dailyvid


1234
x

Latest Post

ငါ့သားကင်မရာ ပြန်ပေး

မြောက်ကိုရီးယားခေါင်းဆောင် သားငယ်ကို ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ခန့်

29.Sept.2010...VOA...
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il) က အာဏာရ ကွန်မြူနစ်ပါတီမှာ သူ့ရဲ့ အငယ်ဆုံးသားကို အဆင့်မြင့်ရာထူး တက်ပေးလိုက်ပါတယ်။ ဒါဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် လက်သပ်မွေးနေတာကို ပြသတဲ့ လက္ခဏာတရပ် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ဒီအပတ် ပါတီညီလာခံမှာ မစ္စတာ ကင်ဂျုံအန်း (Kim Jong Un) ကို ဗဟိုကော်မတီဝင်အဖြစ် အမည်တင်သွင်းကြောင်း မြောက်ကိုရီးယား နိုင်ငံတော်ပိုင် သတင်းဌာန KCNA က ဗုဒ္ဓဟူးနေ့မှာ ဆိုပါတယ်။ ကင်ဂျုံအန်းကို ပါတီမှာ တန်ခိုးအာဏာရှိတဲ့ ဗဟိုစစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်လိုက်ပါတယ်။ ဒီကော်မရှင်ကို ဖခင်ဖြစ်သူ ကင်ဂျုံအီးလ်က ဦးဆောင်ပါတယ်။
အင်္ဂါနေ့တုန်းကတော့ မြောက်ကိုရီးယား လက်နက်ကိုင်တပ်များရဲ့ ကြယ်လေးပွင့် ပခုံးတင် ဗိုလ်ချုပ်ကြီးအဖြစ် ကင်ဂျုံအန်းကို ခန့်အပ်ခဲ့တာပါ။
ကင်ဂျုံအန်းကို မြောက်ကိုရီးယားမှာတောင် လူသိပ်မသိကြပါဘူး။ သူ့အကြောင်းကို လျှို့ဝှက်အဖြစ် ထားပါတယ်။ သူဟာ အသက် ၂၇ နှစ် ရှိပြီလို့ ယူဆရပြီး ဆွစ်ဇာလန်မှာ ပညာသင်ခဲ့ပါတယ်။
အခုလို သူ တရှိန်ထိုး ရာထူးတွေ တက်လာတာဟာ သူ့အဖေ အသက် ၆၈ နှစ်အရွယ် ကင်ဂျုံအီးလ်ရဲ့ ကျန်းမာရေး အခြေအနေ မကောင်းတာကို ပြသနေပါတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်။ ၂၀၀၈ မှာ ကင်ဂျုံအီးလ် လေဖြတ်သွားခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ဒီအပတ်အတွင်းမှာ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတရပ် ကျင်းပမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ပြောလိုက်ပါတယ်။ ၂ နှစ်နီးနီးအတွင်း ဒီလို ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။

မြန်မာ့အရေး ကုလဦးဆောင်ဖြေရှင်းဖို့ ချက်သမတဟောင်း တိုက်တွန်း

29.Sept.2010...RFA...
ချက်သမတဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဗက်ဆလပ် ဟာဗဲလ်က စက်တင်ဘာ ၂၈ ရက် မနေ့က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆောင်းပါးတစောင် ရေးသားခဲ့ရာမှာ မြန်မာပြည်ပြဿနာကို ကုလသမဂ္ဂက ဦးဆောင်ဖြေရှင်းသင့်ကြောင်း အကြံပြုထားပါတယ်။ အဲဒီဆောင်းပါးမှာ ရေးသားထားတာကတော့ - လက်ရှိအခင်းအကျင်း အနေအထားတွေအရ လာမဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပဲ အာဏာရှင်စနစ်သာ ဆက်လက် တည်မြဲနေမှာ ဖြစ်ပါတယ်။ အခုလို မြန်မာပြည်ရဲ့ ကံကြမ္မာဟာ အာဏာရှင်ပုံစံသစ်မှာ လမ်းဆုံးမသွားခင် အချိန်ကပဲ ကုလသမဂ္ဂက အမျိုးသားရင်ကြားစေ့ရေး နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မြန်မြန် ထက်ထက်နဲ့ အားကောင်းမောင်းသန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရှေ့အနောက်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကုလသမဂ္ဂ ဦးဆောင်မှုနောက်မှာ ညီညီညွတ်ညွတ်နဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ဆွေးနွေးမှုတွေ စတင်နိုင်အောင် လုပ်ဆောင်ကြရမှာပါ။ အပြောနဲ့မဟုတ် အလုပ်နဲ့ ပြကြရမှာပါလို့ ရေးသား ထားပါတယ်။ 
ကုလသမဂ္ဂဟာ မြန်မာစစ်အစိုးရအပေါ် လက်နက်ပိတ်ဆို့ အရေးယူသင့်ပါတယ်။ မြန်မာကို လက်နက်ရောင်းတဲ့ တခြားနိုင်ငံတွေကိုလည်း ကြံရာပါတွေအဖြစ် အရေးယူနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားရဲ့ အဆိုပြုချက်အတိုင်း စစ်အစိုးရ ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းသင့်ပါတယ်။ စစ်အစိုးရနဲ့ အပေါင်းပါတွေကို စံနစ်တကျ စီးပွားရေး ပိတ်ဆို့သင့်ပါတယ်၊ ဒီလိုမှမဟုတ်ရင် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကို ဆက်လက် တွေ့မြင်နေရဦးမှာ ဖြစ်ပါတယ်လို့ ဗက်ဆလပ် ဟာဗဲလ်က ဆောင်းပါးမှာ ရေးသားထားပါတယ်။

နိုင်ငံတကာဝေဖန်ချက်ကို ကုလသမဂ္ဂမှာ စစ်အစိုးရဝန်ကြီး တုံ့ပြန်

29.Sept.2010...RFA...မြန်မာ့ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင် ဝေဖန်နေတာတွေကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ငြင်းဆိုလိုက်ပါတယ်။ လာမဲ့ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီ ယှဉ်ပြိုင်မှာ ဖြစ်လို့ ဒါဟာ အားလုံး ပါဝင်ခွင့် ပေးထားတာ ဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲတွေကို စနစ်တကျနဲ့ အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ထားကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။
“ကိုယ်စားလှယ်ပေါင်း သုံးထောင်ကျော် ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံမှာ ဖြစ်ပါတယ်။ ဒီ ယှဉ်ပြိုင်မှု ပမာဏကို ကြည့်ရင် ရွေးကောက်ပွဲဟာ အားလုံး ပါဝင်မှု ရှိတယ်ဆိုတာ ထင်ရှားပါတယ်။ နိုင်ငံရေး ပါတီများအနေနဲ့ သူတို့ရဲ့ မဲဆွယ် စည်းရုံးမှု လုပ်ငန်းစဉ်များကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ သူတို့အတွက် ပိုမို အကျိုးပြုမဲ့ ကိုယ်စားလှယ်လောင်းတွေကို စိတ်ကြိုက် ရွေးဖို့ ဒီမိုကရေစီ အခွင့်အလမ်းများ ရရှိကြမှာ ဖြစ်ပါတယ်။”
ဒါ့အပြင် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင်ဆောင်ရွက်ပေးမှာဖြစ်ပြီး၊ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမဲ့ အစိုးရကိုင်စွဲမဲ့ မူဝါဒကိုလည်း စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးက အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ရွေးကောက်ပွဲ အပြီးမှာ ပေါ်ထွန်းလာမဲ့ အစိုးရသစ်ဟာလည်း ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မာအောင် ထိန်းသိမ်း မြှင့်တင်ပြီးတော့ ကုလသမဂ္ဂနဲ့လည်း အတူတကွ ပိုမို နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲသွားမှာ ဖြစ်ပါတယ်။”
လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးက နောင်တက်လာမဲ့ အစိုးရရဲ့ မူဝါဒကို အခုလို ပြောဆိုသွားတာနဲ့ ပတ်သက်လို့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က အခုလို ဝေဖန်ပြောဆိုပါတယ်။
“နောင်တက်လာမဲ့ အစိုးရကိစ္စကို သူဘာမှ ပြောစရာ အကြောင်းမရှိဘူး။ နောင်တက်လာမဲ့ အစိုးရက ဒါ မျှော်လင့်တယ်ပဲ ပြောရမှာပဲလေ။ ဆိုတော့ သူက နောင်တက်လာမဲ့ အစိုးရ ဒီလိုဖြစ်တယ်ဆိုတော့ သူတို့ ကိုယ်တိုင်ပဲ အစိုးရ ဆက်လုပ်မှာပဲ ဆိုတဲ့ သဘောထားက သူတို့ ဆုံးဖြတ်ပိုင်ခွင့် အာဏာက သူတို့ လက်ထဲမှာပဲ ရှိနေတယ်ဆိုတဲ့ ပုံစံကို ဒါက သူက စစ်ဗိုလ်ချုပ်တွေရဲ့ သဘောထားကို indirectly  ဖော်ပြတာပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးပဲ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ယုံကြည်ရမဲ့ ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကြီးမှူးကျင်းပခဲ့တဲ့  မြန်မာ့ မိတ်ဆွေများ နိုင်ငံများ ဆွေးနွေးပွဲက ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ အဲဒီအဖွဲ့မှာ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံ ပါဝင်သလို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှားတို့လည်း ပါဝင်ပါတယ

ရှမ်းပြည် ပြည်သူ့စစ်များ မူးယစ်ဆေး အဓိက ထုတ်လုပ်လာ

29 Sept 2010...VOA...
အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ရှမ်းပြည်နယ်က ပြည်သူ့စစ် အဖွဲ့တွေဟာ အဓိက မူးယစ်ဆေး ထုတ်လုပ်သူတွေ ဖြစ်လာတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရင်က UWSA ၀တပ်ဖွဲ့နဲ့ ခွန်ဆာအဖွဲ့တို့လို တိုင်းရင်းသား လက်နက်ကိုင်တွေက ကြီးစိုးခဲ့ပေမဲ့ လက်ရှိမှာ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ဌာနေ ပြည်သူ့စစ်တွေက နေရာယူလာတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြည်သူ့စစ်တွေ မူးယစ်ဆေး ထုတ်လုပ်ဖို့ အခွင့်အလမ်း ပိုရလာတာဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ဆက်စပ်နေတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်က ဆိုပါတယ်။
“အဲဒါ ၂၀၀၉ နှစ်လယ်ပိုင်းလောက်ကစပြီး အပစ်ရပ် အဖွဲ့တွေကို နယ်ခြားစောင့် အသွင်ပြောင်းဖို့၊ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးလာပြီး နောက်ပိုင်း သူတို့လက်အောက်ခံ ဌာနေ ပြည်သူ့စစ်တွေကို ပိုပြီး ဦးစားပေးလာတာပေါ့၊ မီးစိမ်းပြလာတာပေါ့။ ပါးစပ်ကတော့ ပြောတာပေါ့၊ ပိတ်ပင်တယ်၊ တားဆီးတယ်၊ ဖြိုခွင်းတယ်၊ စသဖြင့်ပေါ့။ ဥပဒေအရ အရေးယူမယ်၊ ဘာညာပြောပေမဲ့ အပြောနဲ့ အလုပ်က တခြားစီပဲလေ၊ အဲဒါကြောင့် ဒီ ဌာနေပြည်သူ့စစ်တွေ ပိုပြီးတော့ အခွင့်အရေး ရလာတာပေါ့။”
ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဟာ ရှမ်းပြည်နယ်ထဲ ကွင်းဆင်းလေ့လာပြီး ဒီအစီရင်ခံစာကို ပြုစုထားတယ်လို့ သိရပါတယ်။ ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီထဲ ရှမ်းပြည်နယ်မှာရှိတဲ့ ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်မှာ ဘိန်းစိုက်ဆဲဖြစ်ပြီး စိုက်ပျိုးဧက တိုးလာပေမဲ့ ရာသီဥတုကြောင့် ဘိန်းအထွက် နည်းတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
အပစ်ရပ် အဖွဲ့တွေလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတုန်းလို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။
“လုံးဝ ကင်းရှင်းသွားပြီလို့တော့ ပြောလို့မရပါဘူး။ တနည်းတဖုံ အနည်းအကျဉ်း၊ တချို့တလေ သွယ်ဝိုက်ဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ် ပတ်သက်နေတာတော့ ရှိတာပဲ။ အင်အား ဆယ်ဂဏန်းရှိတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တောင်မှ မကင်းဘူး။ နအဖတပ်တောင်မှ မကင်းဘူး။ ကိုယ့်တပ် ကိုယ်ထောက်ပံ့ဖို့၊ ၀င်ငွေရဖို့ အဲဒါက တနည်းတလမ်း ဖြစ်တယ်လေ။”
ပြည်သူ့စစ်တွေနဲ့ နီးစပ်တဲ့ လားဟူ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင် ဦးဂျာဖတ်က ပြည်သူ့စစ်တွေက အခွင့်ထူးခံတွေလို့ ဆိုပါတယ်။
“ဒီ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေက အားလုံးလိုပဲ သူတို့ကို နအဖက အခွင့်ထူး ပေးထားသလို ဖြစ်နေတယ်။ လားဟူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ နအဖကို အထောက်ကူပြုတဲ့ အဖွဲ့တွေကတော့၊ သံလွင် အရှေ့ဘက်ခြမ်းမှာ နယ်ခြားစောင့် အဖွဲ့အစည်းကို မ၀င်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီတော့ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေလည်း ရှိနေတော့ သူ့ဘက်မှာ ပါတဲ့လူကိုတော့ အခွင့်အရေးတွေ အများကြီး ပေးတာပေါ့ဗျာ။”
ဒါပေမဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အရာရှိ တယောက်ကတော့ ပြည်သူ့စစ်တွေကို မူးယစ်ဆေး ထုတ်လုပ်ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
“ခင်ဗျားတို့ တာချီလိတ်ဘက်မှာ စုံစမ်းကြည့်လည်း သိနိုင်ပါတယ်။ အဲဒီဘက်မှာ နော်ခမ်းတို့ ဘာတို့ ဆိုတာတွေက အရင်တုန်းက ပြည်သူ့စစ်တွေပါပဲ။ သူတို့နဲ့ ပေါင်းလုပ်တယ် ဆိုတာတော့ မဟုတ်ဘူး။ နှိပ်ကွပ်လွှတ်လိုက်လို့ လာအိုဘက်ပြေးတဲ့ ကိစ္စတွေ ဘာတွေလည်း ရှိတာပဲ။”
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မှာ ဘိန်းဖြူကီလို ၁,၅၀၀ ကျော်နဲ့ စိတ်ကြွဆေးပြား ၂၃ သန်းကျော် ဖမ်းဆီးရမိတယ်လို့လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Test

This is BCJP.

မြန်မာစစ်အစိုးရ၏ ရက်စက်မှုကြောင့် ထွက်ပြေးလာရသော ဒုက္ခသည်များအား ဂျပန်နိုင်ငံမှ နွေးထွေးစွာ ကြိုဆိုပါသည်။

ယနေ့ (၂၈-၀၉-၂၀၁၀) နေ့ နံနက် ၇း၂၅ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့  နာရီတာလေဆိပ်သို့ ဂျပန်ပန်အဲယား-JAL FLIGHT
718 ဖြင့် ထိုင်းနိုင်ငံမှ ကရင် ဒုက္ခသည်(၁၈) ဦးဆိုက်ရောက်လာခဲ့ပြီး လေဆိပ်အတွင်း ဂျပန် လဝက ဖြတ်ခြင်း ခေတ္တအနား
ယူခြင်းနှင့် ကလေးငယ်များနေမကောင်းဖြစ်နေ၍ လေဆိပ်ဆေးခန်းတွင် ကလေးငယ်များအားဆေးကုသမှုများခံယူပြီး
နောက် မနက်(၉) နာရီတွင် လေဆိပ်အပြင်သို့ ထွက်လာခဲ့ကြရာ ဂျပန်နိုင်ငံရောက် ကရင်တိုင်းရင်းသားဒုက္ခသည်(၃၀)
ခန့် နှင့်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားဒီမိုကရေစီရေးလှုပ်ရှားသူ(၁၀) ဦးခန့် စုစုပေါင်း(၄၀) ကျော်မှ ကရင်ဘာသာ
ဆိုင်းဘုတ်များ မြန်မာ အင်္ဂလိပ် နှစ်ဘာသာပါ -
မြန်မာစစ်အစိုးရ၏ ရက်စက်မှုကြောင့် ထွက်ပြေးလာရသော ဒုက္ခသည်များအား ဂျပန်နိုင်ငံမှ နွေးထွေးစွာ ကြိုဆိုပါသည်။
Refugees from Burma (Myanmar) under the junta are warmly welcome to Japan.
ဟူသောဆိုင်းဘုတ်များကိုင်ဆောင်၍ ကြိုဆိုခဲ့ကြပါသည်။ ယနေ့ ဆိုက်ရောက်ရန်ရည်ရွယ်ထားသည်မှာ (၂၇) ဦးဖြစ်သော်လည်း
ကလေးငယ်များနေမကောင်းဖြစ်နေသောကြောင့် မဲဆောက်တွင် မိသားစုတစ်စု နှင့် ဘန်ကောက်တွင် မိသားစုတစ်စု ကျန်ရစ်
နေခဲ့ပြီး People forum of Burma မှ Yamamoto San က ပြောပြသည်မှာ အဆိုပါကျန်နေခဲ့သော မိသားစုနှစ်စုမှာ မိမိ ထိုင်း
နိုင်ငံသို့ သွားရောက်ခဲ့စဉ် ကသိရှိမိတ်ဆွေဖြစ်ခဲ့သူများဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ယနေ့ အဆိုပါမိသားစုများနှင့် ပြန်လည်
တွေ့ ဆုံရန်အားခဲပြီးကြိုးစားလာခဲ့သော်လဲ ပါမလာ၍ အလွန်စိတ်မကောင်းဖြစ်မိပါကြောင်းပြောကြားခဲ့ပါသည်။
လေဆိပ်အပြင်ဘက် ဘတ်စ် ကားပေါ်မတက်ခင်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ပထမဦးစွာ
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦး က ရှင်းလင်းပြောကြားခဲ့ပြီး ပြန်လှန်မေးခွန်းထုတ်ခြင်းများပြုလုပ်ခဲ့ပြီး
ယနေ့ ရောက်ရှိလာသောဒုက္ခသည်များထဲမှ ကရင်လူငယ်တစ်ဦးနှင့် ကရင်အမျိုးသမီးငယ်တစ်ဦး တို့ နှင့်လည်းမိတ်ဆက်
ပေးခြင်းကိုပြုလုပ်ခဲ့ပါသည်။
ယနေ့ နေ့ လည် (၃)နာရီခန့် မှစတင်၍ TBS News Birds တွင် UNHCR ညွှန်ကြားရေးမှူးချုပ် ဂျပန်လူမျိုး
မစ္စတာတာကီဂါဝါ မှရှင်းလင်းတင်ပြရာတွင်လည်း ဂျပန်နိုင်ငံသည် UNHCR မှတဆင့် ဒုက္ခသည်များအတွက် ဒေါ်လာသန်း
ပေါင်းများစွာနှစ်စဉ် ပေးအပ်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံအများစု က ဂျပန်နိုင်ငံသည် ဒုက္ခသည်များကိုလက်ခံလိုစိတ်မရှိ၍
၎င်းအစားငွေများစွာပေးအပ်နေခြင်းဖြစ်ကြောင်းရှုမြင်ပြီး မိမိ နိုင်ငံခြားတွင် UNHCR ဝန်ထမ်းအဖြစ်သွားရောက်လုပ်ကိုင်စဉ်
အထင်သေးသောမျက်လုံးဖြင့်အကြည့်ခံခဲ့ရ၍ မိမိအနေဖြင့် အလွန်စိတ်မကောင်းဖြစ်မိပါကြောင်း။ ယခုအခါ မြန်မာနိုင်ငံမှ ဒုက္ခ
သည်များကို မိမိတို့ ဂျပန်နိုင်ငံမှ စတင်လက်ခံခဲ့ရာ အာရှတိုက်မှ ဒုက္ခသည်များကို အာရှတိုက်နိုင်ငံတစ်နိုင်ငံက ပထမဦးဆုံး
စတင်လက်ခံခဲ့ခြင်းဖြစ်ပြီး မိမိအနေဖြင့်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အနေနှင့်
နှစ်စဉ် ဒုက္ခသည်သောင်းနှင့်ချီ၍ လက်ခံနေရာ အဆိုပါအရေအတွက်နှင့်နှိုင်းယှဉ် ပါက ဂျပန်နိုင်ငံက လက်ခံသော ဒုက္ခသည်
အရေအတွက်မှာ အလွန်နဲနေသေးကြောင်းပြောကြားခဲ့ပါသည်။ ယခုမှစ၍နိုင်ငံခြားရှိ ဒုက္ခသည်များကိုလက်ခံခြင်းနှင့် ဂျပန်နိုင်
ငံအတွင်းဒုက္ခသည်လျှောက်ထားသူများကို ဒုက္ခသည်အဖြစ် လက်ခံခြင်းနှစ်မျိုးစလုံးကို အတူယှဉ်တွဲ၍ တိုးချဲ့ မြှင့်တင်သွားခြင်း
ကိုပြုလုပ်ရမည်ဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။ ထို့ အပြင် ယနေ့ ရောက်ရှိလာသော ဒုက္ခသည်များ အများဆုံးစိုးရိမ်ပူပန်
ကြသော အရာများမှာ ဂျပန်နိုင်ငံတွင် မည်ကဲ့သို့ အသက်မွေးဝမ်းကြောင်းပြုလုပ်ရမည်နည်းဆိုသည်နှင့် ဂျပန်လူ့ အဖွဲ့ အစည်း
အတွင်းမည်ကဲ့သို့ ဝင်ဆန့် အောင်လုပ်ရမည်နည်း စသည်တို့ ဖြစ်ကြောင်းပြောကြားသွားပါသည်။ ထို့ အပြင် ဂျပန်နိုင်ငံသို့ 
ရောက်ရှိလာသော ဒုက္ခသည်များကို မည်ကဲ့သို့ ကူညီထောက်ပန့် မည်လဲဟူသောမေးခွန်းကိုပြန်လည်ဖြေကြားရာတွင် ဂျပန်
နိုင်ငံသည် ကမ္ဘာ့ ဒုက္ခသည်များအတွက် ငွေကြေးမြောက်မြားစွာထောက်ပန့် လျှက်ရှိရာ အဆိုပါထောက်ပန့် ငွေ၏ (၀.၁)ရာခိုင်နှုန်း
ကိုအသုံးပြုလျှင် ပင် လုံလောက်သည်ဟု မိမိထင်မြင်ကြောင်းနှင့် ဂျပန်အစိုးရက အမှန်တကယ်ပန့် ပိုးသင့်ကြောင်းပြောကြားသွား
ပါသည်။

ယနေ့ ရောက်ရှိလာသော ကရင်ဒုက္ခသည်များအတွက် ကရင်ဘာသာစကားပြန်အဖြစ် ဂျပန်နိုင်ငံရောက်ကရင်ဒုက္ခသည်
တစ်ဦးဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးကိုလုပ်ဆောင်လျှက်ရှိသော ကရင်အမျိုးသားနိုင်ငံရေးအဖွဲ့ အစည်းတစ်ခုဖြစ်သောKNL-JAPAN
ခေါင်းဆောင် ကိုစောဘလှသိန်းမှဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ရောက်ရှိလာသောကရင်ဒုက္ခသည်များကို (၆)လ ကြာသင်တန်းအမျိုး
ပေးမည်ဖြစ်ပြီး အဆိုပါကာလအတွင်း ပြင်ပသို့ အဆက်အသွယ်လုပ်ခွင့်ကိုကန့် သတ်ထားမည်ဖြစ်ပြီး သင်တန်းကာလ(၆) လအပြီး
တွင် မိမိတို့ ကြိုက်နှစ်သက်သလို ဂျပန်နိုင်ငံတွင်နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း ကိုစောဘလှသိန်းမှတဆင့်သိရှိ
ခဲ့ရပါသည်။
သို့ ဖြစ်ရာကရင်ဒုက္ခသည်များမိမိတို့ ခြေထောက်ပေါ်မိမိတို့ ရပ်တည်နိုင်ရန် ဂျပန်နိုင်ငံရှိမြန်မာနိုင်ငံသား
ဒီမိုကရေစီရေးအင်အားစုများအနေဖြင့် မိမိတို့ တတ်အားသရွေ့ အကူအညီပေးရန်တာဝန်ရှိပေသည်။
မြန်မာနိုင်ငံ၏ဒုက္ခသည်ပြဿနာမှာ မြန်မာနိုင်ငံအတွင်းယနေ့ အုပ်ချုပ်နေသော စစ်အာဏာရှင်
စနစ်၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်ရာ အဆိုပါမြန်မာပြည်တွင်းရှိ နိုင်ငံရေးပြဿနာကိုဖြေရှင်းရေးမှာ အဓိကနှင့်အခြေခံ
အကြောင်းအရင်းဖြစ်ရာ မြန်မာနိုင်ငံအတွင်း စစ်မှန်သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများဖြစ်ရန်အတွက် ဂျပန်နိုင်ငံအစိုးရအနေဖြင့်
အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများနှင့်အတူလက်တွဲ၍ မြန်မာစစ်အာဏာရှင်များအပေါ်ပိုမိုဖိအားပေး
လုပ်ဆောင်သွားမှသာလျှင် မြန်မာနိုင်ငံပြည်သူများအပေါ်အမှန်တကယ်ကူညီရာရောက်မည်ဖြစ်ပေသည်။

သတင်းမှတ်တမ်းနှင့်ဝေဖန်ချက်။ ။ ဘုန်းလှိုင်-FWUBC
ဗွီဒီယို-日テレNEWS24
ဓါတ်ပုံ-FWUBC

Cyber Attack တရုတ် လက်ချက်လား

September 28, 2010...ဧရာဝတီ...
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

under-attackဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

ငါ့သားကင်မရာ ပြန်ပေး

September 27, 2010...ဧရာဝတီ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

NAGAI_2
မစ္စတာ နာဂါအိ အုတ်ဂူ (ဓာတ်ပုံ-မောင်လတ်နီ)
မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေး ပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။
NAGAI_1
အုတ်ဂူရှေ့မှ ကျောက်သားဖြင့်ထုထားသည့် ကင်မရာပုံ (ဓာတ်ပုံ-မောင်လတ်နီ)


အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေး ပါဘူး။

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။    ။

U Mai Kyaw Oo

Interview With U Mai Kyaw Oo

Interviews

Interview with U Kyaw Kyaw Soe








Interviews

Interview with Director Thitthar

Interviews

Interview with AshinTawara ( New Dali )

နှစ်နိုင်ငံဆက်ဆံ ရေးကောင်းမွန်ဖို့











တရုတ်သဘောင်္ကပ္ပတိန်ကိုပြီးခဲ့တဲ့အပတ်ကပြန်လွှတ်ပေးခဲ့ပြီးတဲ့
နောက်ပိုင်းမှာတောင်တရုတ်ဘက်က
ဂျပန်နိုင်ငံအပေါ်တင်းမာတဲ့ရပ်တည်ချက်ကိုဆက်ပြီး
ကိုင်စွဲထားပါတယ်။တရုတ်နဲ့ထိုင်ဝမ်ကလည်းသူတို့ပိုင်
ဆိုင်တာလို့ပြောနေတဲ့ဆန်းကဆုကျွန်းစုတွေနားက
ဂျပန်ရေပိုင်နက်ထဲမှာ
တရုတ်ငါးဖမ်းသဘောင်္ကဂျပန်ကင်းလှည့်သဘောင်္နှစ်စီးကိုဝင်
တိုက်ခဲ့တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပက်သက်ပြီးမစ္စတာဆန်းကို့ခုက
တနလာင်္နေ့မှာအခုလိုပြောကြားခဲ့တာ
ဖြစ်ပါတယ်။
မစ္စတာဆန်းကို့ခုက"ဂျပန်အစိုးရဟာစုံစမ်းစစ်ဆေးရေးအရာ
ရှိတွေရဲ့ဆုံးဖြတ်ချက်ကိုအခြေခံပြီး
သဘောင်္ကပ္ပတိန်ကိုပြန်လွှတ်ခဲ့တာဖြစ်ပါတယ်။
ဂျပန်နိုင်ငံကတရုတ်နဲ့မဟာဗျုဟာကျတဲ့နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့
ဆက်ဆံရေးကိုပိုပြီးခိုင်မာလာအောင်လုပ်ဆောင်ဖို့အခုပြင်ဆင်နေ
တာဖြစ်ပါတယ်။နှစ်နိုင်ငံဆက်ဆံရေးအတွက်
ဘယ်အရာဟာအရေးကြီးသလဲဆိုတာနဲ့အဲဒီအတွက်ဘာတွေ
ဆောင်ရွက်ရမယ်ဆိုတာ
ကိုတရုတ်နိုင်ငံကတွေး
တောပြီးတရုတ်နိုင်ငံကအရင်စလုပ်ရမယ်လို့ပြောပါတယ်။
ဒါ့အပြင်ဂျပန်အစိုးရဟာပျက်စီးခဲ့ရတဲ့ဂျပန်ကင်းလှည့်
သဘောင်္တွေပြင်ဆင်ဖို့ကုန်ကျစရိတ်ကိုတရုတ်ကိုပေး
ဆောင်ခိုင်းမယ်လို့သူကပြောကြားသွားပါတယ်။"

လာဘ်စားမှုအပေါင်း သရဖူဆောင်းတော့သည်

27 Sept. 2010...ခေတ်ပြိုင်...
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက်နားက ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို ဇွန်လ (၂၆) ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်တွေ တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဗန်းမော်အခြေစိုက် စကခ (၂၁) ရဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ ပိုင်နက်ဧရိယာအတွင်း လုပ်ငန်းရှင် ရွှေဖောင်သမား (၂၀) ကျော်လောက် (စကခ) ရန်ပုံငွေအတွက် ရွှေဖောင်တစင်း ငွေကျပ် (၁၀) သိန်းစီ ပေးဆောင်ပြီး လုပ်ငန်းပြီးဆုံးခဲ့ရင် ရှာဖွေရသမျှ ရွှေသုံးပုံတပုံကိုလည်း စကခ (ဗန်းမော်) ထံ ပေးရမယ်ဆိုတဲ့ သဘောတူချက်များနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ မိမိလက်အောက်တပ်တွေ အခုလို ရန်ပုံငွေရှာတာကို အထက်ဌာန (မပခ) တိုင်းမှူးက လုံးဝသဘောမတူပါဘူး။ တိုင်းမှူးကပေးတဲ့ တားဆီးမိန့်အတိုင်း လက်အောက် (စကခ) မှူးက မလိုက်နာခဲ့ကြလို့လည်း တိုင်းကတပ်တွေ လွှတ်ပြီး ဖမ်းဆီးခဲ့ရတဲ့အခြေထိ ဆိုက်သွားခဲ့ပါတယ်။ စစ်တပ်အချင်းချင်း အထက်နဲ့အောက် အဆင်မပြေ ဖမ်းဆီးကြမှုတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များပါ ဘ၀ပျက်ကုန်ကြပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ တပြည်လုံးရှိ နအဖတပ်မတော်အတွင်း ထိပ်သီးတွေကြား အချင်းချင်း အဝေမတည့် မပြေလည်မှုများစွာအထဲက ပြယုဂ်တခုမျှပါ။ လုပ်ကွက်နဲ့ ခွင်ကောင်းပြီး ကြားပေါက်ရလမ်းရှိတဲ့ နေရာတွေကို တာဝန်ယူထားတဲ့ ဒေသစစ်ဆင်ရေး/ကွပ်ကဲရေးဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ စစ်ဗျူဟာ/နည်းဗျူဟာခေါ် ဗျူဟာများနဲ့ တပ်မတွေက အောက်ခြေ ဗိုလ်မှူးကြီးအဆင့်မှသည် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်များအဆင့်ထိ ရှိသူတွေဟာ အထက်ကို နားလည်မှုယူ ခွဲတမ်းပေး ပူဇော်ပသကြပြီးမှသာ ဒီလိုအကြံအဖန်ရှာခွင့် (သို့) လုပ်ပိုင်ခွင့်တွေရကြတာမို့ မဆန်းလှပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနဲ့ ဆက်စပ်နယ်မြေရှိ နယ်စပ်ဂိတ်ပေါက်များ၊ ယခင် ခုတ်လှဲခြင်းမပြုသေးတဲ့ အပျိုစင် သစ်တောများ၊ ရွှေ၊ သတ္တုသိုက်များ၊ ကျောက်မျက်မှော်များ … စတဲ့ သဘာဝသယံဇာတ ပေါများတဲ့ ဒေသတွေမှာ တာဝန်ကျသူ တပ်မ၊ စကခ၊ ဒကစ၊ ဗျူဟာမှူးတိုင်းဟာ နအဖခေတ် ငြိမ်းချမ်ရေးကာလတလျှောက် နှစ်ပေါင်း (၂၀) လုံးလုံး ၀င်ငွေတွေ ကောင်းခဲ့ကြပါတယ်။

အမိန့်ကို တသွေမတိမ်း လိုက်နာတတ်ဖို့အပြင် အထက်လူကြီးတွေကို မမေ့မလျော့ ကျေးဇူးသိတတ်ဖို့၊ နည်းလမ်းကျကျ ကန်တော့တတ်ဖို့ကလည်း နအဖတို့ခေတ်မှာ သိပ်ကိုအရေးကြီးတဲ့ ရာထူးတက်လမ်းတခုပါပဲ။ ကိုယ်လိုင်းဝင်တာမှန်ပါမှ လိုင်းလည်းဝင်တတ်ပါမှ အဆင်ပြေကြပါလိမ့်မယ်။ အသားလွတ်ကြီး သွားကန်တော့ရုံနဲ့ ဘယ်လိုမှ ကိစ္စမပြီးမြောက်တတ်ပါဘူး။ များသောအားဖြင့် ဒီကိစ္စတွေကို ဗိုလ်ချုပ်ကတော်များရဲ့ လိုင်း (မီးဖိုချောင် ကက်ဘိနက်) ကတဆင့် လုပ်လေ့ရှိကြပါတယ်။ ထူးထူးခြားခြားအဖြစ် မဆလ ဦးနေ၀င်းခေတ်မှာ တိုင်းမှူးကတော်တွေဟာ မီးဖိုချောင်ကနေ လာဘ်လာဘတွေ ၀င်လာမှာကို သိပ်ကြောက်ကြတယ်လို့ သိရပါတယ်။ အဲဒီခေတ်က ရာထူးမပြုတ်ချင်ရင် အိမ်မဆောက်နဲ့၊ မဖြစ်စလောက် တံစိုးလက်ဆောင်လေးတောင် မယူမိကြစေနဲ့လို့ တပ်ထဲမှာ ဆိုရိုးရှိခဲ့ကြပါတယ်။ လော်စစ်ဟန် လက်ဆောင်ပေးတဲ့ နာရီကို ယူမိလို့ ပြုတ်သွားတဲ့ ဗိုလ်မှူးကြီး၊ သက်သာဆိုင်က အိမ်ရိုက်သံတွေ ထုတ်ယူမိလို့ အဖြုတ်ခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် … စတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိခဲ့ကြဖူးပါတယ်။ ဦးနေ၀င်းက ဖြုတ်ချင်တဲ့သူတွေကို ဖယ်ရှားဖို့ အကြောင်းပြလို့ရအောင် အဲဒီလို အသေးအဖွဲကိစ္စလေးတွေကို ထောက်လှမ်းရေးက အမြဲတမ်း လိုက်စုံစမ်းပြီး မှတ်တမ်းတင်ပေးတဲ့ အလုပ်ကို လုပ်ပေးခဲ့ရပါတယ်။

အထက်လူကြီးအပြင် သူ့နံဘေးရှိ ကိုယ်နဲ့အဆင့်တူ ဂျီဝမ်း (G 1) ခေါ် စစ်ဦးစီး ပထမတန်း၊ ဂျီတူး (G 2) ခေါ် စစ်ဦးစီး ဒုတိယတန်းအရာရှိ လုပ်သူတွေကိုလည်း ကြည့်ပေါင်းသင်းတတ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်အထက်အဆင့်က ဒကစ၊ စကခ၊ တပ်မမှူးတွေနဲ့ ခွင်မိပြီး အဆင်ပြေနေရင်တောင် သူတို့အနားကပ်နေတဲ့ ဂျီဝမ်း၊ ဂျီတူးတွေက မကြည်ရင် မကြည်သလို ပညာပြလို့ ချောက်တွန်းခံရလို့ အဆင်မပြေဖြစ်ရတာတွေလည်း အမျိုးမျိုးရှိပါသေးတယ်။ ကြုံခဲ့တာလေးတခု ပြောရရင် ၂၀၀၅ ခုနှစ်တုန်းက လက်အောက်ခံစစ်ဗျူဟာနဲ့ စစ်ဗျူဟာအခြေချတွေဆီကနေပြီး ကယားပြည်နယ်ရှိ ဒေသစစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် (ဒကစ လွိုင်ကော်) မှူးက လှမ်းပြီး ခေါင်းပုံဖြတ်လေ့ ရှိပါတယ်။ (ဒကစ) ကို လိုင်းကြေးမသွင်းရင် သူ့နံဘေးက အရာရှိတွေဖြစ်တဲ့ ဂျီဝမ်း၊ ဂျီတူးတွေနဲ့ ဆက်ဆံမှု အဆင်မချောရင် အောက်က တက်လာတဲ့ တရားမ၀င် မှောင်ခိုကားတွေ၊ ခိုးတင်လာတဲ့ သစ်တွေနဲ့ မော်ချီးဘက်က တရားမ၀င် သယ်လာတဲ့ ခဲသတ္တုတွေကို လွိုင်ကော်က ဆီးပြီး ဖမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ အထက်နဲ့အောက်အကြား ဆက်ဆံရေး မပြေလည်သေးရင် ကုန်သည်တွေကို လမ်းမှာပဲ ပုန်းနေကြဖို့၊ တရားမ၀င် ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို တောထဲ ခေတ္တဖွက်ထားဖို့ ဗျူဟာမှူးများက ကြိုတင်သတိပေး ရှောင်ခိုင်းလေ့ရှိပါတယ်။

ဒါတောင်မှ နယ်မြေလှုပ်ရှားတပ်တွေကို ဒီသတင်းချပေးပြီး ဖွက်ထားတဲ့ ပစ္စည်းတွေကို တောနင်းပြီး ရှာကြဖို့ လွိုင်ကော် ဒကစမှူးက ထပ်ကွန့် လုပ်ခိုင်းတတ်တာမျိုးလည်း ရှိပါသေးတယ်။ စီးပွားရေးကိစ္စများနဲ့ ပတ်သက်ပြီး တပ်တွင်း အထက်နဲ့အောက် လူကြီးချင်း စည်းလုံးမှုပြိုကွဲနေတာမို့လည်း လက်အောက်တပ်ရင်းမှူးတွေကပါ ကလန်ကဆန် လိုက်လုပ်ကုန်တာကိုလည်း တွေ့ရပါသေးတယ်။ တက်လာသမျှ ၀စ်သောက်ခေါ် မှောင်ခိုသွင်းတဲ့ ကားတွေကို ဒကစ လွိုင်ကော်ကနေ ဆီးပြီး ဖမ်းနေချိန်မှာ နှစ်နိုင်ငံနယ်စပ်ကိစ္စ သွားတင်ပြဖို့အတွက် ၀စ်သောက်ကားသာမက လွိုင်ကော် (ဒကစ) ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ငြိမ်းအဖွဲ့ဝင် ဒရိုင်ဘာကိုခေါ် ကားမောင်းခိုင်းပြီး ဖားဆောင်း ခလရ (၁၃၅) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက် ဒကစ လွိုင်ကော်ကို ဘုကန့်လန့်တိုက်ပြီး တက်သွားခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ဒကစ လွိုင်ကော်လက်အောက်ခံ တပ်ရင်းမှူးများအနက် ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက်သာ သံမဏိသက်ရှည် တပ်ရင်းမှူးကြီးအဖြစ် (၁၀) နှစ်ကျော်မျှ ချောင်ထိုးထားခြင်း ခံခဲ့ရပါတော့တယ်။ ဘော်လခဲ ဗျူဟာမှူးနဲ့ လွိုင်ကော် ဒကစမှူးတို့အကြားက အဆင်မပြေမှုများကို တပ်တွင်းက ဆက်သွယ်ရေးစက်ကိုင်တဲ့ တပ်ရင်းမှူးတိုင်း၊ စက်သမားတိုင်း သိထားကြသလို ဖမ်းဆီးမယ့် သတင်းတွေကိုလည်း ဗျူဟာမှူးတွေထံ (ဒကစ လွိုင်ကော်) စက်သမားတွေကကြိုပြီး သတင်းပေးထားနှင့်တတ်ကြပါတယ်။ ကုန်သည်တွေက ဗျူဟာမှူး (အဘလေး) အတွက် တပုံး (တသိန်း) ဆိုရင် သတင်းပေးသူ စက်သမားများအတွက် တပြား (တသောင်း) နှုန်းလောက် ခွဲတမ်းပေးတတ်ကြရပါတယ်။

အခု မိုးမိတ် စကခမှူး ဖြစ်ရပုံကလည်း သူ့အထက်က တိုင်းမှူးရဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားတွေနဲ့ သွားငြိနေလို့ ပေါ်ပေါက်လာတဲ့ ပြဿနာတခုပါ။ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်ထဲမှာ အထက်လူကြီးများနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဆွေတော်မျိုးတော်တွေ၊ မကင်းရာမကင်းကြောင်း စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းချင်းတူတွေ လာပြီး လိုင်းဝင်ပူးနေတာမရှိ၊ ခွင်မညှိ၊ ရှင်းသန့်နေပါမှ အလုပ်ဖြစ် အဆင်ချောတတ်ပါတယ်။

ယခင် ဗိုလ်ချုပ်ခင်ညွန့်တို့လို ထောက်လှမ်းရေးများ ခေတ်ကောင်းစဉ်တုန်းက နအဖထိပ်သီး ဗိုလ်ချုပ်ကတော်နဲ့ သားသမီးများရဲ့ အကျိုးစီးပွားလုပ်ငန်းတွေကို သူတို့က ကြားဝင် အကျိုးဆောင်ပေးတတ်တာမို့ လိုင်းပူးပြီး ပြဿနာတက်တာမျိုးမရှိခဲ့ပါဘူး။ နအဖထိပ်သီး ဗိုလ်ချုပ်များအတွက်ရော ငြိမ်းအဖွဲ့များနဲ့ စီးပွားရေးသမားများသာမက လက်အောက် ဗျူဟာ၊ တပ်မမှူးတွေအပြင် နယ်ခံတပ်ရင်းမှူးတွေပါမကျန် အားလုံး အဆင်ပြေသွားအောင် ထောက်လှမ်းရေးတို့က ထိန်းညှိပြီး စီစဉ်ပေးတတ်ကြပါတယ်။

အခုရှိနေတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) များကတော့ ဒီကိစ္စမျိုးတွေမဆိုထားနဲ့၊ တပ်ရင်းမှူးအဆင့်ရှိသူရဲ့ အနားကိုတောင် ကပ်နိုင်တဲ့ အခွင့်အာဏာမရှိကြပါဘူး။ ကြားဝင်ထိန်းညှိပေးမယ့်သူတွေ မရှိကြတော့လို့လည်း အခုလိုမျိုးပြဿနာတွေနဲ့ ထိပ်တိုက်လာတိုးပြီး တိုင်း၊ တပ်မ၊ ဒကစ၊ ဗျူဟာ၊ ဂျီဝမ်း၊ ဂျီတူးများအကြားမှာ ပြဿနာတွေ တသီကြီး တက်ကုန်ကြရတာပါ။ ပြီးခဲ့တဲ့ (၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ) တုန်းကလည်း ဗန်းမော်ခရိုင်အတွင်း သစ်ကွက်များကို နေပြည်တော်က တိုက်ရိုက် တပ်တွေလွှတ်ပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေလည်း သီးခြားရှိပြန်ပါသေးတယ်။

အောက်ခြေ ဒကစနဲ့ ဗျူဟာတွေကို ဒီလိုနှိပ်ကွပ်နေပေမယ့် တိုင်းမှူးတွေနဲ့ နီးစပ်သူ ၀န်ကြီး ဗိုလ်ချုပ်တွေကိုယ်တိုင် လက်အောက် ဒကစ၊ စကခ ၊ ဗျူဟာ၊ စစ်ဗျူဟာ အခြေချ၊ တပ်မအဆင့်တွေကို ကျော်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ကွက်တွေလည်း အများကြီးရှိပါသေးတယ်။ ချင်းတွင်းမြစ်ရိုးတလျှောက်က ရွှေဖောင်တွေကို ဦးတေဇပိုင် ထူးကုမ္မဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး ရွှေရှာလိုတဲ့ စက်လှေတိုင်း အခွန်အဖြစ် ငွေနဲ့ တူးဖော်ရတဲ့ ရွှေ (၃) ကျပ်သားစီ အခွန်ပေးဆောင်ကြရပါတယ်။ အထက်ဗိုလ်ချုပ်ကြီးများ အားကိုးနဲ့ မူလကန်ထရိုက်ရထားသူ ဒေသခံ လုပ်ငန်းရှင်းတွေဆီကနေ ဦးတေဇရဲ့ ကုမ္ပဏီက အတင်းဝင်ပြီး အခွန်ကောက်စားတာပါ။ စစ်ကိုင်းတိုင်း မုံရွာဒေသ၊ ဆွဲလွဲ ရွှေမှော်တခုထဲမှာကို စက်လှေအစီးပေါင်း (၇၀၀) ကျော်ရှိတာမို့ ဦးတေဇရမယ့် အကျိုးအမြတ်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတယောက်ဖြစ်ပြီး ဒီလုပ်ငန်းခွင်ရှိ သူ့ကုမ္ပဏီထဲမှာလည်း နအဖဗိုလ်ချုပ်တွေ အတော်များများ အစုရှယ်ယာဝင်ထားကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း နှောပင်ရေနံမှော်ထဲက ကိစ္စကလည်း ဒီလိုအလားတူ ဖြစ်ရပ်မျိုးပါပဲ။ မကွေးတိုင်းမှူးရဲ့အစ်မ ပိုင်ဆိုင်တဲ့ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီက ဆန္ဒပြလုပ်သားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး တခြားလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာမျိုးတွေကို လုပ်ခဲ့ကြပါတယ်။ ရွှေကြောအသစ်တွေ ထွက်ရှိနေတဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရွှေလုပ်ကွက်များအတွင်း ကုမ္ပဏီကြီး (၇) ခု ရှိတဲ့အနက် ဗိုလ်မှူးချုပ်ပြည့်စုံ မိသားစုပိုင် အေးမြပြည့်စုံကုမ္ပဏီ အပါအ၀င် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်နဲ့ နီးစပ်သူ DKBA လို ငြိမ်းချမ်းရေးအဖွဲ့ပိုင် ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

ဝန်ကြီးဌာနများ ခွင့်ပြုချက်အရ ရန်ကုန်၊ မန္တလေးတိုင်းမှူးတွေ ကိုယ်တိုင်ငြိမ်းအဖွဲ့တချို့နဲ့ ချိတ်ဆက်လုပ်နေကြတဲ့ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှုတွေ အပါအ၀င် ကျောက်လုပ်ကွက်၊ သစ်လုပ်ကွက်၊ ရွှေမှော် စတဲ့ လုပ်ငန်းတွေကို အောက်ခြေဗျူဟာ၊ ဒကစ၊ စကခများအနေနဲ့ လာဘ်ယူဖို့ရာမပြောနဲ့ စစ်ဆေးခွင့်တောင် လုံးဝမရှိပါဘူး။ နောက်ဆုံး တိုင်းမှူးခွင့်ပြုပေးခံရတဲ့ စီးပွားရေးသမား ကုန်သည်တွေ ငြိုငြင်အောင်တောင် ဒကစမှူး ဗျူဟာမှူးတွေ မလုပ်ဝံ့ကြပါဘူး။ တိုင်းမှူးနဲ့ အဆင်ပြေတဲ့ စီးပွားရေးသမားဟာ ဗျူဟာမှူးထက် ပိုပြီး တန်ခိုးထွားလေ့ရှိတာ ဒီကနေ့ နအဖတို့ခေတ်ပါပဲ။

၂၀၁၀ ခုနှစ် ဇူလိုင်လပိုင်းအထိ ကယားပြည်နယ်က ကရင်နီအမျိုးသားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (ကမစည) ခေါ် ကြယ်ဖြူအဖွဲ့နဲ့ မန္တလေးတိုင်းမှူးတို့က တလိုင်း၊ တောင်ပိုင်း ကရင်ပြည်နယ် ဒီကေဘီအေလမ်းမှ ရန်ကုန်သို့ တသွယ်၊ အရှေ့မြောက် မိုင်းလားလမ်းဘက်က မန္တလေးအထိ တဖုံ … စသည်ဖြင့် ၀စ်သောက်လို့ ခေါ်တဲ့ မှောင်ခိုကားတွေကို မြန်မာပြည်အတွင်း နေ့စဉ်နဲ့အမျှ မှောင်ခိုတင်သွင်းနေခဲ့ကြပါတယ်။ ဒါတွေအားလုံးကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစက်မှုဇုန်များအတွက်လို့ ခေါင်းစဉ်တပ်ပြီး ၀န်ကြီးဌာနများရဲ့ ထောက်ခံစာ၊ သက်ဆိုင်ရာ တိုင်းမှူး အသီးသီးရဲ့ နားလည်ခွင့်ပြုချက်များအရ တပ်ရင်းနဲ့ ဗျူဟာတို့ရဲ့ စစ်ဆင်ရေးနယ်မြေဂိတ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်တွေ ပေးထားပါတယ်။ အဲဒီလို လမ်းကြောင်းတွေကတဆင့် တိုင်းမှူးနဲ့ ၀န်ကြီးတွေ ပူးတွဲတင်သွင်းနေတဲ့ ကားတွေကိုပဲ ပြန်ပုံစံပြောင်းပြီး ပြည်တွင်းစက်မှုဇုန်ထုတ်ကားများအဖြစ် ထုတ်လုပ်နေကြတာပါ။

ဒီကနေ့ မြန်မာ့တပ်မတော်ထဲက လာဘ်စားနေတဲ့ ဗျူဟာမှူး၊ ဒကစမှူး၊ တိုင်းမှူးတွေအကြောင်း ပြောရရင် လက်ညှိုထိုးလွတ်မယ့်သူ တယောက်မှ ကျန်စရာမရှိပါဘူး။ တပ်ရင်းမှူးဘ၀ ဒု-ဗိုလ်မှူးကြီးအဆင့်ကနေ အထက်ကို တဆင့်တက်လှမ်းတက်နိုင်ဖို့အတွက် ဗျူဟာမှူး အဆင့်အတန်းဟာ နအဖတပ်မတော် ထိပ်သီးအတွင်းစည်းဝိုင်းထဲ ၀င်ရောက်ဖို့ရာ အာဏာတံခါးဝတခုပါ။ ဒီဂိတ်ကို ဖြတ်သန်းပြီးမှ နောက်ထပ်တဆင့် စကခ/ ဒကစမှူး/ တပ်မမှူး/ တိုင်းမှူးများအဖြစ် (ဗိုလ်ချုပ်အဆင့်ထိ) သူတို့ရောက်ရှိကြပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သဘောကျပြီး သူခိုင်းရာလုပ်မယ့်သူတွေကိုသာ တပ်မမှူး/ တိုင်းမှူးများအဆင့်ကနေ ရှေ့ကို တဆင့်တက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များအဖြစ် တာဝန်ပေးအပ်ပါလိမ့်မယ်။ သာမန်စစ်ရေးစွမ်းရည်၊ စစ်မှုထမ်းသက်လောက်နဲ့ ရာထူးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်သူမှ နအဖထိပ်သီးများ အတွင်းစည်းကို လွယ်လွယ်လေးနဲ့ မရောက်လာနိုင်ပါဘူး။

အရာရှိငယ်အဆင့် တပ်စုမှူးဘ၀မှာကတည်းက အထက်ဖား အောက်ဖိ များများကျင့်သုံးပြနိုင်ပါမှ မြန်မြန်တဆင့်တိုး ရာထူးတက်ပြီး အသက်ရှည်နိုင်သလို ဗိုလ်မှူးများအထက် ဗျူဟာမှူးအဆင့်သည်လည်း အထက်ကပြောသမျှ သည်းခံ အဆဲအဆိုခံနိုင်တဲ့ ခန္တီပါရမီ၊ တိုင်း၊ တပ်မမှူးတွေ တောင်းသမျှ ပေးနိုင်ဖို့ အကြံအဖန်ကောင်းကောင်း၊ ခွင်ကောင်းကောင်းကို လိုက်ရှာ၊ အထက်နဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ကိုင်တတ်တဲ့ အရည်အချင်းများ၊ လက်အောက်ခံ တပ်ရင်းတွေကို ပိပြားနေအောင် ကွပ်ညပ်စီမံထားတတ်မှု၊ အထက်ကခိုင်းရင် ဘာမဆိုလုပ်ပေးနိုင်မယ့် နာခံမှု အစွမ်းအစလေးတွေ ရှိပါလေမှ ဗျူဟာမှူးဘ၀ကနေ ရာထူးဆက်ပြီး တိုးမြင့်ပါလိမ့်မယ်။ နောင်တနေ့ ဗိုလ်ချုပ်ဖြစ်လိုသူတိုင်းအတွက် ဗျူဟာမှူးဘ၀ကတည်းက လိုအပ်တဲ့ ပါရမီ အသွယ်သွယ် ဖြည့်ဆည်းတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။

ကကကြည်းကနေပြီး အရေးကိစ္စပေါင်းစုံအတွက် အကြောင်းအမျိုးမျိုးပြ အခါမလပ် ငွေကောက်ခံတတ်တာမို့လည်း မိမိတို့ဗျူဟာအလိုက် အချိုးကျ ထည့်ဝင်ကြဖို့အရေး အကြံအဖန်တွေ လိုအပ်ကြောင်း၊ တချို့ဗျူဟာမှူးများက ဆင်ခြေပေးကြပါတယ်။ နေပြည်တော်က အလှူအတန်းကိစ္စများ၊ ကြက်ဆူ၊ ရော်ဘာစိုက်စီမံကိန်း၊ စစ်တိုင်းအလိုက် အားကစား၊ အခမ်းအနား၊ သာရေးနာမှု … စတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ လက်အောက် တိုင်း၊ တပ်မ၊ ဒကစ၊ စကခ၊ စဗခ၊ ဗျူဟာ၊ တပ်ရင်းအသီးသီးကို ခွဲတမ်းချပြီး အမြဲတမ်း ကောက်ခံလေ့ရှိပါတယ်။ လက်ရှိအဆင့်က ရှေ့ဆက်ရာထူး မတက်ဘဲ အရပ်ဘက် ရောက်မသွားခင်လေးမှာ အထက်တောင်းခံလို့ ထည့်ရမယ့်ငွေထက် ပိုပြီး အရင်းအနှီး ပိုမိုစုဆောင်းရှာဖွေနေကြတဲ့ ဗျူဟာမှူးများသာ နအဖတပ်ထဲမှာ အများစုပါ။

နအဖတပ်တွင်းမှာ ဗျူဟာမှူးအဆင့်ကနေ စစ်သက်ကြွေသွားရှာသူ အရာရှိအတော်များများ ရှိတတ်တာမို့ နောက်ဆုံးရိက္ခာယူကြတဲ့အနေနဲ့ ဗျူဟာမှူးတိုင်း လာဘ်စားနေတာ မဆန်းလှပါဘူး။ ဆယ်ဂဏန်းလောက်သာ လူရှိတဲ့ ကိုယ့်ရုံးအဖွဲ့ကလွဲပြီး ပြန်လှည့်၊ ငဲ့ကွက်စရာ မရှိတာကြောင့် ဗျူဟာမှူးနဲ့ အထက်အဆင့် အရာရှိတွေအဖို့တော့ ရသမျှ အကြံအဖန်ငွေ ဟူသမျှ ကိုယ့်အိတ်ကပ်ထဲချည်းပဲဝင် ဆိုသလိုမျိုးပါ။ ဒါတောင် ဗျူဟာမှူးအဆင့်ရှိသူများအတွက် နိုင်ငံတော်က တရားဝင် ချပေးထားတဲ့ မြေကွက်တွေ၊ ကား၊ တယ်လီဖုန်း၊ ဒီဇယ်၊ ဓာတ်ဆီ … စတဲ့ ခွဲတမ်းတွေ မပါသေးပါဘူး။ သာမန်တပ်ရင်းမှူးအဆင့်တွေ ရနေတဲ့ အခွင့်အရေးများထက်ကို အရေအတွက်နဲ့ အရည်အချင်းအရပါ များပြားတဲ့ ခံစားနိုင်ခွင့်တွေကို ဗျူဟာမှူးတိုင်းရကြပါတယ်။

ဒါတွေအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ အစုရှယ်ယာထည့်ပြီး ရတဲ့အမြတ်ငွေကို မိုက်ကြေးခွဲ တောင်းယူတတ်ကြတဲ့ ဗျူဟာမှူးကတော်တို့ရဲ့ မောင်တထမ်း မယ်တရွက်ဆိုသလို သီးသန့် အကြံအဖန်လိုင်းတွေလည်း ထပ်ရှိပါသေးတယ်။ ကွန်ဟိန်း ဗျူဟာမှူးကတော်တယောက်က နှစ်လုံးထီနဲ့ ချဲဒိုင်မှာ အစုရှယ်ယာ ပါဝင်ထားသလို ဒကစ (လွိုင်ကော်) လက်အောက်က ဗျူဟာမှူးကတော်တွေလည်း မော်ချီးက ခဲမှောင်ခိုသယ်တဲ့ ကိစ္စတွေမှာ ၀င်ပတ်သက်နေကြပါတယ်။ ဆိုင်ကယ်မှောင်ခို၊ လူမှောင်ခို ကယ်ရီပို့တဲ့ လုပ်ငန်းတွေမှာ ရှမ်းမြောက်က ဗျူဟာမှူးကတော်တွေ ၀င်ရောက်လှုပ်ရှားလေ့ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း မိုးနဲ၊ လင်းခေးဘက်က ရှမ်းလူမျိုး အလုပ်ရှာဖွေသူတွေဟာ ဗျူဟာမှူးကတော်တယောက် အကူအညီနဲ့ ကယားပြည်နယ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ဘက်အထိ အသုတ်လိုက်တက် အလုပ်သွားလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နယ်စပ်ဖြတ်ကျော် အလုပ်လာရှာသူ ဆီဆိုင်ဘက်က ပအို့လူမျိုးအချို့ကတော့ နယ်စပ်ဂိတ်အဖွဲ့ပေါင်းစုံရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

စီးပွားရေးလမ်းလည်းမကျ၊ ဝေးလံခေါင်သီဒေသမှာ တာဝန်ကျသူ ဗျူဟာမှူးများအဖို့တော့ လက်အောက်တပ်ရင်းတွေကို လှည့်စစ်တဲ့အချိန်နဲ့ ရှေ့တန်းစခန်းတွေ နယ်လှည့်ထွက်တဲ့အခါမျိုးမှသာ အကြံအဖန်တွေ ရတတ်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက မစိုက်ဘဲ ဒေသခံစီးပွားရေးသမား အငယ်စားလေးတွေဆီကနေ အဘလေး (ဗျူဟာမှူး) ကန်တော့ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုက်ကြေးခွဲ ငွေကောက်ခံပြီး လာတဲ့ ဗျူဟာမှူးတိုင်း အဆင်ပြေအောင် လက်အောက်တပ်ရင်းမှူးတွေက လုပ်ပေးရပါတယ်။ ဒီကြားထဲ ပြုတ်ချင်ပြုတ် လာဘ်စားမယ်ဆိုတဲ့ ကမ်းကုန်အောင် လာဘ်စားတတ်သူ ဗျူဟာမှူးတချို့ကိုလည်း တွေ့ရပါသေးတယ်။ ဖယ်ခုံအခြေစိုက် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဆိုရင် စစ်ဆင်ရေးတာဝန်အပြီး အပြန်မှာ မှောင်ခို ဟိုင်းလက်ကားတစီးကို အတင်းအဓမ္မ တောင်းယူသွားခဲ့တဲ့အထိကို လာဘ်စားရာမှာ နာမည်ပျက်ခဲ့ပါတယ်။

တကယ်တော့ နအဖတပ်မတော်အတွင်းက ရေပေါ်ဆီလူတန်းစားဟာ ဗိုလ်ချုပ်နဲ့အထက် အဆင့်ရှိသူတွေဖြစ်ပြီး ကိုယ်ပိုင်အရင်းအနှီး သိန်းသန်းပေါင်းများစွာကို အကျိုးတူ ကုမ္ပဏီများစွာမှာ ရင်းနှီးပြီး စည်းစိမ်အိုးအိမ် ပိုင်ဆိုင်မှုပေါင်းများစွာနဲ့ သူတို့ဆယ်သက် စားမကုန်အောင် ချမ်းသာနေကြတယ်ဆိုရင် အောက်အဆင့် ဗျူဟာမှူးတွေရဲ့ချမ်းသာမှုဟာ အကြမ်းဖျင်းပမာဏ သိန်းထောင်တချို့အောက် လျောလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့်မို့ တပ်မတော်အတွင်းက ဗျူဟာမှူးဆိုတဲ့ ရာထူးဟာ ဗိုလ်ချုပ်မှူးကြီး အနားကို ရှေ့တဆင့်တိုးပြီး ရောက်ရှိဖို့ရာ နအဖကောင်စီရဲ့ အာဏာတံခါးဝအစ (သို့) လာဘ်စားမှုတို့ရဲ့ လှေခါးထစ်အဆင့်တခုသာ ဖြစ်ပါတယ်။

ဒီကနေ ရှေ့တထစ်ဆက်ပြီး ရာထူးတက်ချင်ရင် အဆင့်မြင့်မြင့် ကျွမ်းကျင်လိမ္မာပါးနပ်စွာ လာဘ်စားသွားတတ်ဖို့ အရေးကြီးပါတယ်။ အစားမတတ်ရင် မိုးမိတ် စကခမှူး၊ ဗျူဟာမှူးတွေလို ဒီဘ၀ဒီမျှနဲ့ နိဋ္ဌိတံသွားဖို့ လမ်းများသာ ပွင့်နေပါလိမ့်မယ်။ လက်ရှိအဆင့်ကနေ ဒု-တပ်မမှူး၊ တပ်မမှူး၊ ဒု-တိုင်းမှူး၊ တိုင်းမှူးတွေအဖြစ် ဆက်ပြီး ရာထူးတက်ချင်သေးရင် လက်ရှိ ဗျူဟာမှူးဘ၀ထဲမှာကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းညှိလာဘ်စားတတ်တဲ့ သင်ခန်းစာကို သူတို့ ကျေညက်အောင် လေ့ကျင့်ထားရပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်ဖြင့် သက်တမ်းမစေ့ခင် ဗျူဟာမှူးဘ၀က ပြုတ်ပြီး ကံကောင်းထောက်မစွာဖြင့် အကပ်ကောင်း အဖားတော်ပါမှ အရပ်ဘက် ညွှန်မှူးများဘ၀ကို မြန်းရမယ့်ကိန်း မြင်ပါလိမ့်မယ်။

လာဘ်စားမှုတွေ တချက်တစက်ကလေးမှ မရှိကြဘူးဆိုရင် နအဖတပ်မတော် ထိပ်သီးများကိုယ်တိုင်ရော သူတို့ရတဲ့ လစာငွေလောက်နဲ့ တပ်မတော်အတွင်းထဲမှာ စံပြတပ်မှူးကြီးများအဖြစ် ဆက်တာဝန်ယူနေဦးမှာလားဆိုတာ မေးစရာကောင်းလှတဲ့ မေးခွန်းတခုပါပဲ။ ။
X
Your Name
Your Email
Your Friend Email
Your Messages



Interviews

Interview with U Ko Ko Aung,Director of DFB Japan

ရွေးကောက်ပွဲဝင်မည့်သူများ မျှော်လင့်ချက်မရှိဟု ဦးဝင်းတင် ပြောကြား

27 Sept. 2010...ခေတ်ပြိုင်...နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်သူများသည် သားသတ်ရုံသို့ အပို့ခံရသည့်နွားများနည်းတူ မည်သည့်မျှော်လင့်ချက်မှ မရှိတော့ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ယနေ့ကျရောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) နှစ်ပြည့်အခမ်းအနားတွင် ပြောကြားလိုက်သည်။

ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် အန်အယ်လ်ဒီပါတီကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတခုက သောင်ပြင်တွင် လွတ်နေသည့် ခွေးနှင့်တူသည်ဟု ပြောကြားခဲ့မှုကို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်တွင် အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေမှ ပြုလုပ်သည့် အန်အယ်လ်ဒီပါတီတည်ထောင်ခြင်း (၂၂) ပြည့် အခမ်းအနားသို့ ပေးပို့သည့် ရုပ်သံဖိုင်တွင် ဦးဝင်းတင်က “သောင်ပြင်မှာ လွတ်တဲ့ခွေးက ကမ်းဘက်ကို ပြန်ကူးလာနိုင်တယ်၊ ဟောင်လို့ရတယ်၊ ကိုက်လို့ရတယ်၊ မာန်ဖီလို့ ရတဲ့ အခွင့်အရေးတွေရှိတယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကတော့ သားသတ်ရုံကို အပို့ခံရတဲ့ နွားတွေလိုပဲ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး” ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသည့်အပြင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် အဖွဲ့အစည်းများသည်လည်း လက်ညိုးထောင်ခေါင်းငြိမ့်၊ ထားရာနေ စေရာသွား အနေအထားမှလွဲ၍ ဘာမှဖြစ်လာမည် မဟုတ်သည့်အတွက် ပြည်သူလူထုတရပ်လုံး ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန်လည်း ဦးဝင်းတင်က တိုက်တွန်းပြောကြားထားသည်။

စက်တင်ဘာ (၁၃) ရက်နေ့တွင် အန်အယ်လ်ဒီပါတီကို နအဖက နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သော်လည်း ပါတီမပျက်ဘဲ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပါတီမှချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ၏ ဥက္ကဋ္ဌ ဦးဗိုလ်သောင်းက ပြောသည်။

၎င်းက “သူ့ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံမတင်လို့ ဖျက်တာဖျက်ပေါ့၊ ပါတီမပျက်သွားပါဘူး။ အန်အယ်လ်ဒီဟာ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုထောက်ခံမှု အပြည့်အ၀ ရထားတဲ့ပါတီဖြစ်လို့ နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိနေတာဖြစ်တယ်။ ဆိုင်းဘုတ်ရှိမှ ရုံးရှိမှ လုပ်နိုင်တာမဟုတ်ဘူး။ လူထုကြားမှာနေပြီး လူထုနဲ့အတူ တိုက်ပွဲဝင်ပြီး ပါတီက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားမှာဖြစ်တယ်။ ပြည်သူကို ရာသက်ပန် စစ်ကျွန်ပြုမယ့် ရွေးကောက်ပွဲကိုတော့ ပြည်တွင်းအန်အယ်လ်ဒီနဲ့အတူ လုံးဝသပိတ်မှောက် ဆန့်ကျင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

အခမ်းအနား သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) ဥက္ကဋ္ဌ ပဒိုစောအားတိုးက လက်ရှိမြန်မာ့ဒီမိုကရေစီအရေး ဆောက်ရွက်ရာတွင် ပြည်သူလူထုနှင့် ကင်းကွာ၍မရကြောင်း သုံးသပ်ပြောကြားခဲ့သည်။

၎င်းက “ရှစ်လေးလုံးအရေးတော်ပုံမှာ ရဟန်းရှင်လူတွေ ဆန္ဒအုံကြွခဲ့ကြတယ်။ ဒါပေမယ့် ကျနော်တို့ဟန်ချက်မညီခဲ့ဘူး။ ပြည်တွင်းမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ကျနော်တို့အပြင်နဲ့ လုံးဝအဆက်အစပ်မရှိဘူး။ အဲဒါ ကျနော်တို့ရဲ့အားနည်းချက်။ အဲဒါကို သင်ခန်းစာယူရမယ်။ ဒီကနေ့ အခြေအနေ အဲလိုဖြစ်လာရင် ကျနော်တို့ ဟန်ချက်ညီဖို့လိုတယ်” ဟု ပြောကြားသည်။

ယနေ့အခမ်းအနားသို့ မြန်မာပြည်ဒီမိုကရေစီရရှိရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) တည်ထောင်ခြင်း (၂၂) ပြည့်နေ့တွင် အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေမှ ကြေညာချက်ထုတ်ပြန်ရာ၌ ပြည်သူတရပ်လုံး သမိုင်းပေးတာဝန်တရပ်အနေဖြင့် မတရားပြုလုပ်မည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ရန်၊ အဖွဲ့ချုပ်ကို အဘက်ဘက်မှ ၀န်းရံကူညီထောက်ခံကြရန် တောင်းဆိုတိုက်တွန်းပါကြောင်း ဖော်ပြထားသည်။
X
Your Name
Your Email
Your Friend Email
Your Messages




ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ ...

26 Sept. 2010...ဧရာဝတီ...၁၉၆၆ ခုနှစ်တုန်းက မြန်မာ ပညာတတ်လူငယ် မင်းလတ်ရဲခေါင် တယောက် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်မြို့တော် ၀င်ဆက်ဆလပ် ရင်ပြင်က သူထိုင်နေကျ တက်ထရန် ကော်ဖီဆိုင်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာပြည်မှာ အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားပါတယ်။ မင်းလတ်ဟာ ကော်ဖီဆိုင်က ချက်ချင်းထွက်သွားပြီး သူ့မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဒေါက်တာ ဒက်ဂ်မာ ဘက်ခိုးဗား (Dr. Dagmar Beckova) ကို အကူအညီ တခု တောင်းပါတယ်။
နောက်ရက်ပိုင်း ဗိုလ်နေ၀င်းကို ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပနေတုန်း ဘက်ခိုးဗားနဲ့ မင်းလတ်ရဲ့ မိတ်ဆွေ အတော်များများက ဗိုလ်ချုပ်နေ၀င်းရဲ့ နောက်လိုက်နောက်ပါ အဖွဲ့ဝင် တယောက်ကို ချဉ်းကပ်ပြီး ပါဆယ်ထုပ်တထုပ် ပေးခဲ့ပါတယ်။ အထုပ် ထဲမှာ ဗိုလ်နေ၀င်းကို လိပ်မူထားတဲ့ “မြန်မာပြည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ” ဆိုတဲ့ စာတစောင် ပါရှိပါတယ်။

ဗိုလ်နေ၀င်းကို ထိပ်တိုက် ရင်ဆိုင်လိုက်တဲ့အတွက် သူ သိပ် အန္တရာယ်ကြီးသွားပြီ ဆိုတာ မင်းလတ်က သိပါတယ်။ ပညာ တော်သင် မြန်မာတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်မိပြီ ဆိုရင် ပုံမှန်အားဖြင့် မြန်မာပြည်ကို ပြန်ကြရတာပါ။ သူ မြန်မာပြည် ပြန်တဲ့အခါ စစ်အစိုးရက သူ့ကို ကောင်းကောင်း မွန်မွန် ဘယ်ကြိုပါ့မလဲ။ အာဏာရှင်ကို မကြောက်ဘဲ မှန်တာ ပြောမိရင် သူ့ဘ၀က ကြေကွဲစရာအဖြစ်နဲ့ အဆုံးသတ်မယ် ဆိုတာကို အဲ့ဒီအချိန်က သူ မသိနိုင်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ လက်ချက်နဲ့ ဘ၀ ဇာတ်သိမ်းမှာမဟုတ်ဘဲ မြန်မာပြည် မြောက်ပိုင်း တောတွင်းတနေရာမှာ သူ့ရဲ့ ကွန်မြူနစ် ရဲဘော် တယောက်က ပစ်သတ်ခံရမယ် ဆိုတာကို သူ မသိခဲ့ပါဘူး။

ဘာသာဗေဒ နဲ့ သမိုင်း ပညာရှင် ဆရာ မင်းလတ်ဟာ ရန်ကုန်က နာမည်ကျော် စိန့်ပေါလ် ဂရမ်မာ ကျောင်းမှာ ပညာသင်ခဲ့ သူ ဖြစ်ပါတယ်။ ၁၉၂၅ မှာ မွေးဖွားပြီး ဒုတိယ ကမ္ဘာစစ် ကာလ ပဲခူးတိုင်း အတွင်း ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ပါဝင်ခဲ့ သူပါ။ စစ်ပြီးချိန်မှာ အလံဖြူ ကွန်မြူနစ်ပါတီဝင် တယောက် ဖြစ်သွားပြီး ၁၉၄၈ ခုနှစ် နိုင်ငံ လွတ်လပ်ရေးရလို့ သိပ်မကြာခင် မှာပဲ တောခိုပါတယ်။

၁၉၅၀ မှာ ချက်ကိုစလိုဗက်ကီးယားကို ရောက်ပါတယ်။ သူဟာ မြို့တော် ပရက်မှာ ပထမဆုံး သွားရောက် ပညာသင်တဲ့ မြန်မာကျောင်းသား သုံးယောက်ထဲက တယောက်ပါ။ ချားလ်စ် တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မဟာဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်း သင်ယူပါတယ်။ သူ့ရဲ့ “အင်္ဂလိပ် အက္ခရာ စာလုံးများနဲ့ မြန်မာပြည်” စာအုပ်ကတော့ ပရက်မှာ မြန်မာစာ သင်ကြား ရေး အတွက် ကနဦး ခြေလှမ်းပါပဲ။

၁၉၅၅ မှာတော့ သူက ပရက် ဘာသာစကားကျောင်းမှာ မြန်မာဘာသာ စတင် ပို့ချပါတယ်။ “မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အက္ခရာစဉ် ဝေါဟာရများနှင့် ပရက် နည်းလမ်း မြန်မာဖတ်စာ” ကိုလည်း ပုံနှိပ် ထုတ်ဝေပါတယ်။ ချက်ကျောင်းသား တွေ ခေတ်ပေါ် မြန်မာဘာသာစကားကို ပထမဆုံး ထိတွေ့စေနိုင်ခဲ့တဲ့ စာအုပ်ပါ။

ဒါ့အပြင် ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်း တက္ကသိုလ်မှာ သုတေသီ၊ သူ ပညာသင်ခဲ့တဲ့ တက္ကသိုလ်မှာလည်း နည်းပြဆရာ ဖြစ်လာပါတယ်။ ၁၉၆၇ ခုနှစ် ပရက်မြို့တော်ကို ခွာခဲ့ချိန်အထိ ဒီတာဝန်တွေ ယူခဲ့ပါတယ်။

ချက်နဲ့မြန်မာ ဆက်ဆံရေးအတွက် ဆရာမင်းလတ်ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အရေးပါခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က ပရက်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “မြန်မာ- အာရှရဲ့လမ်းဆုံ” စာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးတို့အကြောင်း ကို ချက်ပြည်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်မှာ Burma Center Prague က ထုတ်ဝေတဲ့ ဘက်ခိုးဗားရဲ့ “မြန်မာ့ဆုံချက်” (Focus on Burma) ထဲမှာ အဲဒီလို ရေးထားပါတယ်။

ဘက်ခိုးဗားရဲ့ ရေးသားချက် အရ ဆိုရင် ဆရာမင်းလတ်ရဲ့ အရေး အပါဆုံး သုတေသန လုပ်ငန်းကတော့ “မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ဆရာမင်းလတ်က မြန်မာဘာသာစကားနဲ့ ခေတ် အသုံးအနှုန်းတွေကို နက်နက်နဲနဲ ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ပြီး မြန်မာဘာသာစကား ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူ့ရဲ့ အဆိုပြုချက်ကိုလည်း စာအုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီ စာအုပ်ဟာ ပညာရေးဆိုင်ရာအရ အရေးကြီးတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အာဏာရှိသူတွေကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ။ ဒီတခါမှာတော့ ဂန္ထ၀င် မြန်မာ စကား အသုံးအနှုန်းက လွဲပြီး တခြား အသုံးအနှုန်းကို လက်မခံတဲ့ ပညာရေးဆိုင်ရာ ချမှတ်ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေကို စိန်ခေါ်ခဲ့တာပါ။

ဆရာမင်းလတ်ဟာ ပညာရှင်တယောက်၊ တက်ကြွ လှုပ်ရှားသူ တယောက် အဖြစ်သာ မကဘဲ တက်ကြွနိုးကြားတဲ့ ၀တ္ထုတို တွေ ကဗျာတွေရေးသားတဲ့ စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ ရဲခေါင် ကလောင်အမည်နဲ့ သူ့ဝတ္ထုတိုတွေ၊ ကဗျာ တွေကို မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

သူ ပရက်မှာ ရှိနေတုန်း ချက် လူငယ် ဗားကလက် ဟာဗဲလ် ကလည်း ပြဇာတ်တွေ ရေးသားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ သူတို့ ခေတ်ပြိုင် စာရေးဆရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင် တဲ့နေရာမှာ ကိုယ်စီ ရှိနေတဲ့ အရည်အချင်းတွေကို ဖလှယ် မျှဝေရင်း သူတို့ရဲ့ အသက်ကို ရဲဝံ့ စွန့်စားခဲ့သူတွေပါ။

ဟာဗဲလ်ဟာ ၁၉၈၉ ခု ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့အထိ ဆက်လက် ဆောင်ရွက်ပါတယ်။ ချက်ကိုစလို ဗက်ကီးယားမှာ ကွန်မြူနစ်ဝါဒ ငြိမ်းငြိမ်းချမ်းချမ်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း သူဟာ တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ သူ့ ဆောင်ပုဒ်တခု ဖြစ်တဲ့ “အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာတရားဟာ လိမ်ညာမှုတွေနဲ့ အမုန်းတရားကို အနိုင်ရ လွှမ်းမိုးနိုင်ရမယ်” ဆိုတဲ့စကားဟာ ဆရာမင်းလတ် အသေအချာ နှစ်သက် တန်ဖိုးထားတဲ့ စကားပါပဲ။
ဆရာမင်းလတ်ရဲ့ ပညာရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှုတွေက ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဇာတိမြေ ကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားတာပါ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေကို သူ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် တည်ရှိရာ ပဲခူးရိုးမနဲ့ တရုတ် မြန်မာ နယ်စပ်ဒေသမှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ သူ့ရဲ့ကွန်မြူနစ်ပါတီ ရဲဘော်ရဲဘက်တွေနဲ့ အမြဲ ထိတွေ့ ခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန် နောက်ပိုင်းကာလမှာတော့ ဗကပ ဟာ ၀ တောင်တန်းဒေသကို စတင် ထိုးဖောက် ၀င်ရောက်ခဲ့ပါတယ်။

U Minn Latt 02

ပရက်မြို့တွင် တွေ့ခဲ့ရသော ဆရာမင်းလတ်နှင့် ဒက်ဂ်မာ ဘက်ခိုးဗား (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

ဗကပ ဟာ တရုတ်ပြည်က စစ်ရေး အကူအညီ ရခဲ့တာပါ။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးက ရလာတဲ့ အတွေး အခေါ်နဲ့ ဗကပ က ၁၉၆၇ ခုနှစ်မှာ သူတို့ပါတီရဲ့ “တ၀က်တပျက် ယဉ်ကျေးမှုတော်လှန်ရေး” ကို ဖော်ဆောင်ပါတော့တယ်။

ဗကပ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ပညာတတ် ပုဂ္ဂိုလ်တွေကို ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် လုပ်ခဲ့တယ်။ သန့်စင် ရှင်းလင်းရေးကို တုံ့ပြန် ရိုက်ခတ်တဲ့ တရုတ် ဆန့်ကျင်ရေး ရုန်းရင်း ဆန်ခတ်မှုတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ဆိုးဝါးသွားပြီး ဘေဂျင်းက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူ အညီတွေ တရားဝင် ရပ်စဲလိုက်ပါတယ်။ သူ့နိုင်ငံက ကျောင်းသားတွေကိုလည်း ပြန်ခေါ်ယူပါတယ်။ ဘေဂျင်း ရေဒီယိုက ဗိုလ်နေ၀င်း အစိုးရကို “ဖက်ဆစ်၊ တော်လှန်ရေးကို ဖျက်ဆီးသူ၊ ဖောက်ပြန်ရေးအစိုးရ” စသဖြင့် အပြင်းအထန် ရှုတ်ချပါ တော့တယ်။

ပရက် နွေဦးရာသီ ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀ါဆောစာချုပ်ဝင် နိုင်ငံတွေက ကျူးကျော် ၀င်ရောက်ပြီး ချေမှုန်း တာ တွေ မဖြစ်ခင် တနှစ်အလို ၁၉၆၇ ခုနှစ်မှာ ဆရာမင်းလတ်ဟာ အဲဒီကနေ တရုတ်ပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေဂျင်းကို သူ ရောက်ပြီး ရှမ်းဘာသာကို လေ့လာသင်ယူရင်း ၁၉၆၉ ခုနှစ်အထိ နေခဲ့ပါတယ်။ ဒီနောက်တော့ ရှမ်းပြည် နယ် ဘက်ကို ပြောင်းသွားပါတယ်။ တရုတ်မြန်မာ နယ်စပ်က ဗကပ ရဲဘော်တွေနဲ့ ပြန်ဆက်သွယ်ခဲ့ပြီး ၀ နဲ့ ရှမ်း ဘာသာ ရပ် တွေကို လေ့လာပါတယ်။ ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ သူ့လုပ်ဆောင်မှုတွေထဲမှာ ၀ ဘာသာကနေ လက်တင် ဘာသာကို ပြန်ဆို ရေးသား မှတ်တမ်းတင်မှုတွေ ပါဝင်ပါတယ် တဲ့။

ဒါပေမယ့် အာဏာရှင်တွေကို အမှန်အတိုင်း ပြောတယ် ဆိုတာဟာ အမြင်မတူသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘူး၊ ကိုယ့် ဘက်တော်သားတွေထဲမှာလည်း အင်အား ကောင်းစေရေးအတွက် ဖြစ်တယ် ဆိုတာကို ဆရာမင်းလတ်က သဘော ပေါက်တဲ့သူပါ။ သူက ကွန်မြူနစ်ပါတီရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ ဗကပ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဆီ အစီရင်ခံစာတွေ ရေးပို့ပါတယ်။ သူ့ရဲ့ အငြင်းပွားဖွယ် အစီရင်ခံစာတွေထဲမှာ ဘာတွေ ပါတယ် ဆိုတာ အခုအထိ မသိရ ပါဘူး။ သိရသလောက်ကတော့ ပါတီ ခေါင်းဆောင်တွေက အဲဒီ အစီရင်ခံစာတွေကို မကြိုက်ကြဘူး ဆိုတာပါပဲ။

၁၉၇၀ ပြည့်လွန် နောက်ပိုင်းမှာတော့ ပြည်ကွန်မြူနစ်ပါတီက သူ့ကို ရှမ်းပြည် အရှေ့မြောက်ပိုင်းဒေသမှာ ထိန်းသိမ်းလိုက် ပါတယ်။ တိုက်ပွဲမှာ အဖမ်းခံရတဲ့ အရာရှိ တယောက်အပါအ၀င် မြန်မာစစ်သား ၁၅ ယောက်နဲ့အတူ ချုပ်နှောင်ခံရပါတယ်။

ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ ၁၉၈၅ ခုနှစ်ထဲမှာ စစ်သားတွေ ထွက်ပြေးဖို့ စီစဉ်တော့ ဆရာမင်းလတ်လည်း သူတို့နဲ့အတူ ပြေးခဲ့ပါတယ် တဲ့။ ဒါပေမယ့် ကွန်မြူနစ်ပါတီ တပ်တွေက သူတို့နောက်ကို လိုက်ပြီး ရှင်းတဲ့ အတွက် အားလုံး သေဆုံးသွားရပါတယ်။ ကွန်မြူနစ်ဟောင်းတွေကတော့ ဆရာမင်းလတ်ရဲ့ နောက်ဆုံးကာလ အကြောင်းတွေကို ပြန်ပြော ချင်စိတ် မရှိကြပါဘူး။ ပါတီဌာနချုပ်ကပဲ သုတ်သင်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သလား ဒါမှမဟုတ် တပ်သားတွေကပဲ သူတို့ ဘာသာ ပစ်ခတ်ခဲ့တာလား ဆိုတာ မသိရပါဘူး။

တောထဲမှာ ကြေကွဲဖွယ် ကျဆုံးခဲ့ရပေမယ့် ဆရာမင်းလတ်ရဲ့ ကြံဆ စိတ်ကူးမှုတွေနဲ့ ပညာရပ် နယ်ပယ်ဆိုင်ရာ သြဇာ သက်ရောက်မှုတွေက မြန်မာပြည်မှာ ရှိနေဆဲပါ။ ဒါ့အပြင် မြန်မာ နဲ့ ချက် နှစ်နိုင်ငံကြား လက်ရှိ ဆက်ဆံရေးအထိ သြဇာ ရှိနေဆဲဖြစ်ပါတယ်။

“လေးနက်တဲ့အကြောင်းအရာတွေကို ဂန္ထ၀င် မြန်မာဘာသာစကားနဲ့ပဲ ရေးရမယ်လို့ ဆိုကြတဲ့ ရှေးရိုးစွဲဝါဒီ ပညာရှင်တွေနဲ့ သဘောမတူကြတဲ့ ခေတ်သစ် မြန်မာပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေအတွက်တော့ ဆရာ မင်းလတ် ရဲ့ ‘မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း’ နဲ့ တခြားလက်ရာတွေက အထောက်အကူ ဖြစ်ခဲ့တယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးခဲ့တယ်” လို့ ဘက်ခိုးဗားက ဆိုပါတယ်။

နောက်မျိုးဆက် စာရေးဆရာတွေကတော့ ခေတ်ပေါ် မြန်မာဘာသာစကားကို စာပေ နယ်ပယ်မှာသာ မဟုတ်ဘဲ တခြား ရေးဖွဲ့မှုတွေမှာပါ သုံးလာကြတယ်၊ ခေတ်ပေါ်နည်းနဲ့ရေးတာက ပိုပြီး နားလည်ရ လွယ်စေတယ် ဆိုတာကို ပြသခဲ့ကြ တယ် လို့ သူက ဆိုပါတယ်။ ဒီအစဉ်အလာကို ဒီနေ့ခေတ်အထိ သယ်ဆောင်လာပြီး သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်တွေမှာခေတ်ပေါ် ဘာသာစကားနဲ့ ရေးသားဖော်ပြနေကြပါပြီ တဲ့။

၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆရာမင်းလတ် ပရက်မှာ ရှိနေချိန် အတွင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှု တွေ ကြောင့်လည်း ချက်ခေါင်းဆောင်ဟောင်း ဟာဗဲလ်နဲ့ လက်ရှိ ချက်သမ္မတနိုင်ငံတို့ဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကို ထောက်ခံအားပေးသူတွေ ဖြစ်လာတာပါ။

ဧပြီလတုန်းက ချက်သမ္မတ နိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တာနာ ရဲ့ တိုက်တွန်း ပြောဆိုချက်ကို ထောက်ခံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ကင်တာနာက မြန်မာနိင်ငံ တွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီ မဂ္ဂဇင်းကို ပေးပို့တဲ့ ထုတ်ပြန်ကြေညာချက်တခုမှာဆိုရင် ချက် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပျက်နေတဲ့အတွက် ပူပန်နေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံရဲ့ အလားအလာကိုလည်း မေးခွန်းထုတ်ထားပါတယ်။

ချက်အစိုးရဲ့ထောက်ခံမှုဟာ ဆရာမင်းလတ် ချက်ကိုစလိုဗက်ကီးယားက ထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော် အကြာ၊ မြန်မာပြည် မြောက်ပိုင်းတောထဲမှာ သူသေဆုံးပြီး နှစ် ၂၀ ကျော်ကြာမှ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆရာမင်းလတ်နဲ့ သူ့လို ပြည်ပခရီး ထွက်ခဲ့ကြပြီး မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြသူတွေဟာ အနာဂတ် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူတွေအတွက် အခြေခံ အုတ်မြစ်ချခဲ့ကြသူတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကူညီ ထောက်ခံလာကြ အောင် တံတားထိုးပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

U Minn Latt 03

၁၉၆၀ ပြည့်လွန်နှစ်များက ပရက်မြို့ရောက် မြန်မာတို့၏ ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

တခြား မြန်မာ နဲ့ ချက် တက်ကြွလှုပ်ရှားသူတွေလိုပဲ ဆရာမင်းလတ်ဟာ သူ့ဘ၀မှာ သူမြင်ချင်တဲ့ ရလဒ်ကို မြင်မသွားခဲ့ရ ပါဘူး။ ဒါပေမယ့် အတိုက်အခံတွေသာ ဇွဲကောင်းမယ် ဆိုရင် မျှော်လင့်ချက် ကင်းမဲ့ပြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လို့ ရတယ် ဆိုတာ ဒီကနေ့ ဒီမိုကရေစီ တိုင်းပြည် ဖြစ်နေတဲ့ ချက် သမ္မတနိုင်ငံ က သက်သေပါပဲ။

တကယ်လို့ မြန်မာပြည်သူတွေဟာ ချက် ပြည်သူတွေလိုပဲ ရက်စက်တဲ့ အာဏာရှင်တွေကို တနေ့မှာ အောင်မြင်နိုင်ခဲ့မယ် ဆိုရင် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့ဖိစီး နှိပ်စက်မှု သံကြိုးတွေကို ဖယ်ရှင်းပစ်နိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတဲ့အထိ ညီညွတ် ပေါင်းစည်း မျှဝေ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆရာမင်းလတ်ဟာ အဲဒီ ပေါင်းစည်း ညီညွတ်မှုရဲ့ ဘိုးဘေးတဦး ဖြစ်နေမှာပါ။ သူသာ တကယ်လို့ ဒီကနေ့အထိအသက်ရှင် နေ ဦးမယ် ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူအရင်တုန်းက ဗိုလ်နေ၀င်းကို ပြောဆိုခဲ့ဖူး သလို “ကမ္ဘာကို မှန်တဲ့အတိုင်း ပြောပြပါ” ဆိုတဲ့ စကားကို ပေးပို့မှာကတော့ အသေအချာပါပဲ။ ။

အောင်ဇော် ရေးသားသည့် ‘Tell the World the Truth’ ကို ဆီလျော်အောင် ပြန်ဆိုသည်။

မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂရပ်တည်ချက် ဆွေးနွေးပွဲ

26 Sept. 2010...RFA...မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေး ကိစ္စမှာ ဥရောပသမဂ္ဂ နိုင်ငံတွေရဲ့ မြန်မာပြည် ရွေးကောက်ပွဲပေါ် ရှုမြင်ပုံတွေ ပြောင်းလဲလာရေးအတွက် ဂရိနိုင်ငံမှာ ဒီကနေ့ ဆွေးနွေးပွဲတခု ကျင်းပနေပါတယ်။
အဲဒီ ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ဥရောပက NGO အဖွဲ့တွေ တက်ရောက် ဆွေးနွေးနေတာပါ။ ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက် ဆွေးနွေးနေတဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက သူတို့ရဲ့ ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ အကျဉ်းချုံးပြီး RFA ကို ပြောဆိုရာမှာ

“မြန်မာ့ဒီမိုကရေစီအရေး အပြောင်းအလဲ ဖြစ်စေဖို့ဆိုရင် အဓိကသွားနေတဲ့ လမ်းကြောင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုက်ဖျက်ဖို့ ဖြစ်တယ်။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတကာဥပဒေနဲ့ ဘယ်လို ဆက်နေတယ်ဆိုတဲ့ အချက်တွေကို ထောက်ပြပြီး လှုပ်ရှားမှသာလျှင် ဒီလှုပ်ရှားမှုဟာ ထိရောက်အောင်မြင်နိုင်တယ်။ တကယ်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတကာဥပဒေနဲ့ ဘာကြောင့် ဆန့်ကျင်နေတယ်ဆိုတာ သူတို့ကို ဆွေးနွေးပြတာပါ”

ဂရိနိုင်ငံမှာ ကျင်းပနေတဲ့ အဲဒီ ဆွေးနွေးပွဲကို NCUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင်၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးနဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်ရေးမှူး မဇိုရာဖန်း တို့ တက်ရောက်ဆွေးနွေးကြောင်း သိရပါတယ်။

မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့ကို ဥရောပ NGO အဖွဲ့တချို့က ရွေးကောက်ပွဲ ဝင်နိုင်ဖို့ ငွေကြေး ထောက်ပံ့နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဒီဆွေးနွေးပွဲအတွင်း ဆွေးနွေးခဲ့ကြောင်း ဦးအောင်ထူးက ပြောပါတယ်၊

BLC အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာ့အရေးအတွက် မိမိကို ကူညီကြဖို့ အာဆီယံကို ကုလအတွင်းရေးမှူးချုပ် ပန်ကြား


26 Sept. 2010... RFA...မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ပေါ် ရောက်ရှိအောင် ဆောင်ရွက်ရာမှာ မိမိကို ကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အာဆီယံ ခေါင်းဆောင်တွေကို ပန်ကြား ပြောဆိုလိုက်ပါတယ်။သောကြာနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂနဲ့ အာဆီယံဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ အဲဒီလို ပန်ကြားခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အာဆီယံဟာ မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်ရေးကို လိုလားကြပြီး လွတ်လပ်မျှတပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး အရေးကြီးပုံကိုလည်း သဘောတူညီကြကြောင်း၊ ဒီမျှော်မှန်းချက်တွေ မပြည့်ဝ မအောင်မြင်တာဟာ အာဆီယံရဲ့ တန်ဖိုးတွေ၊ အခြေခံမူတွေ ထိခိုက်ရတာပဲဖြစ်ကြောင်း၊ ဒါပေမယ့် တချိန်တည်းမှာ မိမိတို့ဟာ မြန်မာနိုင်ငံကို ကူညီကြရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် မိမိဟာ မြန်မာပြည် အရပ်ဘက် ဒီမိုကရေစီ အုပ်ချုပ်ရေး အောင်မြင်အောင် အာဆီယံရဲ့ အကူအညီနဲ့ ဆက်လက်ပြီး မမှိတ်မသုန် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိမိနဲ့အတူ မြန်မာပြည် လက်တွဲ ဆောင်ရွက်လာရေးအတွက် အာဆီယံကို အားကိုးအားထား ပြုပါကြောင်း မစ္စတာဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က တဆင့် စစ်အစိုးရက ကြေညာခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။ မစ္စတာဘန်ကီမွန်းဟာ မြန်မာနိုင်ငံကို သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခဲ့ပေမယ့် စစ်အစိုးရကို ဒီမိုကရေစီ လမ်းကြောင်းပေါ် တွန်းမတင်နိုင်ဘဲ ဖြစ်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger