမှ ထိမ်းမထားနိုင်တော့လို့ပါ..။"

"ငါတို့ရဲ့ လွတ်လပ်မှူ ကို ငါတို့ ရဲ့ အသက်လုံခြုံ မှုနဲ့ လဲလိုက်ရတော့ မယ်..."

"ငါတို့ အကောင်းဆုံး ကြိုးစားခဲ့ကြ ပြီးပြီ ပဲ..."


Source by : New - AFP
သတင်းဘာသာပြန်ပေးပို့သူ - သတင်းထောက်009 အားကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ရေရှားပါမှု ပြဿနာ နေရာ အနှံ့အပြား ဖြစ်ပေါ်နေ

ကာတွန်း ဟန်လေး
ယခု အခါ ရေရှားပါးမှု ပြဿနာမှာ မြန်မာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပေါ် နေပါသည်။ ထို့အတူပဲ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များ ကျေးရွာ များနှင့် ပဲခူးတိုင်း အတွင်းရှိ ကျေးရွာ အနှံ့အပြား တွင်လည်း အဆိုပါ ပြဿနာများ ဖြစ်ပေါ် နေပါသည်။ အဓိက အခက်ခဲမှာ သောက်သုံးရေ ဖြစ်သည်။ သောက်သုံးရေ ပြတ်လတ်မှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ရောဂါဘယတွေ ထူထပ် များပြား လာနိုင်ပါသည်။ ကြောက်စရာ အကောင်းဆုံးမှာ ဝမ်း ရောဂါ ဖြစ်သည်။ ဒီ ပို့စ်လေးကို ရေးဖြစ်သွားတာ ကလည်း အဖြစ်ပျက်လေး တစ်ခုကြောင့်ပါ။

လွန်ခဲ့တဲ့ တစ်လခန့်က ရေအလှူ လာခံသော မိသားစု တစ်စုကြောင့် ဖြစ်သည်။ ပေရေ ညစ်ပွ နေသော ကလေး နှစ်ယောက်ကို လက်က ဆွဲပြီး မျက်ရည် လည်ရွှဲ နဲ့ ရေဒုက္ခ ရောက်နေကြောင်းကို ပြောစဉ်က ကျွန်တော် အဲဒီလောက် ထင်မထား မိခဲ့ပေ။ နိုင်သလောက်လေး အလှူငွေ လှူခဲ့ပြီး မေ့မေ့ ပျောက်ပျောက်နှင့် နေလာခဲ့ရာ တစ်နေ့ ပုံမှန် ရေသန့် ယူနေကြ သောက်ရေသန့် လာပို့သော လူငယ် တစ်ဦးနှင့် စကား စပ်မိရာမှ ကုလားဝဲ ရွာနှင့် ရွာနီးချုပ်စပ် တို့၏ ဒုက္ခ အစုံစုံကို ကြားသိ လိုက်ရသည်။ အဆိုပါ သောက်ရေသန့်မှလည်း ပြင်ပ ရောင်းဈေးထက် လျော့ယူပြီး ရေ လှူချင် သူများကို ကူညီနေ လျက်ရှိရာ နေ့စဉ် ရေသန့်ဗူး ငါးဆယ် ဝန်းကျင်ကို အားတက် သရော သွားလှူ ဖြစ်နေခဲ့သည်။ နေရာ အနှံ့အပြားတွင် ဖြစ်နေသော ရေ အခက်ခဲသည် ယခုအခါ သတိပြုစရာ ဖြစ်လာပါပြီ။

ဒါကြောင့် ရေအကျိုး ဆယ်ပါး ဆိုတာ နောက်ထား ရေအသက် တစ် မနက် ဆိုတာကို ပဲ အဓိက ထားပြီး ကူညီရန် အတွက် နီးစပ် ရာ ရေဒုက္ခ သည် ရွာသို့ ကျွန်တော် ကွင်းဆင်း ကြည့်ရှုရန် သူငယ်ချင်းများအား တိုင်ပင် လိုက်ရာ ချက်ခြင်းပင် မိတ်ဆွေ တစ်ဦး မှ သူ့ Taxi ဖြင့် လိုက်ပို့ပေးမည် ဆိုသောကြောင့် အဆင်ပြေ သွားသည်။ (အဆိုပါ မိတ်ဆွေသည် ရေဒုက္ခ ကို မျက်မြင်ကိုယ်တွေ့ မြင်မိရာမှ သဒ္ဒါ ပေါက်သွားပြီး ငွေကျပ် ငါး ထောင် လှူဒါန်း သွားပါသည်)

ကျွန်တော် ကွင်းဆင်း ကြည့်မိသော ရွာမှာ သကေတ တိုင်းရင်းသားကျေးရွာမှ ဆက်သွားလျှင် ယုဇန ဥယျာဉ်မြို့တော် အကျော် ပဲခူးမြစ်လမ်း အဆုံးက ပဲခူး တံတားကြီး၏ တစ်ဘက် ခြမ်း၌ တည်ရှိသော ကုလားဝဲ ရွာပင်ဖြစ်သည်။ရွာတွင် အိမ်ခြေ လေးရာ့ ရှစ်ဆယ်ကျော် ရှိပြီး ရွာလူကြီးမှာ ဦးစိန်မောင်ဆင့် ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း အဆိုပါ ဒုက္ခမျိုးကို မကြုံဖူးပဲ ယခု နှစ်တွင်မှ အခက်ခဲ ဖြစ်သွားကြောင်း သိရသည်။ ကုလားဝဲ ရွာအထိ ကားလမ်းပေါက်ပြီး တခြား ရွာနီး ချုပ်ဆက် များသို့ လှည်းလမ်း ကနေ ထော်လာဂျီနှင့် သွားမှရောက်ကြောင်း အဆိုပါ ရွာများသို့ ကုလားဝဲ အထိ လာလှူ ထားသော သုံးရေ သောက်ရေ များအား ပြန်လည် ခွဲဝေ ပေးနေကြောင်း သို့သော်လည်း လုံလောက်မှု မရှိသေးကြောင်း အလှူရှင် များလည်း စဉ်ဆက် မပြက် လာရောက် လှူဒါန်းလျှက် ရှိကြောင်း သိရှိရသည်။ ညောင်လေးပင်ရွာ၊ ထော်သွန်ရွာ ၊ လက်ပံ ရွာ၊ သပြေကန်ရုံးရွာ၊ သပြေမရွာတို့ ရှိကြပြီး အိမ်ခြေ (300) ဝန်းကျင်ခန့် ရှိကြသည်။ အဆိုပါ ရွာများတွင် ပိုမို ဒုက္ခ ရောက်နေသည်ပာု ရွာလူကြီးမှ ရှင်းပြ ပါသည်။ ကုလားဝဲကို အခြေတည်ပြီး ပဲ ပို့ပေးနိုင်သောကြောင့် အခြား ရွာများမှာ လုံလောက်အောင် မရနိုင်သေးပါ။ အခြားရွာများသို့ပါ ဆင်းပြီး လှူဒါန်း နိုင်မည် ဆိုလျင် ပိုမို အဆင်ပြေ နိုင်ပါသည်။

လှူစေချင်သူ ၁ ဦး
.........................
ထပ်ဆင့် မေတ္တာရပ်ခံ နှိုးဆော် အပ်ပါသည်

အားလုံးလည်း ဖောက်ပြန် နေတဲ့ ရာသီဥတု၊ အထူးသဖြင့် တစ်နေကုန် နေ့ရောညပါ တရှိန်းရှိန်း တောက်လောင် နေတဲ့ အပူဒဏ်ကို ခံစားနေရတယ် မဟုတ်ပါလားဗျာ။ စင်္ကာပူမှာ အလုပ်လုပ် နေရတဲ့ ညီအကို မောင်နှမတွေ အနေနဲ့တော့ အပူဒဏ်ကို နည်းအမျိုးမျိုး သုံးပြီး ရှောင်ရှားလို့ ရနိုင်ပါသေးတယ်။ ရာသီဥတု ပူလာတာနဲ့ အမျှ ခန္ဓာကိုယ်က ချွေးတပြိုက်ပြိုက် ထွက်ပြီး ကိုယ်တွင်းက ရေဓါတ်တွေ ဆုံးရှူံးကြရတယ်။ ဒီလို ဆုံးရှူံးသွားတဲ့ ရေဓါတ်ကို ပြင်ပကနေ ရေ နှင့် အရည် တစ်မျိုးမျိုး သောက်သုံးပေးခြင်း အားဖြင့် ကိုယ့်တွင်း ရေဓါတ် ခမ်းခြောက်လာမှုနှင့် ခန္ဓာကိုယ် အပူဒဏ် လွန်ကဲနေမှုကို ပြေပျောက် စေတယ်။

ကဲ..... ကြည့်ကြည့် ကြစမ်းပါ။ အမိမြေက မောင်နှမ သားချင်းတွေ အဘယ်သို့ ရှိပါ့။ တောင်ကပြုန်း၊ တောင်က ဂတုံးနဲ့ ခြစ်ခြစ်တောက် ပူတဲ့နေ။ ဒီလို ပူပြင်း ခြောက်သွေ့လာတာနဲ့ အမျှ ချောင်း၊ မြောင်း၊ အင်းအိုင်တွေ ခမ်းခြောက်လာပြီး ရေရရှိဖို့တောင် အခက်အခဲ ဖြစ်နေကြရပါပြီ။ ငါ့တို့တွေ သူတို့တွေ အတွက် ဘာလုပ် ပေးကြမှာလဲ။ သူတို့ အလိုအပ်ဆုံးက “ရေ“။ ဒီ “ရေ” စီးစေဖို့.......သူငယ်ချင်း! မင်းတတ်နိုင် သလောက် အလှူငွေလေး ထည့်ဝင်စေချင်တယ်ကွာ။

ခင်မင်ရင်းနှီးစွာဖြင့်
Lotus Foundation ( Singapore )

အောက်ပါ အဖွဲ့ဝင်များထံ စုံစမ်း လှူဒါန်း နိုင်ပါတယ်။
  • ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
  • ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
  • ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
  • ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
  • မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://www.khitpyaing.org/index.php?route=detail&id=654

ဒီစာစုလေးကို ဖတ်ကြည့်ပြီး၊ သင် ကိုယ်တိုင်သော် လည်းကောင်း၊ သင့် သူငယ်ချင်း မိတ်ဆွေ တစ်ဦးဦးသော် လည်းကောင်း၊ ကျွန်ုပ် တို့်အတွက် အကူအညီ တစ်ခုခု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ၂၀၁၀ ခုနှစ်ရဲ့ ထူးခြားတဲ့ အပူပြင်းဆုံး နေရောင်ခြည် အောက်မှာ ကျွန်ုပ်တို့ အားလုံး အလူးအလဲ ခံစားနေကြ ရပါတယ်၊ ကျွန်ုပ်တို့ အတွက် အရိပ် အာဝါသ ကောင်းကောင်း ပေးခဲ့ကြတဲ့ သက်ရှည် သစ်ပင်ကြီး များဟာလည်း နာဂစ် အိမ်မက်ဆိုး အောက်မှာ အလဲလဲ အပြိုပြို ဖြစ်ခဲ့ကြပါတယ်၊ အခုချိန်မှာ နာဂစ် အဓိက ပစ်မှတ် ထားခံခဲ့ရတဲ့ ဒေသ တစ်ချို့မှာ သောက်သုံးရေ ရှားပါးခြင်း ဒဏ်ကို ခါးဆီး ခံနေကြရ ပါတယ်။ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်း အနီးရှိ အလယ်ကျွန်း ကျေးရွာနှင့် ဒီးဒူးကုန်း ကျေးရွာ များမှာ ရေရှားပါးခြင်း ဒဏ်ကို ခံနေကြရပ်ပြီ။ ရေတစ်ထမ်း ရဖို့ နှစ်မိုင် ခရီးကို နေရောင်ခြည် ပြင်းပြင်း အောက်မှာ အမောတကော သယ်ယူ နေရပါတယ်။ ခက်ခက်ခဲခဲ ရရှိလာတဲ့ ရေတစ်ထမ်း ဟာလည်း အငန်ဓါတ် မကင်းနိုင်လို့ သောက်သုံးဖို့ အခက်တွေ့ နေကြပါတယ်။ မိတ်ဆွေတို့ရဲ့ပိုလျှံနေတဲ့ ငွေတစ်ချို့ဟာ လူပေါင်း များစွာရဲ့အသက်ကို ဆက်ပေးနိုင်မယ့် အခွင့်အရေး ကောင်းပါ။ ဒုက္ခရောက်သူကို ကူညီလေ့ ရှိတာ မြန်မာ လူမျိုးတို့ရဲ့ ပင်ကို စိတ်ရင်းပါ။ မိတ်ဆွေတို့ရဲ့ ပင်ကို စိတ်ရင်းကို လှစ်ဟာပြဖို့ အချိန်တန်ပါပြီ။ ကျွန်တော်တို့ အားလုံးက မိတ်ဆွေတွေရဲ့ ကမ်းလင့်မယ့် လက်တစ်စုံကို မျှော်လင့် နေပါတယ်။ ကျွန်ုပ်တို့ရဲ့ ရေကြည် တစ်ပေါက်နဲ့ ဒုက္ခ ရောက်နေတဲ့ လူပေါင်းများစွာကို အသက်ဆက် ပေးကြပါစို့လား မိတ်ဆွေ !!!!!!!!!!!!!!!!!!

ဆက်သွယ်ရန် -
ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇)

အင်းလေး ဖောင်တော်ဦး ဘုရား ၀န်းကျင် ရေများ ခန်းခြောက်

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်

2009 အင်းလေး

2010 အင်းလေး

2010 အင်းလေး

နအဖ ကြောက်တဲ့ အလှူခံ ပုံးထဲက ငြိမ်းချမ်းရေး စတစ်ကာများ..

အမေရိကန်နိုင်ငံသား Mr.Garrett Kostinရဲ့ မြန်မာ ပြည်တွင်းမှ ငြိမ်းချမ်းရေး စတစ်ကာများ


We all appreciate your great efforts for peace, human rights and justice in our mother land.
Bloom with Success!!! A Job Well Done, Mr. Garrett!!!

ပြီးခဲ့တဲ့မေလ (၃)ရက်နေ့က မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး စတစ်ကာများ လိုက်လံ ကပ်ခဲ့မှုကြောင့် မြန်မာ စစ်အစိုးရမှ ဗီဇာရက် သက်တမ်း မပြည့်ခင် အတင်းအကြပ် ပြန်ပို့ခြင်း ခံရတဲ့ Mr.Garrett Kostinရဲ့ မြန်မာပြည်တွင်းက မှတ်တမ်း ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြ လိုက်ပါတယ်။ ပရိတ်၊ ပဋ္ဌာန်းတရားကို မကောင်း ဆိုးဝါးတွေ နားမခံနိုင်၊ ကြောက်ရွံ့သလို.... မြန်မာပြည် အမြန် ငြိမ်းချမ်းပါစေ(Peace In Burma Now) ဆိုတဲ့ စာလေး လေးငါးလုံးကို ကြောက်နေတဲ့ နအဖပါ။

မေမြို့ စစ်တက္ကသိုလ်ရှေ့ အထိ သွားရောက် ကပ်ခဲ့ပြီး မကြာခင်မှာပဲ ထောက်လှမ်းရေးတွေ လာရောက် ဖယ်ရှား သွားကြောင်း ပြောပြပါတယ်..။ မန္တလေး လေဆိပ်၊ လ.ဝ.က စားပွဲခုံတွေနဲ့ လေယာဉ်ပျံ ထိုင်ခုံတွေမှာလည်း ပြန်ပို့တဲ့ အထိ ရအောင် ကပ်ခဲ့တဲ့ Mr. Garrettပါ။ သူ့သတင်းတွေ ဘလော့တွေမှာ ဖော်ပြပေးတဲ့ အတွက် မြန်မာလို မဖတ်တတ် ပေမယ့် ကြည့်ခွင့် ရတဲ့ အတွက် ကျေးဇူတင်ကြောင်း ပြောဆို သွားပါတယ်။ Mr. Garrett နဲ့ မေးမြန်း ဆက်သွယ်ချက်ကို ဆက်လက် ဖော်ပြပါမည်။
သတင်း ဒီမိုဝေယံမှ (ကျေးဇူးပါ)

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီး တွင် အရေးပေါ် တက်ရောက် ဆေးကုသခံရ

ဟိန်းခိုင်ထွန်း | ယနေ့ တနင်္ဂနွေ နေ့ည မြန်မာ စံတော်ချိန် ၉း၂၀ အချိန် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် ဆေးရုံကြီးသို့ အရေးပေါ် ၄၅ မိနစ်ခန့် တက်ရောက် ကုသခံလိုက်ရသည်ဟု သတင်း ရရှိသည်။

သူမ၏ စိုးရမ်ဖွယ်ရာ နှလုံးရောဂါ အခြေအနေကြောင့် ဆေးရုံသို့ တက်ရောက် ကုသခံရခြင်း ဖြစ်သည် ဟု ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေ တစ်ဦး ဖြစ်သူ ဦးဉာဏ်ဝင်းက အေအက်(ဖ)ပီ သတင်းဌာနကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရေဓာတ် ခမ်းခြောက်သည့် ရောဂါလည်း ရှိပြီး သူမ၏ နှလုံး အခြေအနေမှာလည်း စိုးရိမ် ဖွယ်ရာ ဖြစ်သည် ဟု ရန်ကုန် မှာ လာသည့် အေပီ သတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အစာအိမ် ရောဂါ လည်းရှိကာ ယခင် သီတင်းပတ် အတွင်း သူမ၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်း နှင့် နှစ်ကြိမ် ကုသခံခဲ့ရသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့ က ဒုတိယ အကြိမ် တွင် မူ ECG စက်များပါ သယ်ဆောင် သွားရသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ်သို့ ည ၁၀ နာရီ မိနစ် ၂၀ တွင် ပြန်လည် ရောက်ရှိသည်။ သူမ အား လုံခြုံရေး အစောင့်အကျပ် ထူထပ်စွာဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ဆေးရုံကြီးရှိ နှလုံး အထူးကုဌာနတွင် တက်ရောက် ကုသခံနေစဉ် အချိန်တွင်း လည်း လုံခြုံရေးများ ထူထပ်စွာ ချထားသည် ဟု မျက်မြင် တွေ့ရှိသူ ဆရာဝန် ကြီး တစ်ဦးက Freedom News Group သို့ပြောသည်။

source by : FREEDOM NEWS GROUP

ပန်းပဲတန်းမြို့နယ် လမ်း၃၀မှာ ၃ ထပ်တိုက်ပြိုကျ

မိုးမခ အထောက်တော် | ယနေ့ ညနေ ၄နာရီက အမှတ် ၆၃၆ ကုန်သည်လမ်းနှင့် လမ်း ၃၀ထောင့်ရှိ ၃ ထပ်တိုက်တလုံး ရုတ်တရက်ပြိုကျမှု ဖြစ်ပွားရာ အဆိုပါတိုက်တွင် နေထိုင်သူအချို့ အပျက်အစီးများအကြား ပိတ်မိလျက် ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များက ရှင်းလင်းဖယ်ထုတ်လျက် ရှိသည်။

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

အဆိုပါ အနီးနားတွင် ဈေးရောင်းနေသူ တဦးက “ဒီအဆောက်အဦက လွန်ခဲ့တဲ့ ၄လ လောက်ကတည်းက အန္တရာယ်ရှိ အဆောက်အဦ လို့ဆိုင်းဘုတ်လာကပ်သွားတယ်။ ဒါပေမယ့် အဲဒီမှာ နေတဲ့သူတွေက မပြောင်းကြသေးတာ၊ အခုညနေ ၄နာရီက ရုတ်တရက်ပြိုကျတာ၊ အုတ်အမှုန့်တွေ ဒီအထိတောင် ရောက်တယ်။ အထဲမှာ လူဘယ်နှစ်ယောက် ရှိနေလဲတော့ ကျွန်တော်လည်း မသိဘူး” ဟု ပြိုကျသည့် တိုက်နှင့် မျက်စောင်းထိုးတွင် အအေးရောင်းသူ ကပြောသည်။

အဆိုပါ ၃ ထပ်တိုက်၏ မျက်နှာစာ တခြမ်းလုံး ပြိုကျသွားခြင်းဖြစ်ပြီး အထပ်တိုင်း၏ ကြမ်းခင်း သံတန်းများမှာ ကွေးကောက်လျက် ရှိသည်ကို တွေ့ရသည်။ ကွန်ကရစ် အခင်းအဆောက်အဦဖြစ်ပြီး အထက်ထပ် ၃ထပ်စလုံး ပြိုကျသည့် အပျက်အစီးများမှာ မြေညီထပ်တွင် ၈ပေ အမြင့်အထိ စုပုံလျက်ရှိနေပြီး အဆိုပါ အုတ်ကျိုးများနှင့် အုတ်အပိုင်းအစများ အကြား နေထိုင်သူများ ပိတ်မိနေခြင်း ဖြစ်သည်။

အဆိုပါ အပျက်အစီးများအား မီးသတ်၊ အရန် မီးသတ်တို့နှင့် ရပ်ကွက် နေထိုင်သူ အချို့တို့က လက်ဖြင့်သော် လည်းကောင်း၊ ကရိန်းကား အလတ်စားဖြင့် သော်လည်းကောင်း ဖယ်ရှားလျက်ရှိသည်ကို ပြိုကျပြီး ၁နာရီကျော် အကြာ တွင်တွေ့မြင်ရသည်။ အဆိုပါ နှုန်းထားဖြင့် အပျက်အစီးများအား ဖယ်ရှားနေပါက နောက်ထပ် နာရီအနည်းငယ်ကြာ နိုင်ပြီး ပိတ်မိနေသည့် သူများ အသက် ချမ်းသာရ ရဖို့အခွင့် အလမ်းနည်းပါးသွားနိုင် သည်ဟု ရပ်ကွက်နေသူ တဦးကပြောသည်။

အနီးနားနေသူ တဦးက “ အထဲမှာ မိန်းကလေး တယောက်ပိတ်မိနေတယ်။ လက်ကိုင်ဖုန်းနဲ့ အပြင်ကို နှစ်ကြိမ်ဆက်တယ်။ ပြိုပြီးခါစက သူ အပျက်အစီးအောက်မှာ ပိတ်မိနေတယ်ဆိုတာ နောက်တော့ ထပ်မဆက်တော့ဘူး။” လမ်း ၃၀ တွင်နေထိုင်သူ အခြားတဦးကမူ “ တိုက်ပြိုကျတာ တီဗီထဲမှာ တွေ့ရတဲ့ ဝေါလ် ထရိတ်စင်တာ ကျနေတာပဲ၊ ဖုန်လုံးတွေ ထပြီး ရုတ်တရက် ပြိုကျသွားတာ” ဟုပြောသည်။

ရန်ကုန်မြို့တွင် ကိုလိုနီခေတ် အဆောက်အဦ ထောင်ဂဏန်းနှင့်ချီ ရှိနေသေးပြီး အခါအားလျော်စွာ မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စစ်ဆေးကာ အန္တရာယ်ရှိ အဆောက်အဦ အဖြစ်သတ်မှတ်ပြီး ဖြိုဖျက်ကာ အသစ်ပြန်ဆောက် စေသော်လည်း နေထိုင်သူများက သက်ဆိုင်ရာကို လာဘ်များပေးကာ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်း မပြုပဲ နေထိုင်သည့် အဖြစ်အပျက် များလည်း ရှိသည်ဟု ရန်ကုန်မြို့ခံများကပြောသည်။

နောက်ဆက်တွဲ သတင်းအရ

လမ်း ၃၀ မှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဆောက်အအုံ ပြိုကျအပြီး မြင်ကွင်း(ဓာတ်ပုံ - မိုးမခ)

အပျက်အစီး အောက်တွင် ပိတ်မိနေသည့် အသက် ၁၆နှစ် အရွယ် မိန်းကလေးကို ည ၁၀နာရီခွဲတွင် ထုတ်ယူနိုင်ခဲ့သော်လည်း အသက်သေဆုံးနေကြောင်း တွေ့ရသည်။

ထိုမိန်းကလေးသည် ယခုတိုက်ပြိုကျသည့် ဖြစ်ရပ်တွင် တဦးတည်းသော သေဆုံးသွားသူဖြစ်သည။ ည ၇နာရီခွဲ ၀န်းကျင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် အပေါ်ထပ်မှ ပြတင်းပေါ က်ဘောင်များ ပြုတ်ကျသဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာအနည်းငယ် ရရှိသွားသည်ဟု ဆိုသည်။

ယခုအဖြစ်အပျက်ကြောင့် ရန်ကုန်မြို့မှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသည့် အဆောက်အအုံများတွင် နေထိုင်သူတို့ ထိတ်လန့် စိုးရိမ်ပြီး နေရာပြောင်းရွှေ့လာဖွယ်ရှိသည်ဟု ဒေသခံများကြားတွင် ပြောဆိုနေကြသည်။

source by : မိုးမခ

အထူးသတင်းနှင့် အထူးကြေငြာချက်

လေးစား အပ်ပါသော ရဟန်းရှင်လူ ကျောင်းသား တပ်မတော် ပြည်သူ အပေါင်းတို့ ခင်ဗျား…

ယခု အချိန်အခါတွင် ကျွန်ုပ်တို့ မြန်မာ နိုင်ငံတော်ကြီးသည် အဆိုးဝါးဆုံး၊ အကြပ်တည်းဆုံး၊ အခက်အခဲဆုံးနှင့် အပြင်းထန်ဆုံးသော နိုင်ငံရေး စိန်ခေါ်မှု တစ်ခုကို စတင် လိုက်ပါပြီ။ နအဖ စစ်မိစ္ဆာကောင် သန်းရွှေ အုပ်စုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့ နိုင်ငံရေးထဲမှ အပြီးပိုင် ဖယ်ထုတ်ရှင်းလင်းဖို့ လုပ်ဆောင် လိုက်ရုံမက ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူ လူထု တစ်ရပ်လုံး တစ်ခဲနက် မဲပေးထောက်ခံခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ အပြတ်ရှင်းဖို့ အချက်ပေး ခေါင်းလောင်း ထိုးလိုက်ပြီ ဖြစ်သည်။

ထိုတွင်မက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို အပြတ်ရှင်းလင်းရန် လုပ်ဆောင် တော့မည်ဟု ကြပ်ပြေး စစ်အထူး သတင်း ရပ်ကွက်မှ သိရှိရပါသည်။ သန်းရွှေ အုပ်စုသည် အကြံ ပက်စက်ရုံမက ကမ္ဘာ့ အယုတ်မာဆုံး လူသား အဖြစ် အာဏာ တည်မြဲရေး အတွက် ဘာမဆို လုပ်ဆောင်ဝံ့သူ အဖြစ် ထင်ရှားကျော်ကြားခဲ့သည်မှာ အထူး ပြောစရာ မလိုတော့ပေ။ တိုင်းပြည်၏ သေရေး ရှင်ရေးတစ်မျှ အရေးကြီးနေသော ယခု အချိန်အခါတွင် ရဟန်းရှင်လူ ပြည်သူလူထု၏ စုပေါင်းညီညွတ်မှု အားသည်သာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ထွက်ပေါက် လမ်းကြောင်း ဖြစ်သည်ကို သဘောပေါက်ဖို့လိုအပ်နေပါပြီ။

ကျွန်ုပ်တို့ ယုံကြည်ကိုးစား အားထားရုံမျှမက တစ်ကမ္ဘာလုံးကပါ လေးစား ဂုဏ်ယူရသည့် သားကောင်းရတနာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ၊ အနှစ်(၂၀) လုံးလုံး ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်းပြည် အတွက် ပေးဆပ်ခဲ့ကြသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်ကြီးများ၏ အသက် အန္တရာယ်မှာ အစိုးရိမ်ရဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ပြည်သူ့ ဘုံရန်သူ နအဖသည် ကြူငုတ်စစ်ဆင်ရေး ဟု အမည်ပေးထားသော အပြတ်ရှင်းစနစ်ကို စတင် အကောင်အထည် ဖော်ဆောင် နေပြီ ဖြစ်ပါသည်။ သို့ပါ၍ ရဟန်းရှင် လူပြည်သူ လူထုနှင့် မျိုးချစ် တပ်မတော်သား အားလုံး အနာဂတ် မြန်မာပြည် သူရဲကောင်းများ လက်လွတ် အဆုံးရှုံး မခံရစေရေး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ စုပေါင်းညီညွတ်စွာ နအဖ စစ်အာဏာရူး လူတစ်စုအား အမြစ်ပါ မကျန် စုပေါင်း တော်လှန်ကြပါရန် အထူး တိုက်တွန်း နိုးဆော် လိုက်ပါသည်။ မိမိတို့ သွေးသောက် တော်လှန်ရေး ကျောင်းသား ရဲဘော်များ အနေဖြင့် ရရာ လက်နက် စွဲကိုင်ကာ ရသည့်နည်းဖြင့် နအဖ စစ်အာဏာရူး လူတစ်စုအား အသေခံ တိုက်ပွဲဝင် တော်လှန် တော့မည် ဖြစ်ပါကြောင်း စစ်ကြေငြာ သတိပေး အပ်ပါသည်။

သွေးသောက် တော်လှန်ရေး ကျောင်းသားရဲဘော်များ
(အောက်ဗမာပြည်)


source by : လွင်ပြင်ကြီး

ရွေးကောက်ပွဲ ဥပဒေသစ်

ရွေးကောက်ပွဲ ဥပဒေ ကြေညာပြီ

ဟိန်းခိုင်ထွန်း | ယနေ့ ညနေ လေးနာရီ အချိန် တွင် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ဥပဒေကို ကြေညာ လိုက်ပြီ ဖြစ်သည်။ထိုရွေးကောက်ပွဲ ဥပဒေ အသေးစိတ် ကို မနက်ဖြန် တွင်ထွက်ရှိမည့် သတင်းစာ တွင် ဖော်ပြပေးသွားမည် ဟု ဆိုသည်။ ရွေးကောက်ပွဲ အတွက် ဥပဒေ အသေးစိတ် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီး လွှတ်တော် များမှာ အင်္ဂါနေ့ ထုတ်ဝေသည့် သတင်းစာများတွင် ပါရှိမည် ဖြစ်သည်။

မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည် ကို ထည့်သွင်း ပြောကြား သွားခြင်း မရှိချေ။

ယခုနှစ် ထဲတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုပါက နိုင်ငံရေး ပါတီများ၏ စည်းရုံး လှုံဆော်ခွင့်သည် အချိန် ခုနှစ် လ ခန့်သာ ရရှိ တော့မည်ဖြစ်သည်။

ရွေးကောက်ပွဲ ၀င်ရောက်ရန် ပြင်ဆင် နေသူ တစ်ဦးက ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေသည် နှစ်ရှည်လများ စောင့်ကြည့် ခဲ့ရ၍ မနက်ဖြန် ဘာပါလာမလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ရှိတော့ သည်ဟု ဆိုသည်။

source by : FREEDOM NEWS GROUP

တနာရီ မိုင် ၁၂၀ အထိ ရှိသော လေပြင်း တိုက်ခိုက်နိုင်

ဖနိဒါ | ချင်းမိုင်(မဇ္ဈိမ) ။ ။ ယခုမှသည် ဧပြီလကုန် ကာလ အတွင်း တနာရီ မိုင် ၁၂ဝ နှုန်း အထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒသဌာနက သတိပေးထားသည်။

အဓိက အားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အထက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် အတွင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် နေရာမရွေး လေဆင်နှာမောင်း တိုက်ခတ်ကာ အချို့ နေရာများတွင် မိုးကြီးခြင်း၊ မိုးသီး ကြွေခြင်းများဖြစ်နိုင်သည်ဟု နေပြည်တော်ရှိ ဇလဗေဒဌာနက ပြောသည်။

“လေတိုက်နှုန်းက ပြင်းတယ်။ နေရာကျဉ်းတယ်။ အချိန်တိုတိုလေး။ လေတိုက်နှုန်းက တနာရီမှာ ၁၂ဝ မိုင်တိုက်နိုင်မယ်။ ၃ဝ မိနစ် လောက်ကြာမယ်၊ ဧရိယာက အနံအားဖြင့် တမိုင်ခွဲ။ အရှည်အားဖြင့် ၅ မိုင်မှ ၁ဝ မိုင် အဲဒီ အတွင်းဖြစ်မယ်”ဟု အဆင့်မြင့် အရာထမ်း တဦးက မဇ္ဈိမသို့ ပြောသည်။

ယခု အချိန်၌ မြန်မာ နိုင်ငံတောင်ပိုင်းတွင် ဖြစ်မြဲထက်ပို၍ အပူချိန်များနေပြီး မြောက်ပိုင်းတွင်မူ ဖြစ်မြဲထက် ပို၍ လျော့နေသည်။

“ ဧပြီလကုန် အထိ မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာကနေ တဆင့် လေပြင်းတိုက်၊ မိုးသီးကြွေတာတို့၊ မိုးသီးထန်တာတို့ နေရာကွက်၍ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ General (ယေဘူယ) ခန့်မှန်းထားတယ်” ဟု သူက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ် ခရီးသွားလာနေသည့် သဘောင်္များ၊ ရေယာဉ်များ အတွက် သက်ဆိုက်ရာ ဌာနများသို့ သတိပေးထားပြီး ဖြစ်ကြောင်းနှင့် မိုးလေဝသ သတင်းကို အာရုံစိုက် နားထောင်သင့်သည်ဟု ပြောသည်။

မုန်တိုင်း တိုက်ခတ်လာသည့် လမ်းကြောင်း အောက်တွင် ရောက်ရှိလျှင် သစ်ပင်များ အမြစ်ပါမကျန် လဲပြိုခြင်း၊ အိမ်ခေါင်မိုး လှန်သွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၁၉၇၉ ခုနှစ်က တည်ဆောက် ထားခဲ့သော မိုးတိမ်တောင်ကြီးများကို ခြေရာခံနိုင်သည့် ကိရိယာမှာ ၂ဝဝ၄ ခုနှစ်တွင် ပျက်ဆီးခဲ့ပြီဖြစ်၍ စိုက်ဆင်း လေပြင်း ကျရောက်မည် မကျရောက်ဘူး ဆိုသည်ကို မိုးဇလ အနေဖြင့် ခန့်မှန်းရ ခက်ခဲသည်ဟု ဝန်ထမ်းများက ဝန်ခံပြောကြားသည်။

source by : မဇ္ဈိမ

ကျုံးကြီး လမ်းထိပ် မီးလောင်မှု ဖြစ်ပွား

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။
၂၄လမ်းနှင့် ရွှေတိဂုံ ဘုရား လမ်းထိပ် သိမ်ကြီးဈေး ပထမထပ် ။ ကျုံးကြီး လမ်းမပေါ် ၌ ယနေ့ ၁-၃-၂၀၁၀ ညနေ ၆ နာရီတွင် မီးလောင်မှု ဖြစ်ပွား...

မျိုးသိဏ်း | ရန်ကုန် (မဇ္ဈိမ)။ ။ လသာ မြို့နယ်ရှိ သိမ်ကြီးဈေး Dရုံတွင် မီးလောင်ကျွမ်းမှုတခု ယနေ့ညနေ ၆ နာရီ ၁၀ မိနစ်အချိန်က ဖြစ်ပွားခဲ့ပြီး လောင်ကျွမ်းချိန် မိနစ် လေးဆယ်ခန့် ရှိကြောင်း သိရသည်။

လသာမြို့နယ် ရွှေတိဂုံ ဘုရားလမ်းနှင့် ၂၄ လမ်းကြား အနော်ရထာ လမ်းဘက် အခြမ်း သိမ်ကြီးဈေး Dရုံ၏ ပထမထပ်ရှိ စားသောက်ဆိုင် တန်းများမှ စတင် လောင်ကျွမ်း ခဲ့ခြင်း ဖြစ်သည်။

အခင်း ဖြစ်ပွားရာသို့ ရန်ကုန်တိုင်း ဗဟို မီးသတ် တပ်ဖွဲ့နှင့် အခြား မြို့နယ် မီးသတ် တပ်ဖွဲ့များမှ စုစုပေါင်း မီးသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၄)စီး၊ ကွပ်ကဲမှု ယာဉ်တစီး တို့ဖြင့် လာရောက် ငြိမ်းသတ်ခဲ့ရာ ည ၆ နာရီ ၅၀ မိနစ် အချိန်တွင် လုံးဝ မီးငြိမ်း သွားခဲ့သည်။

မီးစတင် လောင်ကျွမ်းသည့် စားသောက်ဆိုင်မှာ " ဝမ်ဖု" တရုတ် စားသောက်ဆိုင် ဖြစ်ပြီး ဆိုင်တာဝန်ခံ အမည်မှာ ဦးလှမျိုး (ခ) ဦးဝန်ဆင်း ဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုအား မီးဖိုမီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီးလောင်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ဦးဆောင်အရာရှိက ဆိုသည်။ ဆုံးရှုံးနစ်နာမှု တန်ဖိုးကို ခန့်မှန်း ပြောကြားရန်မူ ယင်းအရာရှိက ငြင်းဆိုသည်။

ဝိုင်းအုံ ကြည့်ရှုသူများမှာ အနော်ရထာ လမ်းမကြီး၊ ရွှေတိဂုံ ဘုရားလမ်း ဂုံးကျော်တံတား စသော နေရာများတွင် ပြည့်ကျပ် နေခဲ့သည်။

မီးသတ် တပ်ဖွဲ့မှ ယာဉ်အားလုံးမှာ အနော်ရထာ လမ်းမကြီးပေါ်တွင် နေရာယူပြီး ငြိမ်းသတ်ခဲ့ခြင်း ဖြစ်သည့် အပြင် ဝိုင်းအုံကြည့်ရှုနေသူ လူအများကြောင့် အနော်ရထာ လမ်းမကြီးအား မီးလောင်ကျွမ်းစဉ်မှ မီးငြိမ်း သတ်ပြီးသည် အထိ တနာရီနီးပါးမျှ ပိတ်ထားခဲ့ရသည်။

source by : မဇ္ဈိမ
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger