dailyvid


1234
x

Latest Post

မဖူးနိုင် မပွင့်နိုင်သော ပန်းကလေးများ­­­


ပန်းကလေးများပွင့်တော့မည်။

ဖူးတံဝင့်လို့ခြည်၊

နေခြည်မှာရွှေရည်လောင်း၊

ငါတို့စာသင်ကျောင်း။

အင်အားများစွာပါသော၊ အဓိပ္ပါယ်လေးနက်သော၊ လိုတိုရှင်းရေးဖွဲ့ခဲ့သော၊ ပျဉ်းမနား မောင်နီသင်း၏ ကျော်ကြားသောကဗျာတစ်ပုဒ်။ယနေ့ခေတ်ပညာရေး စနစ်တွင် ထိုပန်းကလေးများသည် ဖူးနိုင် ပွင့်နိုင်ပါမည်လော။

ကျွန်တော်တို့ငယ်စဉ်က ထိုကဗျာလေးအပါအ၀င် အခြား ကျောင်းသင်ခန်းစာတို့အား ပိတုန်းတို့ အော်မြည်သံပမာ သံပြိုင်ရွတ်ဆိုခဲ့ဖူးကြလေသည်။ ၎င်း ကဗျာလေး အတိုင်းပင် နောင်တစ်ချိန် ပွင့်လန်းလာမည့် အဖူးကလေးတွေဘ၀စတင်ပြီး အနာဂတ်တွင် လူတော်လူကောင်း အဖြစ်၊ပညာတက်တစ်ယောက်အဖြစ် စိတ်ကူးရှိခဲ့ကြသည်။

တစ်ခေတ်တစ်ခါကပညာတက် သူများကိုများစွာအထင်ကြီး၍ ပညာတက်လျှင် ရာထူး ရာခံ နှင့် အရာရှိတစ်ယောက်ဖြစ်မည်ဟု ယုံကြည်ထားကြလေသည်။ သို့သော် အရာရှိကြီး ဖြစ်မလာပဲ ဘွဲ့ရပါလျှက် ဆိုက်ကားသမား၊ ဈေးသည်၊ စပယ်ယာ စသည်တို့များပြား လာသော အခါ၌ကား ပညာတက်တော့ဘာဖြစ်လာမလဲ ဟူသော မေးခွန်းတစ်ခုပေါ်လာ သော အခါပညာ၏တန်ဘိုးကိုမသိသော မိဘတော်တော်များများ တို့သည် ပညာရေးကို အလေးမထားတော့ချေ။

အလားတူ လက်ရှိအစိုးရသည်လည်း နိုင်ငံတကာနှင့် သဟဇာတဖြစ်ရေးအတွက် နိုင်ငံတကာဖွံ့ဖြိုးမှုစီမံကိန်းများတွင် လက်ညိုးထောင် ခေါင်းညိမ့် လက်မှတ်ထိုး စတာတွေကို ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် စာမတက်သူပပျောက်ရေး စီမံကိန်းလည်း ပါဝင်ခဲ့သည်။ ထိုစီမံကိန်းအရ တိုင်းပြည်တွင် စာမတက်သူပပျောက်အောင် ပြုလုပ်ရပေလိမ့်မည်။ စာတက်အောင် သင်ပေးနိုင်သော ဆရာအင်အားလုံလောက်စွာ မရှိပါပဲ နှင့် ကလေးတို့ စာတက်သည်မတက်သည်ထား တစ်နှစ်တစ်တန်းသာ အတန်းမှန်မှန်တင်ပေးတော့သည်။ ထို “မအောင်မရှိငါ့တပည့်” စီမံကိန်းကြောင့် သုံးတန်းကလေးတစ်ယောက်သည် ကိုယ့်အ မည်ကို ကိုယ်တိုင်မရေးတက်သူတို့ပင် တွေ့ရှိခဲ့ရလေသည်။ထိုသို့အတန်းမှန်မှန် တင်ပေး နေသော ပညာရေးစနစ်ကြောင့် မိဘတို့သည်ပညာရေးအား အလေးအနက်မထား လစ်လျူရှုထားကြတော့သည်။ ထို့ကြောင့်ပင် ထိုကဗျာလေး၏ လှပသောသံစဉ်တစ်ခုသည် ပတ်ဝန်းကျင်မှ ကွယ်ပျောက်လုနီင်္းနီးရှိခြေတော့သည်။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ ပညာရေးစနစ်အား ကျွန်ပညာရေးစနစ် သတ်မှတ်ကာ ဆန့်ကျင်ခဲ့ကြလေသည်။ ထိုပညာရေးစနစ်ထဲရှိ ကောလိပ်ကျောင်းသား၊ အထက်တန်းကျောင်းသား တို့သည် အင်္ဂလိပ်လိုရေးတက် ပြောတက် ဖတ်တက် ရုံမျှမက အချိန်တန်လျှင် မြို့အုပ်၊ မြို့ပိုင် ဖြစ်မည်ဟူသော အနာဂတ်ရှိလေသည်။ ယခုခေတ်ဘွဲ့ရ ပညာတက်တစ်ယောက်သည် “ ၁၃ နှစ် ” တိုင်တိုင် အင်္ဂလိပ်လို သင်ကြားခဲ့ရပါလျှက် အဘယ်ကြောင့် အင်္ဂလိပ်လို မရေးတက် မဖတ်တက် မပြောတက် ဖြစ်နေရပါသနည်း။ ဆရာဝန်တစ်ယောက်သည် အထူးကုဖြေရန် အင်္ဂလိပ်စာသင်တန်းတက်ရလေသည်။

ထို့အတူ ဓာတုဗေဒ ကျောင်းသားတစ်ယောက်သည် လူသုံးကုန်ပစ်စည်းဖြစ်သော မဲနယ်ပင် မပြုလုပ်တက်ချေ။ နည်းပညာတကသိုလ်မှဘွဲ့ရတစ်ယောက်သည် မီးခေါင်းတစ်ခု ပျက်လျှင်ပင်မပြင်တက်ချေ။ မြန်မာစာနှင့် ကျောင်းပြီးခဲ့သော သူတစ်ယောက်သည် ရတု ရကန် ဒွေးချိုး လေးချိုး ရေးတက်ဘို့ဝေးစွ အမျိုးအစားပင်မခွဲတက်ချေ။ စီင်္းပွားရေးဘွဲ့ရ တစ်ယောက်သည် စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ဘို့ဝေးစွ စာရင်းဇယားပင် ကိုင်တွယ် ဖြေရှင်းတက်ခြင်း မရှိချေ။ ထိုသို့ဖြစ်နေသည်မှာ ၁၀၀ လျှင် တစ်ယောက်မဟုတ်ချေ။ ၁၀၀ လျှင် ၉၉ ယောက်ဖြစ်နေလေတော့သည်။

၎င်းတို့သည် ဘာပညာများတက်မြောက်ခဲ့ သနည်း။ စသည့်မေးခွန်းများစွာရှိနေသည်။ ၎င်းဘွဲ့ရသည့်အထဲမှ ကံကောင်းထောက်မ အလိုက်ကောင်း၍ ရာထူးရာခံနှင့်အရာရှိ ဖြစ်ခဲ့လျှင် ၀န်ထမ်းဖြစ်ခဲ့လျှင် ထိုသူတို့သည် ၎င်းတို့၏လစာဖြင့်ဝမ်းရေး ဖြေရှင်းမရနိုင်သောကြောင့် ခိုးစားသူ သူခိုးများဖြစ်လာကြသည်။ ဤသို့ဖြင့် ပညာတက်သူခိုးများ ဖြစ်လာလေတော့သည်။ နိုင်ငံတော်မှပေးသော ဘွဲ့လက်မှတ် သည် အရောင်းစာရေးရာထူးသာရရှိမည် ဖြစ်သည်။ စာရင်းကိုင်ရာထူးလောက် လိုချင် ပင်လျှင် စာရင်းကိုင်သင်တန်း တက်ရမည်။ ကိုလိုနီခေတ်ပညာရေးအား ကျွန်ပညာရေးဟု သတ်မှတ်ခဲ့လျှင် ယခုခေတ် မြန်မာနိုင်ငံပညာရေးအား မည်သို့သတ်မှတ်မည်နည်း။

လပေါ်တွင် လူနေထိုင်ရန် စမ်းသပ်လေ့လာနေသော ခေတ်ကာလတွင် တကယ့်ပညာ မရှိသော နိုင်ငံသည် အဘယ်မှာ ဖွံ့ဖြိုးတိုးတက်မှုရှိနိုင်မည်နည်း။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက် ဘို့ဆိုလျှင် ပညာရှင် ပညာတက် များများရှိမှ ဖြစ်ပေလိမ့်ည်။ ယခုပညာရေးစနစ် နှင့်ဆိုလျှင်တော့ ဖွံ့ဖြိုးတိုးတက်ဘို့ ဝေးစွ ကြာလာလျှင် ခွက်ဆွဲတောင်းစားရမည့် သူတောင်းစားတိုင်းပြည်ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ယခုခေတ်ပညာရေးရေစီးကြောင်းတွင် စီးမျောနေသောကျောင်းသားထု သည် မိမိတို့သင်ကြားနေရသော ပညာရေးအား အပြန်ပြန် အလှန်လှန် စဉ်းစားသုံးသပ်၍ ဘာလုပ်သင့်သည်ဆိုတာကို မိမိတို့ဘာသာပင် ဆုံးဖြတ်ရပေလိမ့်မည်။

စမ်းချောင်းလေး

စမ်းချောင်းလေးနှင့် မျှဝေပေးသူ ဖိုးရှုပ်လေး (http://4shokelay.blogspot.com/) တို့အားအထူးကျေးဇူးတင်ရှိပါသည်။

ဖိနပ်ဖြင့်အပေါက်ခံရမည်စိုးသောကြောင့် မြန်မာသံရုံးသို့လာရောက်မည့်အစီအစဉ်ကို ဗိုလ်သိန်းစိန်ဖျက်သိမ်း


မောင်ရှင် | မဲခေါင်မြစ်ဝှမ်းအစည်းအဝေးအတွက် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် နအဖစစ်အုပ်စု၏ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် အမေရိကန်နိုင်ငံတွင် ကြုံတွေ့ခဲ့ရသည့်အတိုင်း ဖိနပ်နှင့်အပေါက်ခံရမည်ဟု စိုးရိမ်သဖြင့် တိုကျိုမြို့၊ ရှီနာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်မည့်အစီအစဉ်ကို ရုတ်တရက်ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

နိုဝင်ဘာ(၇)ရက်(စနေနေ့) ညနေ ၅း၃၀အချိန်တွင် မြန်မာသံရုံးသို့လာရောက်၍ သံအမတ်ကြီးဦးလှမြင့်နှင့်တကွ သံရုံးသူ/သားများမှ ဗိုလ်သိန်းစိန်ကို ဂါရ၀ပြုဖို့စီစဉ်ထားကြောင်း မြန်မာ့ဒီမိုကရေစီသမားများမှသိရှိသဖြင့် သံရုံးရှေ့တွင် နေလယ် ၃ နာရီမှစပြီး `လူသတ်စစ်အုပ်စုကိုယ်စားလှယ် သိန်းစိန်အလိုမရှိ`၊ ’Get out Thein Sein’ အစရှိသည့်ဆိုင်းပုဒ်များကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒပြဖို့ပြင်ဆင်ထားကြသည်။

နံနက်ပိုင်းတွင်လည်း ဗိုလ်သိန်းစိန်တည်းခိုသည့် ‘New Otani Hotel’ရှေ့တွင် မြန်မာ့ဒီမိုသမားများမှ နံနက် ၉း၀၀ နာရီကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဟော်တယ်၏ရှေ့ပေါက်မှမထွက်ပဲ တခြားနေရာမှထွက်ခွာ၍ ဂျပန်ဝန်ကြီးချုပ်ဟာတိုယာမနှင့် သီးသန့်တွေ့ဆုံမည့် ဂျပန်လွှတ်တော် အဆောက်အဦသို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့သည်။

“ကျနော်တို့ လူသတ်ကောင်သိန်းစိန်ကို ဂျပန်ကိုစရောက်ကတည်းက ပြင်းပြင်းထန်ထန်ဆန္ဒပြဖို့ ပြင်ဆင်ထားကြပါတယ်။ ဘယ်လိုပုံစံနဲ့ပဲဆန္ဒပြပြ အားလုံးဟာ မြန်မာ့ဒီမိုကရေစီအရေးကိုလိုလားလို့ မိမိဆန္ဒကိုထုတ်ဖော်ပြသကြတယ်လို့ပဲ ကျနော်တို့သဘောထားပါတယ်။ ဒီနေ့(နိုဝင်ဘာ ၇ ရက်)ဆိုရင် မနက်ကတည်းက သူတည်းခိုတဲ့ ‘New Otani Hotel’ရှေ့တည့်တည့်မှာ ပိတ်စောင့်ခဲ့တယ်။ နေ့လယ် ၁၁း၃၀ အထိ ထွက်လာတာမတွေ့ဘူး။

နောက်တော့ ဂျပန်ဝန်ကြီးချုပ်နှင့် နှစ်ဦးချင်းသီးသန့်တွေ့ဆုံဖို့ ဂျပန်လွှတ်တော်ကိုထွက်သွားပြီလို့သိရတယ်။ အဲဒီ့နေရာအထိ ကျနော်တို့လိုက်ပြီး ဆန္ဒပြခဲ့ကြတယ်။ အခုညနေပိုင်းမှာတော့ ဒီအခွန်ရုံး(မြန်မာသံရုံး)မှာ လာရောက်ပြီး ဂါရ၀ပြုခံမယ်လို့သိရှိရလို့ ကျနော်တို့အားလုံး ဆန္ဒပြဖို့ပြင်ဆင်စောင့်ဆိုင်းနေကြတာ။ ခုနက ကျနော်ပြောခဲ့သလို လူသတ်ကောင်သိန်းစိန် ဂျပန်ရောက်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း တာဝန်ကျေကြောင်းပြသတဲ့အနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်...“ ဟု ကိုစောမျိုးခိုင်ရှင်းမှ ပြောကြားသွားခဲ့သည်။

မူလအစီအစဉ်အရ အခွန်ရုံးရှေ့ဆန္ဒပြပွဲကို နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအထိသာစီစဉ်ထားခဲ့ကြသော်လည်း၊ ၅း၃၀ ခွဲတွင် ဗိုလ်သိန်းစိန်ဦးဆောင်သည့် ဂျပန်ရောက် န.အ.ဖကိုယ်စားလှယ်များ ဂါရ၀ပြုခံဖို့လာရောက်မည်ဟု မြန်မာ့ဒီမိုသမားများ သိရှိသွားသဖြင့် မပြန်ကြတော့ပဲ အင်အားတိုးကာ ကန့်ကွက်ဆန္ဒပြဖို့ဆက်လက်လုပ်ဆောင်ကြသည်။

ဂျပန်ရဲများမှလည်း လုံခြုံရေးအင်အားတိုးကာ၊ ဆန္ဒပြမည့်သူများထက် ၃ ဆနီးပါးချထားခဲ့ပြီး၊ အဓိကရုဏ်းဖြိုခွဲရေးရဲများ၊ ရဲမှတ်တမ်းသတင်းထောက်များနှင့်တကွ ရှင်နာဂါဝါရဲမှူးကြီးကိုယ်တိုင်လာရောက်၍ မြန်မာသံရုံးလုံခြုံရေးအတွက် ကွပ်ကဲဆောင်ရွက်ခဲ့သည်။

ဆန္ဒပြမည့်သူများကိုလည်း မြန်မာသံရုံးနှင့် ကိုက် ၁၀၀ အကွာတွင်သာဆန္ဒပြဖို့ပြောဆိုခဲ့ပြီး၊ လိုက်နာမှုမရှိပါက ယခင်ပုံစံများအတိုင်း အင်အားသုံးဖြေရှင်းမည်ဖြစ်ကြောင်း အသိပေးပြောဆိုသည်။ ထို့အပြင် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဗိုလ်ခင်ညွှန့်လာခဲ့စဉ်အချိန်က လက်စလက်နရှိခဲ့သည့်သူများ၊ ဗိုလ်ဋ္ဌေးဦးလာခဲ့စဉ်က ခွပ်ဒေါင်းအလံလွှင်ထူခဲ့သူများနှင့် ဂျပန်လုံခြုံရေးတာဝန်ခံများ၏ အထူးသတိထား စောင့်ကြည့်စာရင်းထဲတွင်ပါဝင်သည့် မြန်မာ့ဒီမိုသမားများကို လူတစ်ဦးလျင် လုံခြုံရေးရဲ ၄ ဦးခြံရံ၍ သွားလေရာနောက်သို့ တစ်ကောက်ကောက်လိုက်ပါ စောင့်ကြည့်ခဲ့ကြသည်။ ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြမည့်သူများကိုလည်း ခရမ်းချဉ်သီး၊ ဖိနပ်၊ ရေးဗူးအစရှိသည့် ပစ္စည်းကိရိယာများ ပစ်ပေါက်ခြင်းမပြုလုပ်ကြရန် ရဲမှူးကြီးကိုယ်တိုင်က လာရောက်ပြောဆိုသည်။

ည ၉း၃၀ အထိ မြန်မာ့ဒီမိုသမားများမှ ကန့်ကွက်ဆန္ဒပြဖို့ စောင့်ဆိုင်းခဲ့ကြသော်လည်း ဗိုလ်သိန်းစိန်အဖွဲ့သည် မြန်မာသံရုံးသို့ လာရောက်ကြည့်ရှု၍ ဂါရ၀ပြုခံမည့်အစီအစဉ်ကို ဖျက်သိမ်းသွားကြောင်း ဂျပန်နိုင်ငံခြားရေးရုံးမှတာဝန်ခံများ၏အကြောင်းကြားချက်အရ လုံခြုံရေးယူထားသည့်ရဲများနှင့်တကွ၊ ကန့်ကွက်ဆန္ဒပြမည့်သူများပါ ည ၁၀ နာရီကျော်ကျော်တွင် ရုပ်သိမ်းသွားခဲ့ကြသည်။

နအဖစစ်အုပ်စု၏ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဂျပန်သို့ရောက်တိုင်း တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံးသို့ လာရောက်ကြည့်ရှုစစ်ဆေးရစမြဲဖြစ်ပြီး “မြန်မာသံရုံးဝန်ထမ်းများ၏ ဂါရ၀ပြုပွဲ“ဟု ဆိုင်းပုဒ်တပ်ကာ တန်စိုးလာဒ်ဆောင်ပေးအပ်ခြင်းကို ကျေကျေနပ်နပ်ကြီးယူကြစမြဲဖြစ်သည်။ ဗိုလ်သိန်းစိန်လက်ထက်ကျမှ မိမိအား မြန်မာ့ဒီမိုကရေစီလိုလားသူများနှင့် မြန်မာ့အရေးကိုထောက်ခံသည့် ဂျပန်လူမျိုးတို့မှ ပြင်းပြင်းထန်ထန်ကန့်ကွက်ခံရမည်ကို စိုးရိမ်ကြောင့်ကျသဖြင့် မြန်မာသံရုံးသို့လာရောက်မည့် အစီအစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ပြုတ်သွားပြီး နေအိမ်အကျယ်ချုပ်အချခံထားရသည့် နအဖ၀န်ကြီးချုပ်ဟောင်း ဗိုလ်ခင်ညွန့်လာရောက်ခဲ့စဉ် အချိန်တုန်းက မြန်မာသံရုံးသို့ ဂါရ၀ပြုခံဖို့လာသည့်အချိန်တွင် မြန်မာ့ဒီမိုသမားအချို့မှ ဟိုင်းဝေးလမ်းမပေါ်အထိ သက်စွန့်ဆံဖျားသွားရောက်ပြီး ဗိုလ်ခင်ညွန့်ကားကို ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဗိုလ်ခင်ညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဗိုလ်ဝင်းအောင်(ကွယ်လွန်)ကို တစ်ရှုးဖြင့်အနီးကပ်ပစ်ပေါက်ခြင်းများ ပြုလုပ်၍ ဆန္ဒပြခဲ့ကြသည်။ သံရုံးရှေ့တွင်လည်း ဆန္ဒပြသူအင်အားရာနှင့်ချီကာ ပိတ်ဆို့ကန့်ကွက်ဆန္ဒပြခဲ့မှုကြောင့် ဗိုလ်ခင်ညွန့်အကြီးအကျယ်စိတ်ဆိုးကာ မြန်မာသံရုံးဝန်ထမ်းများကို ကြိမ်းမောင်းဆဲဆိုခြင်း၊ ဂျပန်ရဲများ၏ လုံခြုံရေးအားနည်းကြောင်း ဂျပန်ဝန်ကြီးချုပ်(ဟောင်း) ကိုအိဇူမိနှင့်တွေ့ဆုံစဉ် တိုင်တန်းပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်။

ဗိုလ်သိန်းစိန်သည်လည်း ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ခင်ညွန်လိုပုံစံမျိုး မိမိကားအား ခွပ်ဒေါင်းအလံနှင့်ဖုံးအုပ်ခြင်း၊ ဖိနပ်၊ ရေးဗူး၊ အမှိုက်သရိုက်အစရှိသဖြင့် တစုံတခုသော ပစ္စည်းကိရိယာနှင့် ပစ်ပေါက်ခံရခြင်းရှိခဲ့ပါက အရှက်တကွဲဖြစ်ကာ၊ ကံနိမ့်သည်ဟုယူဆသဖြင့် သံရုံးသို့လာရောက်မည့်အစီအစဉ်ကို ယခုလိုမျိုးရုတ်တရက် ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း ဂျပန်ရှိ မြန်မာ့ဒီမိုသမားများမှ သုံးသပ်ပြောဆိုကြသည်။

ဦးသန့်ရဲ့ နိုင်ငံရေးအမြင်


မောင်စွမ်းရည် | ဦးသန့် လက်ဝဲ၀ါဒီလား

ဦးသန့်ကို လက်ဝဲသမား ကွန်မြူနစ်လားလို့ တချို့က တွေးကြ၊ ရေးကြ၊ မေးကြသတဲ့။ ဦးသန့်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အလုပ်လုပ်နေတဲ့ကာလတလျှောက် ဒီလိုပဲ ထင်ကြပါတယ်။
သာမန်အားဖြင့်တော့ ဗမာလူမျိုးတွေက ဒီလိုမေးခွန်းမျိုးသာ ကြားလိုက်ရင် ပြုံးကြမှာပါ။ ဦးသန့်နဲ့ လက်ဝဲ၀ါဒဆိုတာ ဘုန်းကြီးနဲ့ ဘီးလိုပဲ၊ ဘာဆိုင်သလဲပေါ့။ ဘုရားဒကာ ဦးနုရဲ့ မိတ်ဆွေမဟုတ်လား။

ဒီနှစ်ဟာ ဦးသန့် ရာပြည့်နှစ်ဖြစ်ပါတယ်။ ဦးသန့်ရာပြည့်အထိမ်းအမှတ် တံဆိပ်ခေါင်းတွေ ကုလသမဂ္ဂက ထုတ်ပါတယ်။ ဦးသန့်ရာပြည့်အထိမ်းအမှတ်ပွဲများလည်း လုပ်နေကြပါတယ်။ ဂျပန်ရောက် မြန်မာများကဆိုရင် တခမ်းတနား လုပ်နေပါတယ်။ (ပန်းချီဝင်းဖေနဲ့ ကဗျာဝင်းဖေ(မောင်စွမ်းရည်) တို့ကိုလည်း ဖိတ်ကြားထားပေမယ့် ဗီဇာပြဿနာကြောင့် မသွားနိုင်ခဲ့ကြပါ။) ရာပြည့်နှစ်ဖြစ်လို့ ဦးသန့်အကြောင်းကို အထူး ပြန်လည်စိတ်ဝင်စား လာရပါတယ်။ ဦးသန့်ရဲ့ အထ္ထုပ္ပတ္တိကို လေ့လာတဲ့အခါမှာ အနောက်နိုင်ငံသားတွေက ဦးသန့်ကို ဘာကြောင့် လက်ဝဲသမားရယ်လို့ သံသယရှိရသလဲဆိုတာ အဖြေလို့ ယူဆရတဲ့အချက်အလက်တချို့ကို တွေ့လာရပါတယ်။

အမျိုးသားကျောင်းက အစ

ပထမတွေ့ရှိလာရတာက ဦးသန့်ရဲ့ ကျောင်းသားလူငယ်ဘ၀ နိုင်ငံရေးအတွေးအခေါ်တွေ သန္ဓေတည်စ ခေတ်နောက်ခံကို လေ့လာကြည့်ရင် ဦးသန့်ရဲ့ မိသားစုဘ၀ နောက်ခံကားက ဦးသန့်ကို နိုင်ငံရေးစိတ်ဝင်စားဖို့ အားပေးထောက်ကူနေပါတယ်။ ဦးသန့်ရဲ့ ဖခင်ဟာ ပန်းတနော်လို တောမြို့လေးမှာ တဦးတည်သော ခေတ်ပညာ တတ်၊ အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အိန္ဒိယပြည်က တက္ကသိုလ်တခုမှာ ပညာသင်ခဲ့ဖူးသူ မြန်မာမျိုးချစ်တဦး ဖြစ်ပါတယ်။


မြန်မာပြည်ဟာ ၁၈၈၆ ခုနှစ်မှာ ဗြိတိသျှလက်အောက်ရောက်ပြီး နောက်နှစ် (၂၀) အကြာ ၁၉၀၆ ခုနှစ်မှာ ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ အမျိုးသားရေး နိုးကြားလာတဲ့ ၀ံသာနုခေတ်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ သူရိယသတင်းစာကို ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း ခေါင်းဆောင်တွေက ထုတ်ဝေကြတယ်။ ဆရာလွန်းခေါ် သခင်ကိုယ်တော်မှိုင်းနဲ့ ပီမိုးနင်း၊ ရွှေဥဒေါင်း စတဲ့ သူ့ခေတ်က သတင်းစာဆရာအကျော်အမော်တွေ ဦးဆောင်တည်းဖြတ် ထုတ်ဝေကြပြီး ခေတ်ကို ခေါင်းဆောင်တဲ့ သတင်းစာဖြစ်လာခဲ့တယ်။ နိုင်ငံရေး၊ စာပေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု စတဲ့ ဘက်စုံက နိုးကြားစေပါတယ်။

ဦးသန့်ရဲ့ဖခင်ဟာ သူရိယသတင်းစာ ကုမ္ပဏီလီမိတက်မှာ အစုရှယ်ယာဝင်ပြီး အားပေးတယ်။ သူရိယသတင်းစာလည်း အမြဲမှာယူဖတ်ရှုတယ်။ ၀ိုင်အမ်ဘီအေကနေ ဂျီစီဘီအေဖြစ်လာတော့လည်း ထောက်ခံ အားပေးတယ်။ သူ့သားကြီးဖြစ်တဲ့ ဦးသန့်ကိုလည်း သူရိယသတင်းစာနဲ့တကွ တခြား စာနယ်ဇင်းတွေရော၊ မြန်မာပျို့လင်္ကာ၊ ကဗျာစာပေတွေရော ဖတ်ရှုစေတယ်။ အင်္ဂလိပ်စာလည်း သင်ယူဖတ်ရှုစေပြီး ခေတ်ပညာတတ် ဖြစ်အောင် ပြုစုပျိုးထောင်တယ်။

အမျိုးသားကျောင်းတွေပေါ်လာတော့ အမျိုးသားကျောင်းမှာ ပညာသင်စေတယ်။ ဦးသန့်ဟာ ၁၉၀၉ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး ၁၉၂၆ မှာ ဆယ်တန်းအောင်တယ်။ တက္ကသိုလ်ကို တက်ရောက် ပညာသင်ပြီး ဒဿနိကဘာသာ၊ သမိုင်းဘာသာ စတဲ့ ဘာသာတွေ ယူတယ်။ ၁၉၂၈ ခုနှစ်မှာ ဥပစာတန်းအောင် တယ်။ ဒါပေမယ့် သူ့ဖခင်ကွယ်လွန်ပြီး သူ့ညီတက္ကသိုလ်ရောက်လာလို့ သူ့ညီတွေရဲ့ ပညာရေးကို အားပေးဖို့ ကျောင်းက ထွက်လိုက်ပါတယ်။

ကျောင်းကထွက်တော့ အင်္ဂလိပ်အစိုးရဲ့ အလုပ်တွေ ရနိုင်ပါတယ်။ ဒါပေမယ့် မလုပ်ဘဲ အမျိုးသားကျောင်းမှာ ကျောင်းဆရာဝင်လုပ်ပါတယ်။ ဒါဟာ နိုင်ငံရေးလုပ်ခြင်းတမျိုး၊ အမျိုးသားတာဝန်ထမ်းဆောင်ခြင်းတမျိုးအဖြစ်နဲ့ သူ့ခေတ်က လူငယ်ခေတ်ပညာတတ်တွေ ယူဆပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ကျဆုံးတဲ့ ဒီးဒုတ်ဦးဘချိုက အမျိုးသားကောလိပ်ဆရာ၊ ဦးရာဇတ်နဲ့ ဦးဘ၀င်းတို့က အမျိုးသားကျောင်း ကျောင်းအုပ်ကြီးတွေပါ။ ဦးနုဘွဲ့ရတော့ လည်း ဦးသန့်ဖိတ်ခေါ်လို့ ပန်းတနော်မှာ အမျိုးသားကျောင်းအုပ်အဖြစ် အမှုထမ်းခဲ့ပါတယ်။ ဦးနု တက္ကသိုလ် ပြန်တက်ပြီး ဥပဒေဘာသာ သင်ယူချိန်ကျတော့မှ ဦးသန့်က ပန်းတနော် အမျိုးသားကျောင်းမှာ အမျိုးသားကျောင်း အုပ်အဖြစ် တာဝန်ယူပါတယ်။


ဂန္ထလောကနဲ့ ကလောင်လက်စွမ်း

ဦးသန့် တက္ကသိုလ်မှာ ပညာသင်စဉ်က ဦးဖေမောင်တင်၊ မစ္စတာဖာနီဗယ်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးနုတို့ စတဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ ထိတွေ့ခဲ့ပါတယ်။ မစ္စတာ ဖာနီဗယ်ဟာ အင်္ဂလိပ်အရာရှိကြီးတဦးပါ။ အငြိမ်းစားယူပြီး မြန်မာ လူငယ်တွေအတွက် တက္ကသိုလ်နားမှာ စာအုပ်ဆိုင်တဆိုင်ဖွင့်ရင်း တက္ကသိုလ်ဆရာကြီးများအသိုင်းအ၀ိုင်းနဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း (၁၉၁၁)၊ မြန်မာစာပေပြန့်ပွားရေးအသင်း (၁၉၂၈) မှာ ကူညီဝိုင်းဝန်းနေပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်ကိုလည်း ပါဝင်ကူညီ ရေးသားနေပါတယ်။ သူ့စာအုပ်ဆိုင်မှာ လက်ဝဲစာအုပ် တွေလည်း တင်ထားပါတယ်။ ဂန္ထလောက မဂ္ဂဇင်းဆိုတဲ့ စာပေမဂ္ဂဇင်းတစောင်ထုတ်ဝေပြီး လူငယ်တွေကို ကလောင်သွေးစေပါတယ်။ ဘာသာပြန်ပြိုင်ပွဲလည်း လုပ်ပေးပါတယ်။ သခင်ဘသောင်းနဲ့ ဦးသန့်တို့ဟာ ဘာသာပြန် ပြိုင်ပွဲမှာ ဆုရလို့ စာပေအသိုင်းအ၀ိုင်းက အာရုံစိုက်ခံရပါတယ်။

ဂန္ထလောကမှာ ကလောင်သွေးကြသူ အများစုဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ အမျိုးသားကျောင်း မှာ မြန်မာစာ၊ မြန်မာ့သမိုင်းကို အထူးသင်ယူခဲ့ကြသူတွေဖြစ်ပါတယ်။ တက္ကသိုလ်မှာလည်း ပါမောက္ခ ဦးဖေမောင် တင် ဦးဆောင်ပြီး ဖွင့်လှစ်ခါစ မြန်မာစာဂုဏ်ထူးတန်းကို တက်ရောက်ကြသူတွေလည်း ဖြစ်ကြပါတယ်။ နောင်အခါ ခေတ်စမ်းစာပေဆိုပြီး စာပေသစ်တခေတ်ကို ဆန်းသစ်စေခဲ့ပါတယ်။ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ အုပ်စု ဖြစ်ပါတယ်။ ဦးသန့်ဟာ မြန်မာစာဂုဏ်ထူးတန်း မတက်ခဲ့ပေမယ့် ဂန္ထလောက ကလောင်ရှင်၊ ခေတ်စမ်းအုပ်စုမှာ ရောနှောသွားခဲ့ပါတယ်။ သူက ဒဿနိကဗေဒကို စိတ်ဝင်စားခဲ့ပါတယ်။

ဦးသန့် အသက် (၂၀) အရွယ်လောက်မှာ ဗြိတိန်နိုင်ငံက လက်ဝဲစာပေကလပ်ကို လှမ်းပြီး အသင်းဝင်ပါတယ်။ လက်ဝဲစာပေကလပ်မှာ မြန်မာထဲက ပထမဆုံး အသင်းဝင်ဖြစ်ပါတယ်။ လက်ဝဲစာပေများသာမက ဗြိတိန်က စာနယ် ဇင်းတွေကိုပါ မှာဖတ်ခဲ့ပါတယ်။ သူ့ခေတ်မှာ ဘိလပ်က စာနယ်ဇင်းတွေကို သူလောက်ဖတ်သူ ရှားပါလိမ့်မယ်။ အဲသလို စာအုပ်တွေဖတ်ပြီး ဂန္ထလောကမဂ္ဂဇင်းကနေ ပြတ်ပြတ်သားသားဝေဖန်ပါတယ်။

နဂါးနီစာအုပ်တိုက်က လက်ရာများ

နောင်အခါ လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေး မောင်လှဦးစီးတဲ့ “ကြီးပွားရေးမဂ္ဂဇင်း” ဟာ ၁၉၃၃ ခုနှစ်လောက်မှာ စတင်ထုတ်ဝေပါတယ်။ “ကြီးပွားရေး” ဆိုတာ ဟိုခေတ်က “ဖွံ့ဖြိုးတိုးတက်ရေး” ဆိုတဲ့ အဓိပ္ပာယ်ပါ။ (စီးပွားရေး မဟုတ်ပါ။) အဲဒီမဂ္ဂဇင်းမှာ သိပ္ပံမောင်ဝက ကလောင်နာမည်ဝှက် (၁၀) မျိုးမကသုံးပြီး ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ တက္ကသိုလ်မောင်သန့်စင်၊ ကုသ၊ မြကေတု စတဲ့ ခေတ်စမ်းစာပေအုပ်စု တခုလုံး ၀င်ရေးပါတယ်။ ဦးသန့်လည်းပဲ ၀င်ရောက်ရေးသားရင်း စာပေနိုင်ငံရေး၊ လူမှုရေးဝေဖန်စာများ ရေးလာခဲ့ပါတယ်။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုရာရှစ်တို့ ခေါင်းဆောင်တဲ့ ၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ဒုတိယသပိတ်ဟာ မြန်မာနိုင်ငံရေးကို အရှိန်မြင့်စေပါတယ်။ လွတ်လပ်ရေးတိုက်ပွဲဆီကို ဦးတည်လာပါတယ်။ အရင်ကလို ရာထူးခွဲဝေ ယူရေး၊ ပြပြုင်ရေးကိစ္စတွေလောက် မဟုတ်တော့ပါ။ လူငယ်တွေအနေနဲ့ အင်္ဂလိပ်နယ်ချဲ့ အရင်းရှင်စနစ်ကို တိုက်ခိုက် ဆန့်ကျင်နေတဲ့ ရုရှားကို မျက်စိကျလာပါတယ်။ လက်ဝဲ၀ါဒဟာ လက်ယာဝါဒ နယ်ချဲ့အရင်းရှင်ကို ဆန့်ကျင်တယ်ဆိုတဲ့အနေနဲ့ လက်ဝဲ၀ါဒကို လိုက်စားလာကြပါတယ်။ ဒီးဒုတ်ဦးဘချိုရဲ့ ဖေဘီယန် ဆိုရှယ်လစ်ပါတီဟာ လက်ဝဲပါတီတခုပါ။ ဦးနုလည်း သူ့ဆရာနဲ့တွဲပြီး ဖေဘီယန်ဂိုဏ်းဝင် ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ ဦးနုက နဂါးနီစာအုပ်အသင်းကို တည်ထောင်တယ်။ ဘိလပ်က လက်ဝဲစာပေကလပ်ကို အတုယူ တယ်။ ၁၉၃၇ မှာ နဂါးနီစာအုပ်အသင်း ထူထောင်လျှင် ထူထောင်ခြင်း ဦးနုရဲ့ မိတ်ဆွေ ဦးသန့်လည်း နဂါးနီစာအုပ်အသင်းဝင် ဖြစ်လာခဲ့ပါတယ်။ အသင်းဝင်အဖြစ် စာအုပ်တွေကို ၀ယ်ဖတ်ရုံမက ဆောင်းပါးတွေ ၀င်ရေးခဲ့ပါတယ်။

နဂါးနီစာစောင်မှာ ဦးသန့်က “လက်ဝဲဂိုဏ်းများ၏၀ါဒ” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးတယ်။ ဦးသိန်းဖေမြင့်က လက်ဝဲစာစု ထုတ်တော့ ထပ်ပြီးသုံးတယ်။ ဒါကြောင့် ဒီဆောင်းပါးဟာ ထင်ရှားပါတယ်။ အရေးရှင်း၊ အတွေးရှင်းပါ တယ်။ လက်ဝဲဂိုဏ်းဆိုတာ ဆင်းရဲသားဝါဒ (၀ါ) ဘုံဝါဒ (၀ါ) ဆိုရှယ်လစ်ဝါဒတို့ကို ခေါ်တယ်။ လက်ယာဂိုဏ်း ဆိုတာက ဓနရှင်ဝါဒ၊ နယ်ချဲ့ဝါဒကို ခေါ်တယ်လို့ အဓိပ္ပာယ် ရှင်းလင်းဖွဲ့ဆိုလိုက်ပါတယ်။ အဲဒီအချိန်က ဖြစ်နေတဲ့ ဂျာမနီ၊ အီတလီတို့က စပိန်ကို ၀င်ရောက်တိုက်ခိုက်တာဟာ လက်ဝဲဂိုဏ်းကြီးစိုးမှာစိုးလို့ နှိမ်နင်းတာပဲ။ တရုတ်ပြည်ကို ဂျပန်ဝင်တိုက်တာဟာလည်း တရုတ်ပြည်မှာ ရုရှားလက်ဝဲအယူအဆ ၀င်လာတာကို မနှစ်မျို့လို့ ၀င်တိုက်တာပဲလို့ ဖြစ်ခါစ ကမ္ဘာစစ်ကို နယ်ချဲ့တို့ရဲ့ ကျူးကျော်စစ်ဖြစ်ကြောင်း သိစေပြီး “လက်ဝဲနှင့်လက်ယာ တိုက်ပွဲသည် ကမ္ဘာ့ရာဇ၀င်ရှိ တိုက်ပွဲများထက် အဆပေါင်းများစွာ ပိုမိုကြီးကျယ်၏” လို့လည်း မှတ်ချက်ပေးလိုက် ပါတယ်။

“ကမ္ဘာကြီးတခုလုံး၏ နောင်ရေးသည် ၎င်းစပိန်နှင့်တရုတ်ပြည်အရေးတို့တွင် တည်သည်ဟုဆိုလျှင် များစွာမှားမည်မဟုတ်ပေ” လို့လည်း မှတ်ချက်ချ၊ နိမိတ်ဖတ်ခဲ့ပါတယ်။ သူ နိမိတ်ဖတ်ခဲ့တဲ့ ပြဿနာအတိုင်း ဖြစ်လာခဲ့တာဟာ သူ ကုလသမဂ္ဂတာဝန် ထမ်းဆောင်ချိန်အထိ တဆက်တည်းဖြစ်လာတဲ့ ပြဿနာအဖြစ်နဲ့ သူ ဖြေရှင်းနေခဲ့ရပါတယ်။

လွတ်လပ်ရေးခေတ်ဦး နိုင်ငံရေးလှုပ်ရှားမှု

သူဟာ အဲဒီလို လက်ဝဲအမြင်နဲ့ နိုင်ငံရေးဝေဖန်လာတဲ့အခါ ၀ံသာနုအမြင်တွေနဲ့ အမျိုးသားနေ့အမြင်တွေကိုပါ ကျဉ်းမြောင်းဟန် မြင်တွေ့သုံးသပ်လာခဲ့ပါတယ်။ သူနိမိတ်ဖတ်တဲ့ လက်ဝဲ-လက်ယာတိုက်ပွဲဟာ မြန်မာပြည်တွင်း ကို ၀င်လာတော့ ဂျပန်နဲ့ အင်္ဂလိပ်တိုက်ပွဲအသွင် ဆောင်လာပါတယ်။ နောက်ကျပြီး နယ်ချဲ့လို့ နယ်မြေနည်း နည်းသာ ရစရာရှိတော့တဲ့အတွက် နယ်ချဲ့လက်ဟောင်းကြီးတွေရဲ့ လက်က နယ်မြေတွေကိုပါ လက်ရဲဇက်ရဲ ၀င်လုလာခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဖက်ဆစ်ဂျပန်ကို သူရဲ့မိတ်ဆွေ ကိုနု၊ ကိုအောင်ဆန်းတို့က ရှေ့ဆောင် ခေါ်ယူလာရုံမက သူ့ကိုပါ ဂျပန်ခေတ်ပညာရေးတရပ်ကို စီမံကိန်း ရေးဆွဲခိုင်းတာကို ခံရပါတယ်။ ပညာရေး စီမံကိန်းရေးဆွဲပြီးနောက် ရန်ကုန်အစိုးရအဖွဲ့မှာ မပါ၊ မ၀င်ဘဲ ပန်းတနော်ပြန်ပြီး အမျိုးသားကျောင်းပြန်ဖွင့်ပါတယ်။ ဖက်ဆစ်တော်လှန်ရေးပေါ်ပေါက်လာတော့ ရိက္ခာစုဆောင်းရေးတာဝန်ယူရင်း ဖက်ဆစ်ဆန့်ကျင်ရေးဂိုဏ်းမှာ ပါဝင်လာခဲ့ပါတယ်။

ဖက်ဆစ်ဂျပန်ထွက်သွားပြီး အင်္ဂလိပ်ပြန်ဝင်လာတော့ လွတ်လပ်ရေးရတော့မယ့် အခြေအနေကို သိမြင်လာခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ စာနယ်ဇင်းတခုကို ကိုယ်တိုင်ထုတ်ပြီး နိုင်ငံရေးနဲ့ စာပေရေးဘက်မှာ ဝေဖန်ဖေးမပေးဖို့ ကြိုးစားချင်တယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရတော့ သူ့ရည်ရွယ်ချက် ပျက်သွားရပါတယ်။ ဦးနုအစိုးရ တက်လာတော့ သူ့ကို ဖဆပလအဖွဲ့ကြီးမှာ ပြန်ကြားရေးအရာရှိအဖြစ် ဇွတ်ခေါ်ယူ တာဝန်ပေးပါတယ်။ ဒါဟာ နိုင်ငံရေးပါတီတခုရဲ့တာဝန်ကို ပထမဆုံးနဲ့ နောက်ဆုံး ထမ်းဆောင်ရခြင်းပါပဲ။

လက်ဝဲ လက်ယာ ၀ါဒီ အုပ်စု အကွဲအပြဲ

မကြာခင် လွတ်လပ်ရေးရတော့ ဦးနုက ဦးသန့်ကို ပြန်ကြားရေးဌာနကို ခေါ်ယူပြီး အသံလွှင့်ဌာန ညွှန်ကြားရေးဝန် ခန့်ပါတယ်။ ဒီအခါမှာ လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကြီး မွေးဖွားလာခဲ့ပါတယ်။ လက်ဝဲဂိုဏ်းရဲ့ နဂါးနီစာအုပ်သင်း ခေါင်းဆောင် ဦးနုနဲ့ ကျန်လက်ဝဲဂိုဏ်းသားများ ကွဲသွားခဲ့ရာက ဖြစ်တဲ့ ပြည်တွင်းစစ်ပါ။

ဖက်ဆစ်တော်လှန်ရေးမှာ ဗိုလ်အောင်ဆန်းက ကွန်မြူနစ်၊ ဆိုရှယ်လစ်များနဲ့ အတူ ဖဆပလကို ဖွဲ့စည်းခဲ့ပါတယ်။ ဂျပန်မ၀င်ခင်ကတည်းက ဖက်ဆစ်ဆန့်ကျင်ရေးလုပ်နေတဲ့ ကွန်မြူနစ်များကို ဗိုလ်အောင်ဆန်းက တပ်မတော်နဲ့ ပူးပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်ပွဲရပြီးတော့ လက်ဝဲသမားချင်း စကွဲသွားပါပြီ။ ဗိုလ်အောင် ဆန်းက လက်ဝဲသမား လူငယ်တွေ ညီညွတ်ဖို့ အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ၀ါဒရေးရာ ပုဂ္ဂိုလ်ရေး တိုက်ပွဲတွေ ပြင်းထန်လာပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ခြင်းပါ။ ခုထက်ထိ နှစ်ဖက်စလုံး ပြင်မရတဲ့ အမှားဖြစ်နေဆဲပါပဲ။ (အတိတ်က ကွဲပြဲမှုကို တရားခံမရှာလိုတော့ပါ။ ရှေ့မှာ ဒီပြည်တွင်းစစ်ကြားက ထွက်ပေါ်လာတဲ့ စစ်အာဏာရှင် စနစ်ကို ဘယ်လို စာရင်းရှင်းရမလဲဆိုတာက အရေးကြီးနေပါတယ်။ ဖ-ဆဆိုရှယ်မွေးခဲ့တဲ့ သရဲကို လက်ဝဲ-လက် ယာ မရွေး ၀ိုင်းဝန်းတိုက်ကြရမှာပါ

ဒီမိုကရေစီ ပြန့်ပွားရေးဆီသို့

လွတ်လပ်စ မြန်မာအစိုးရက ဆိုရှယ်လစ်ပန်းတိုင်ကို ချီတက်မယ်လို့ ကြွေးကြော်ထားပါတယ်။ ဒါဟာ ဗိုလ်ချုပ် အောင်ဆန်းလမ်းစဉ်ပါပဲတဲ့။ ပြည်တွင်းစစ်ဖြစ်လာတော့ တောထဲကို ရောက်နေတဲ့ လက်ဝဲဂိုဏ်းသားတွေကို ဦးသန့် တို့ ဆန့်ကျင်ရပါတယ်။ ဒီမိုကရေစီ ပြန့်ပွားရေးအသင်းလို့ အမည်ပေးပြီး ဒီမိုကရေစီစာစောင်တခုလည်း ထုတ်ဝေခဲ့ ပါတယ်။ ဥက္ကဋ္ဌ မြို့မဦးဘလွင်၊ အတွင်းရေးမှူး ဦးသန့်ပါ။ ဦးသန့်ဟာ အသံလွှင့်ရာမှာ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ လွှင့်ပါတယ်။ ဦးနုရဲ့ မိန့်ခွန်းတွေကိုလည်း ရေးပေးရပါတယ်။ ဒီမိန့်ခွန်းတွေကိုပဲ သူကပြန်ပြီး အင်္ဂလိပ်လို ဖောက်သည်ချရပြန်ပါတယ်။ ၁၉၄၈ ခုနှစ် ဧပြီ (၈) ရက်နေ့ အသံလွှင့်ခဲ့တဲ့ “Burma Choose Democracy” ဆိုတဲ့ ဆောင်းပါးဟာ လွတ်လပ်စ ဗမာပြည်အနေနဲ့ ကမ္ဘာကို သတင်းပေးခဲ့တာဖြစ်လို့ အရေးကြီးပါတယ်။

ဒီအသံလွှင့်ဆောင်းပါးမှာ “The declared political objective of the AFPFL is State Socialism” လို့ ဆိုထားပါတယ်။ “Democratic Socialism” ကိုလည်း ထပ်ဆင့် ပြောဆိုထားပါတယ်။ ဦးနုက “ဆိုရှယ်လစ် ပန်းတိုင်ကို သွားရာလမ်းနှစ်သွယ်ရှိတယ်။ ဗြိတိသျှလမ်းနဲ့ ဆိုဗီယက်လမ်းတို့ဖြစ်ပါတယ်။ ဗြိတိသျှလမ်းက ပန်းတိုင်ကို နှေးနှေးမှန်မှန်နဲ့ ရောက်ပါတယ်။ ဆိုဗီယက်လမ်းကတော့ အမြန်ရောက်တယ်။ ဒါပေမယ့် သွေးထွက် သံယိုရှိမယ်လို့ ဆိုထားပါတယ်။ အဲဒါကို ဦးသန့်က ဗြိတိသျှနည်းက ရွေးကောက်ပွဲနည်း၊ ဆိုဗီယက်နည်းက လက်နက်နဲ့ အကြမ်းဖက်တဲ့နည်း ဖြစ်ပါတယ်လို့ ရှင်းပြတယ်။ ဒါပေမယ့် လက်နက်နဲ့ အကြမ်းဖက်တဲ့နည်းကို အပြစ်မတင်ပါဘူး။ ရုရှားမှာ ဇာဘုရင်က အကြမ်းဖက်နှိပ်ကွပ်နေလို့ တော်လှန်ရတာဖြစ်ကြောင်း ပြောပြပြီး မြန်မာပြည်မှာ ဒီလိုလုပ်စရာမလို။ ဖဆပလကတော့ အကြမ်းဖက်နည်းကို မရွေး၊ ငြိမ်းချမ်းတဲ့နည်း၊ ဒီမိုကရေစီနည်း ကို ရွေးလိုက်ပြီလို့ ရှင်းလင်းကြေညာတာပါပဲ။

ဒီလိုရှင်းရာမှာ ဆိုဗီယက်ရဲ့ အကြမ်းဖက်နည်းကို သူ့နိုင်ငံနဲ့ သူ မှန်ကန်လေဟန် ပြောခဲ့ပေမယ့် ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်အဖြစ် အာဏာရှင်စနစ်ကို ဖော်ပြလိုက်ပါတယ်။

“Democracy” နဲ့ “Dictatorship” ဆိုတဲ့ ဝေါဟာရနှစ်လုံးနဲ့ မပြီးသေးဘူးဆိုပြီး ဆက်ရှင်းတဲ့အခါ အစိုးရတမျိုးက ပြည်သူတဦးချင်းရဲ့ လွတ်လပ်ပြီး ပြည့်စုံတဲ့ဘ၀ကို အာမခံပြီး နောက်အစိုးရတမျိုးကတော့ ပြည်သူတဦးချင်းဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမယ်လို့ဆိုပြီး အယူအဆ နှစ်မျိုးရှိကြောင်း၊ တနည်းပြောရရင် “အစိုးရတမျိုးက ပြည်သူကို အစိုးရက ပိုင်ပြီး တခြားအစိုးရတမျိုးက အစိုးရကို ပြည်သူက ပိုင်တယ်” လို့ ထပ်ရှင်းပါတယ်။

ဒီနေရာမှာတော့ လက်ဝဲ၀ါဒကို (၁) အကြမ်းဖက်ဝါဒ၊ (၂) ပြည်သူကို အစိုးရက ပိုင်တဲ့ဝါဒ၊ ပြည်သူတိုင်းဟာ နိုင်ငံတော်ကို အလုပ်အကျွေးပြုရမယ့် ၀ါဒလို့ နိဂုံးချုပ်လိုက်ပါတယ်။ အကြမ်းဖက်ခြင်းဟာလည်း သူ့တိုင်းပြည်နဲ့သူ (ရုရှား ဇာဘုရင်လက်ထက်)၊ သူ့အခါနဲ့သူတော့ မှန်ပေမယ့် မြန်မာနိုင်ငံမှာ မမှန်ဘူးလို့ သူပုန်ထနေတဲ့ ကွန်မြူနစ်များကို ပြောဆိုခြင်းပါပဲ။

ဦးသန့်ဟာ နဂါးနီစာစောင်မှာ “လက်ဝဲဂိုဏ်း၏၀ါဒ” ကို ရှင်းပြတုန်းက လက်ဝဲ၀ါဒဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ကြီးပွားတိုးတက်ခြင်းတို့ကို လိုလားတဲ့ ၀ါဒလို့ ဖွင့်ဆိုထားခဲ့ဖူးပါတယ်။

ကုလသမဂ္ဂ ခရီး


မြန်မာပြည်လွတ်လပ်စမှာ ကြားနေနိုင်ငံအနေနဲ့ ဘက်မလိုက်ဝါဒကို ကျင့်သုံးလို့ သြဇာတက်ခဲ့ပါတယ်။ ဦးနုက တရုတ်ပြည်သစ်ကို ချက်ချင်းထောက်ခံပြီး ကုလသမဂ္ဂ၀င်ခွင့်ပြုရေးကို အဦးဆုံး အဆိုတင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်မှာ တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးသွားတော့ ဦးသန့်လည်း လိုက်သွားရတယ်။ အပြန်မှာ “ဂန္ဓာလရာဇ် မှတ်တမ်း” ဆိုပြီး စာအုပ်ရေးတော့ ဦးသန့်လည်း ၀င်ရေးရတယ်။ “ကိုယ်တွေ့တရုတ်ပြည်သစ်” တဲ့။ တရုတ်ပြည်မှာ အံ့ဖွယ်ကောင်းလောက်အောင် သန့်ရှင်းပြီး စည်းကမ်းရှိတာကို ချီးကျူးတယ်။ ဒါပေမယ့် တချို့ပြောပြတာက အာဏာနဲ့ ခိုင်းကြောင်း၊ တခါတရံ ကြိမ်ဒဏ်၊ တခါတရံ သေဒဏ်ထိ အပြစ်ပေးလေ့ရှိကြောင်းကို ရေးပါတယ်။

ဘာသာရေးလွတ်လပ်တာကိုတော့ ကိုယ်တွေ့လေ့လာပြီး ချီးကျူးတယ်။ ပုဂ္ဂလိက သတင်းစာမရှိဘဲ အစိုးရသတင်းစာတွေသာ ရှိတာကို သဘောမကျဘူး။ နိုင်ငံခြားသားတွေနဲ့ တရုတ်တွေကို လွတ်လွတ်လပ်လပ် ဆက်ဆံခွင့် မပေးဘူး။ ကမ္ဘာ့သတင်းတွေကိုလည်း သိခွင့်မရှိဘူး။ အစိုးရက သိစေချင်တာပဲ သိခွင့်ပေးတယ်။ ဒါတွေကို သဘောမကျဘူး။ ဒါပေမယ့် တရုတ်အစိုးရနဲ့ ကွန်မြူနစ်ဝါဒကို မဝေဖန်ရ၊ မဝေဖန်ကြတာကိုတော့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို မဝေဖန်နိုင်သလို၊ ဗြိတိန်မှာ ခရစ်ယာန်ဘာသာကို မဝေဖန်နိုင်သလို၊ အိန္ဒိယမှာ ဟိန္ဒူဘာသာကို မဝေဖန်နိုင်သလို အများပြည်သူတွေက အမှန်တရား (အမှားမရှိတဲ့တရား) လို့ ယုံကြည်ထားတဲ့ ကွန်မြူနစ်ဝါဒကို မဝေဖန်ကြတာဖြစ်မယ်လို့ သူများမပြောတဲ့ အဖြေကို ပေးပါတယ်။

နိဂုံးချုပ်မှာတော့ “ပန်းတိုင်ချင်းတူပြီး လမ်းစဉ်ချင်းမတူ” တဲ့ တရုတ်နဲ့မြန်မာချစ်ကြည်ရေးကို ဆန္ဒပြုပါတယ်။ ဒါဟာ ဦးနုရဲ့မိန့်ခွန်းမှာပါတဲ့ “ဆိုရှယ်လစ်ပန်းတိုင်” နဲ့ တရုတ်ပြည်က သွားမယ့် ပန်းတိုင်ချင်းတူတယ်။ ဒါပေမယ့် မြန်မာက ဒီမိုကရေစီနည်း (ရွေးကောက်ပွဲနည်း) ဗြိတိန်နည်းကို ကျင့်သုံးမယ်။ ဆိုဗီယက်နည်း (အကြမ်းဖက်နည်း) မသုံးဘူး လို့ ကြေညာခဲ့တာကို ရည်ရွယ်ဟန်ရှိပါတယ်။ ဒါကို ရှင်းမပြဘဲ နိဂုံးမှာ ထည့်ခဲ့ပါတယ်။ ဒါကိုလည်းပဲ ဦးသန့်ဟာ ဒီပလိုမက်တစ်ဖြစ်တယ် သို့မဟုတ် လက်ဝဲသံယောဇဉ်ရှိတယ်လို့ ပြောနိုင်မှာပါပဲ။

ဦးသန့်ကို ၀န်ကြီးချုပ် ဦးနုက ၁၉၅၇ ခုနှစ်မှာ ကုလသမဂ္ဂကို အမြဲတမ်း မြန်မာကိုယ်စားလှယ်အဖြစ် ပို့လိုက်တယ်။ အဲဒီကာလမှာ ပြည်ထောင်စုခရီးဆိုတဲ့ မြန်မာ့လွတ်လပ်ရေးသမိုင်းစာအုပ် သုံးတွဲကို ရေးနေဆဲပဲ။ ၁၉၆၁ မှာ စာပေဗိမာန်က ရိုက်နှိပ်ထုတ်ဝေတယ်။ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ကလည်း “ပြည်ထောင်စုပန်းတိုင်” ဆိုတဲ့ စာအုပ်တအုပ်ကို တည်းဖြတ်ထုတ်ဝေတယ်။ ဦးနုရဲ့ ပြည်ထောင်စုမိန့်ခွန်းတွေပါပဲ။ ပုဂ္ဂိုလ်နှစ်ဦးလုံးဟာ ဦးနုရဲ့ မိတ်ဆွေရင်းတွေပါ။ ဦးနုရဲ့ ပန်ကြားချက်နဲ့ ပြုစုခဲ့တဲ့ စာအုပ်တွေပါ။

ဦးသန့်က “ပြည်ထောင်စုခရီး” ပထမပိုင်းမှာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ရောက်တာကအစ လွတ်လပ်ရေးရတာအဆုံး အကျဉ်းချုံးပြီး ရေးပါတယ်။ ပထမအခန်းခေါင်းစဉ်က “ဗမာ့လွတ်လပ်ရေး ဆုံးရှုံးခြင်း” တဲ့။ အဲဒီခေါင်းစဉ်အောက်မှာ ခေါင်းစဉ်ခွဲအနေနဲ့ “ဥရောပတွင် ဓနရှင်ဝါဒနှင့် နယ်ချဲ့စနစ် ပေါ်ပေါက်ခြင်း” လို့ အမည်ပေးပါတယ်။ “နယ်ချဲ့” ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပြီး နယ်ချဲ့စနစ်ရဲ့ ဇစ်မြစ်အကြောင်းရင်းဖြစ်တဲ့ “ဓနရှင်ဝါဒ” ကိုထောက်ပြပြီး အဓိပ္ပာယ်ဖွင့်ဆိုပါ တယ်။ “အင်အားကောင်းသော နိုင်ငံများက အင်အားချည့်နဲ့သော နိုင်ငံများကို မတရား သိမ်းပိုက်အုပ်စိုးသောဝါဒ”၊ “တနိုင်ငံက တနိုင်ငံကို ကျူးကျော်စော်ကားထားသောဝါဒ”ကို နယ်ချဲ့ဝါဒလို့ ခေါ်ကြောင်းဖြင့် နယ်ချဲ့ဝါဒကို ဖွင့်ဆိုလိုက်တယ်။

ဆက်လက်ပြီးတော့ “နယ်ချဲ့ဝါဒရဲ့ အဓိကအကြောင်းရင်း” တခုအဖြစ် “ဓနရှင်ဝါဒနှင့် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးသီးတို့၏ ဆူကြုံနိမ့်မြင့် အဆင့်အတန်းမညီ ကွဲပြားခြားနားမှု” ကို စွဲချက်တင်ထားပါတယ်။ (ဓနရှင်ဝါဒကိုတော့ ခုအခါ အရင်းရှင်စနစ်လို့ အသုံးများပါတယ်။) အဲဒီ “ဓနရှင်ဝါဒကို အလွယ်ကူဆုံးစကားဖြင့် ဖော်ပြရလျှင် ကုန်ကို ထုတ်လုပ်ရာ၌ လူအများ အကျိုးရှိစွာ စားသုံးရန်အတွက် ထုတ်လုပ်ခြင်းမဟုတ်ဘဲ အမြတ် ထွက်ရန်အတွက် ထုတ်လုပ်သော စီးပွားရေးစနစ်ကို ခေါ်ဝေါ်ခြင်းဖြစ်လေသည်” လို့ ဖွင့်ဆိုပါတယ်။ ဒီဖွင့်ဆိုချက် တွေမှာ “မတရား” ဆိုတဲ့ ဝေါဟာရနဲ့ “ကျူးကျော်စော်ကား” ဆိုတဲ့ စကားတွေ သုံးထားတာကို ကြည့်ရင် ဦးသန့်ဟာ ကုလသမဂ္ဂရောက်နေချိန်မှာလည်း ဓနရှင်ဝါဒနဲ့ နယ်ချဲ့ဝါဒတို့ကို ခါးခါးသီးသီး မုန်းတီးတယ်ဆိုတာ သတိပြုသင့် ပါတယ်။

အနောက်ဥရောပ အစရှိတဲ့ အရင်းရှင်နယ်ချဲ့နိုင်ငံက သမိုင်းစာအုပ်တွေမှာ မျက်မှောက်ခေတ်ရဲ့သမိုင်းကို “စက်မှုတော်လှန်ရေး” (Industrial Revolution) နဲ့ စဖွင့်လေ့ရှိပါတယ်။ သူတို့နိုင်ငံတွေမှာ စက်မှုထွန်းကားလာလို့ ကုန်ချောရောင်းဖို့ ဈေးကွက်ချဲ့ခြင်း၊ ကုန်ကြမ်းရှာဖို့ နယ်သစ်ရှာခြင်းကို တခမ်းတနား ရေးပါတယ်။ ဦးသန့် နိဒါန်းချီခြင်းဟာ လက်ဝဲသမားရေးဟန်ဖြစ်ပါတယ်။ ကွန်မြူနစ်တို့ရဲ့ သမိုင်းဆိုင်ရာ ရုပ်ဝါဒ (Historical Materialism) ရဲ့ အတွေးအမြင်တွေက ဆင်းသက်လာတာဖြစ်ပါတယ်။

ဘက်မလိုက်တဲ့ လက်ဝဲ၀ါဒ စွဲလမ်းမှုနဲ့ ဗုဒ္ဓ၀ါဒီ

ဦးသန့်ဟာ လက်ဝဲစာပေကလပ်အဖွဲ့ဝင်၊ နဂါးနီစာအုပ်သင်းခေါ် လက်ဝဲစာအုပ်အသင်းသားဖြစ်ခဲ့ပြီး နယ်ချဲ့ဗြိတိသျှလက်အောက်ခံ ကျွန်ဘ၀က လာခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လက်ဝဲသမား ဗိုလ်ချုပ် အောင်ဆန်း၊ သခင်နု၊ စတာလင်ငြိမ်းချမ်းရေးဆုရ သခင်ကိုယ်တော်မှိုင်း၊ ဖေဗီယန်ဆိုရှယ်လစ် ဒီးဒုတ်ဦးဘချိုတို့က ဦးဆောင်ခဲ့တာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်တွေဟာ သူ့မိတ်ဆွေရင်း၊ သူ့ဆရာရင်းတွေချည်းပါပဲ။ ဦးနုနဲ့ ဦးသန့်တို့ ကိုယ်တိုင် က ဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးအတွက် ရှေ့တန်းသဘောတရားရေး ဆရာတွေ ဖြစ်နေတယ်ဆိုတာလည်း သတိပြုရပါမယ်။

ဦးနုဟာ အာရှမှာ ဘက်မလိုက်ရေးမူဝါဒကို တီထွင်ဖော်ထုတ် ဦးဆောင်သူတဦးအဖြစ် ထင်ရှားပါတယ်။ ဒီဝါဒကို ထူးထောင်ပြီး ဘန်ဒေါင်းကွန်ဖရင့် ဘက်မလိုက်ပထမညီလာခံလုပ်ခဲ့ရာမှာ ဦးသန့်က ညီလာခံ အတွင်းရေးမှူးပါ။ လူထု ဦးလှနဲ့ လက်ဝဲသမား ကျောင်းသားခေါင်းဆောင်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဘက်မလိုက် မူဝါဒဟာ တရုတ်ကွန်မြူနစ် ခေါင်းဆောင် ချူအင်လိုင်းနဲ့ ဦးနုတို့ရဲ့ ချစ်ကြည်ရေးစာချုပ်ကို အခြေခံခဲ့ပါတယ်။

ဘက်မလိုက်ဘူးဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က နယ်ချဲ့အရင်းရှင် အမေရိကန်တို့ဘက်ကို မလိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ဘက်ကို ပိုကဲနေပါတယ်။ ဒီလိုနဲ့ လက်ဝဲစာပေကလပ်အသင်းဝင်၊ နဂါးနီအသင်းဝင် ဆိုရှယ်လစ်ပန်းတိုင် ချီတက်ရင်း ဘက်မလိုက်ဝါဒ ထူထောင်တဲ့ နိုင်ငံက ၀န်ကြီးရဲ့ အတွင်းဝန် ပြန်ကြားရေးဌာနရဲ့ ညွှန်ကြားရေးဝန် ဦးသန့်ဟာ “လက်ဝဲညှော်နံ့မပျောက်” သို့မဟုတ် “လက်ဝဲရနံ့သင်း” ဆဲ ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ က ၁၉၇၁ ခုနှစ်အထိ သက်တမ်းနှစ်ဆက်ကို ဦးသန့်က ထူးထူးခြားခြား တာဝန်ထမ်းဆောင်ရပါတယ်။ ဗုဒ္ဓ၀ါဒီဆိုတဲ့စကားကို ရှေ့တန်းတင်ရင်း ဗုဒ္ဓအလိုတော်အရ မေတ္တာဝါဒနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်နေတယ်လို့ ကျော်ကြားပါတယ်။ ဒါပေမယ့် ပြည်တော်သာခရီး ပထမပိုင်းရဲ့ နိဒါန်းစကားဖြစ်တဲ့ နယ်ချဲ့အရင်းရှင်စနစ်နဲ့ ဆင်းရဲပြီး အင်အားချည့်နဲ့တဲ့ နိုင်ငံများကြား ပဋိပက္ခ တရားကို မမေ့ပါဘူး။ နယ်ချဲ့ခြင်း၊ ကျူးကျော်ခြင်းကို မကြိုက်ပါဘူး။ တရုတ်ပြည်ကြီး ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး၊ ကျူးဘားကို ဒုံးပျံမရောက်ရေး၊ ဗီယက်နမ်ဗုံးကြဲတာ ရပ်စဲရေးတို့ကို စွဲစွဲမြဲမြဲ တောင်းဆိုခဲ့ပါတယ်။

ဦးသန့်က “ကွန်မြူနစ်ဝါဒဟာ ကျွန်ုပ်တို့ရဲ့ ရန်သူအစစ်မဟုတ်။ ရန်သူအစစ်ကတော့ ဆင်းရဲခြင်းပါပဲ” လို့ အမြဲပြောခဲ့ပါတယ်။ ဒီစကားမျိုးဟာ အနောက်နိုင်ငံသားတွေ မပြောတဲ့ စကားမျိုးပါ။ “လူမျိုးခွဲခြားတဲ့ အာဃာတ စိတ်ဟာ စိတ်ရောဂါတမျိုးပဲ” လို့ ပြောခဲ့တာလည်း နိုင်ငံကြီးတွေက အသားအရောင် ခွဲခြားသူ၊ လူမျိုးခွဲခြားသူတွေ ကို “အရူး” လို့ ဆိုလိုက်တာပါပဲ။ သူ့ရဲ့ “ဒိုင်း” က ဗုဒ္ဓ၀ါဒပါ။ ဘာပဲဖြစ်ဖြစ် သူရဲ့ ငြိမ်းချမ်းရေးအားထုတ်မှုတွေဟာ အောင်မြင်ပြီး ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့်လို့ ကျော်ကြားခဲ့ပါတယ်။ ဗုဒ္ဓ၀ါဒီတဦးရဲ့ လက်ဝဲ၀ါဒ စွဲလမ်းမှု တမျိုးပေတကားလို့ ဆိုရင် သဘောတူကြပါသလားခင်ဗျား။

AAPP သတင်းထုတ်ပြန်ချက် (၇-၁၁-၂၀၀၉)

aapp ထုတ်ပြန်ကြေငြာချက်
မျှဝေပေးသူ ဦးအောင်မျိုးသိန်း အားကျေးဇူးတင်ပါသည်။

လူရွှင်တော် ပြတ်လုံးများအပေါ် ပုဒ်မ-၁၂၄(က) ဖြင့် အရေးယူသွားမည်ဟု ချိန်းခြောက်ဖော်ပြလာ



လူရွှင်တော်များ စစ်အုပ်စုအပေါ် ငြိုငြင်မုန်းတီးစေတဲ့ ပြတ်လုံးများပြတ်လျှင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၁၂၄(က)ဖြင့် အာဏာပိုင်တွေမှ တာဆီးခွင့်ရှိကြောင်း၊ ပြစ်ဒဏ်သည် အနည်းဆုံး ၃ နှစ်ရှိပြီး တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိပေးနိုင်ကြောင်း အောက်တိုဘာလထုတ် ပြည်တွင်းမှ မှုခင်းသတင်းဂျာနယ်တွင် လူရွှင်တော်များအား ချိန်းခြောက်ဖော်ပြထားခြင်းဖြစ်ပါသည်။

ဗွီဒီယိုသတင်းမှတ်တမ်းတင်သူ - ko maungtoo

Johns Hopkins တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာ့အရေး ဆွေးနွေးပွဲ တက်ရောက်သူတို့ သဘောထားအမြင်များ

မြန်မာစစ်အစိုးရ ခိုင်မာတဲ့ နိုင်ငံရေး ခြေလှမ်းတွေ လှမ်းဖို့ အမေရိကန် ထိပ်တန်းသံတမန် တိုက်တွန်း

voanews

မြန်မာနိုင်ငံအပေါ် မူဝါဒသစ်တွေ ကျင့်သုံးဖို့ ပြင်ဆင်နေတဲ့ အမေရိကန် ပြည်ထောင်စုက အဆင့်မြင့် သံတမန်တွေရဲ့ ခရီးစဉ် မနေ့တုန်းက အဆုံးသတ်ခဲ့တဲ့ နေရာမှာ မြန်မာ့နိုင်ငံရေး အသိုင်းအ၀န်းက သက်ဆိုင်သူ အတော်များများနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခွင့် ရခဲ့တယ်လို့ ခရီးစဉ်ကို ဦးဆောင်သူ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အဆင့်မြင့် သံတမန် ဆက်ဆံမှုတွေ မရှိခဲ့တာ ဆယ်စုနှစ် တခုနီးပါး ရှိနေရာက အခုလို စတင်ဆက်သွယ်မှုတွေ ရှိလာနေပေမဲ့လည်း ဒီထက်ပို တိုးတက်တဲ့ ဆက်ဆံရေးတွေ ဖြစ်ဖို့အတွက်ကတော့ စစ်အစိုးရဘက်က နောက်ထပ်ဆောင်ရွက်ဖို့ လိုနေသေးတဲ့ အကြောင်းလည်း သူက ပြောခဲ့ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

U.S. Assistant Secretary of State Kurt Campbell talks to journalists at Mingalardon airport in Yangon, Myanmar, Nov. 4, 2009.AP
မစ္စတာကာ့တ်ကမ်းဘဲလ် မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
နိုဝင်ဘာ ၄၊ ၂၀၀၉။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) နဲ့ သူ့ရဲ့ လက်ထောက်တဦးဖြစ်တဲ့ စကော့ မာဆီယယ် (Scot Marciel) တို့ ဦးဆောင်ပြီး သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်းမှာတော့ ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံရေးအရ ပိုမိုဆောင်ရွက်ခွင့် ရစေဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ပေါ်စေဖို့ ဒီလိုလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ခရီးစဉ်အဆုံး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာပါ။

“ဒီလို ဆွေးနွေးပြောဆိုမှုမျိုးက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ မြန်မာနိုင်ငံထဲက နိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ဒီအခြေအနေကို ဦးတည်စေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သက်ဆိုင်သူ ပုဂ္ဂိုလ်တွေ၊ အထူးသဖြင့်ကတော့ သူ့ပါတီက ဗဟိုအလုပ်အမှုဆောင်တွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နိုင်အောင် မြန်မာစစ်အစိုးရက ခွင့်ပေးဖို့အတွက်လည်း ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပိုင်တွေက သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မနေ့တုန်းက တွေ့ဆုံခွင့်ပြုပေမဲ့ ဒီအထဲမှာ ပါတီ ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ သူ့လိုပဲ နေအိမ်မှာ အကျယ်ချုပ် ဖမ်းဆီးခံနေရတဲ့ ဦးတင်ဦး မပါဝင်တဲ့အတွက် ငြင်းဆန်ခဲ့တယ်လို့ စစ်အစိုးရပိုင် သတင်းတွေက ဖော်ပြခဲ့ပါတယ်။ NLD ပါတီ အတွင်းရေးမှူးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ နည်းလမ်းကျတယ်လို့ ဆိုပါတယ်။

“ကျနော့်သဘော ပြောရရင် ကျနော်က ဒေါ်စုနဲ့ မတွေ့တာလည်း နှစ်ပေါင်း ၂၀ ကျော်ပြီ။ ကျနော် အကြာဆုံးပေါ့ဗျာ၊ မတွေ့တဲ့လူထဲမှာ။ ဦးတင်ဦးနဲ့လည်း နှစ်ပေါင်း ၂၀ ကျော်ပြီ၊ မတွေ့ရဘူး။ အဲတော့ ဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျနော် မတွေ့လိုက်ရတဲ့ အတွက်တော့ ကျနော့်အဖို့ကတော့ အများကြီးကို စိတ်မကောင်းဖြစ်စရာ ကိစ္စပဲ။ သို့သော် ဒေါ်စုလုပ်တာ Morally မှန်တယ်ဗျ၊ ဒီလိုလုပ်ရမယ်။

“ဆိုပါတော့ဗျာ၊ NLD မှာ ကျနော်နဲ့ ဦးခင်မောင်ဆွေဆိုရင် စစ်အစိုးရက တရားဝင် CEC မဟုတ်ဘူးဆိုပြီး အမြဲတမ်း ပယ်ပယ်ချတယ်။ ဂမ်ဘာရီနဲ့ခေါ်တယ်၊ ကျနော်တို့ မပါဘူး။ မစ္စတာဘန်ကီမွန်းနဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ဂျင်မ်ဝက်ဘ်နဲ့ တွေ့တယ်၊ ကျနော်တို့ မပါဘူး။ ကျနော်တို့ စစ်အစိုးရလုပ်တိုင်း ခံခဲ့ရတာတွေ အများကြီးရှိတယ်။ နေရာတိုင်းမှာ ကျနော်က ငုံ့မခံနိုင်ဘူး။ သည်းညည်းခံတာက တမျိုးဗျာ၊ ငုံ့မခံနိုင်ဘူး။ ဒေါ်စုလုပ်တာ ကျနော် ထောက်ခံတယ်။ ဒါ နည်းကိုယူရမယ့်ကိစ္စ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးရှိဖို့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်ဖို့ စတာတွေအတွက် အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန် ထောက်ခံကြောင်း ပြသဖို့ ဒီခရီးစဉ်က ရည်ရွယ်ထားကြောင်းလည်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ခရီးစဉ်အဆုံးမှာ ကြေညာချက်တစောင် ထုတ်ြပန် ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဒီလို အမေရိကန် ပြည်ထောင်စုဘက်က မျှော်လင့်ထားသလို၊ လိုလားသလို စစ်အစိုးရဘက်က လိုက်နာ ဆောင်ရွက်လာပါ့မလား ဆိုတာတွေကိုတော့ သံသယတွေ ရှိနေတာပါ။

အထူးသဖြင့်ကတော့ ထောင်ဂဏန်းချီရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သလို အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေကလည်း မရပ်မနား ဖြစ်နေဆဲမို့ အမေရိကန်ရဲ့ အားထုတ်မှုတွေ အရာမရောက် ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးဖြစ်တဲ့ Amnesty International အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က ဆိုပါတယ်။

“ဒါက အခု ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်နိုင်တဲ့ တကယ့်ကို စိုးရိမ်စရာ ကိစ္စပါ။ အမေရိကန် မူဝါဒ ပြန်လည်သုံးသပ်ချက် ရလဒ်တွေကို ကြေညာလိုက်ချိန်က စလို့ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးလိုက်တာ ၁၂၈ ယောက် ရှိပါတယ်။ ဒါပေမဲ့လည်း တကယ်တမ်း အဖမ်းခံထားရတဲ့သူ ၂,၁၀၀ ကျော် ရှိနေတဲ့ အခြေအနေမှာတော့ ဒါဟာ ရေပေါက်လေး တပေါက်လောက်သာ ရှိပါတယ်။ ပြီးခဲ့တဲ့ တပတ်တည်းမှာလည်း လူ ၅၀ လောက်ကို လမ်းတွေပေါ်မှာ သိမ်းကျုံးဖမ်းဆီးပြီး ထောင်ချလိုက်တာလည်း ရှိပါသေးတယ်။”

လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ်ကတော့ အမေရိကန်အနေနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေမှာ တိုးတက်စေဖို့ ခြေလှမ်းတွေ လှမ်းဖို့ ပြင်ဆင်ထားတဲ့အကြောင်း၊ ဒါပေမဲ့လည်း ဒီကိစ္စတွေကို တဆင့်ချင်း လုပ်သွားမှာ ဖြစ်သလို မြန်မာစစ်အစိုးရဘက်က အပြန်အလှန် တုံ့ပြန်ဆောင်ရွက်မှုတွေ၊ ခိုင်မာတဲ့ ကြိုးပမ်းမှုတွေ အပေါ်မှာ မူတည်မယ့်အကြောင်းလည်း ပြောခဲ့တာပါ။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရဘက်က နိုင်ငံရေးအရ တိုးတက်မှုတွေ လုပ်ဆောင်လာမယ်ဆိုရင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့အထိ ဆက်ဆံရေးတွေကို တိုးမြှင့်သွားနိုင်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ဒီနှစ်ထဲတုန်းက သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အတွင်းမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဆက်ဆံမှုတွေ ဒီလိုအဆင့်အထိ ရောက်ဖို့ကတော့ မြန်မာစစ်အစိုးရဘက်က သိသာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိဖို့လိုတယ်၊ လတ်တလောမှာတော့ အရေးယူဒဏ်ခတ်မှုတွေ ဆက်လက်ထားရှိရင်း အခြေအနေတွေကို စောင့်ကြည့်သွားဦးမှာ ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မနေ့တုန်းကပဲ ပြောဆိုခဲ့ပါသေးတယ်။


 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger