ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက်နားက ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို ဇွန်လ (၂၆) ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်တွေ တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဗန်းမော်အခြေစိုက် စကခ (၂၁) ရဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ ပိုင်နက်ဧရိယာအတွင်း လုပ်ငန်းရှင် ရွှေဖောင်သမား (၂၀) ကျော်လောက် (စကခ) ရန်ပုံငွေအတွက် ရွှေဖောင်တစင်း ငွေကျပ် (၁၀) သိန်းစီ ပေးဆောင်ပြီး လုပ်ငန်းပြီးဆုံးခဲ့ရင် ရှာဖွေရသမျှ ရွှေသုံးပုံတပုံကိုလည်း စကခ (ဗန်းမော်) ထံ ပေးရမယ်ဆိုတဲ့ သဘောတူချက်များနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ မိမိလက်အောက်တပ်တွေ အခုလို ရန်ပုံငွေရှာတာကို အထက်ဌာန (မပခ) တိုင်းမှူးက လုံးဝသဘောမတူပါဘူး။ တိုင်းမှူးကပေးတဲ့ တားဆီးမိန့်အတိုင်း လက်အောက် (စကခ) မှူးက မလိုက်နာခဲ့ကြလို့လည်း တိုင်းကတပ်တွေ လွှတ်ပြီး ဖမ်းဆီးခဲ့ရတဲ့အခြေထိ ဆိုက်သွားခဲ့ပါတယ်။ စစ်တပ်အချင်းချင်း အထက်နဲ့အောက် အဆင်မပြေ ဖမ်းဆီးကြမှုတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များပါ ဘ၀ပျက်ကုန်ကြပါတယ်။
ဒီလိုဖြစ်ရပ်မျိုးဟာ တပြည်လုံးရှိ နအဖတပ်မတော်အတွင်း ထိပ်သီးတွေကြား အချင်းချင်း အဝေမတည့် မပြေလည်မှုများစွာအထဲက ပြယုဂ်တခုမျှပါ။ လုပ်ကွက်နဲ့ ခွင်ကောင်းပြီး ကြားပေါက်ရလမ်းရှိတဲ့ နေရာတွေကို တာဝန်ယူထားတဲ့ ဒေသစစ်ဆင်ရေး/ကွပ်ကဲရေးဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ စစ်ဗျူဟာ/နည်းဗျူဟာခေါ် ဗျူဟာများနဲ့ တပ်မတွေက အောက်ခြေ ဗိုလ်မှူးကြီးအဆင့်မှသည် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်များအဆင့်ထိ ရှိသူတွေဟာ အထက်ကို နားလည်မှုယူ ခွဲတမ်းပေး ပူဇော်ပသကြပြီးမှသာ ဒီလိုအကြံအဖန်ရှာခွင့် (သို့) လုပ်ပိုင်ခွင့်တွေရကြတာမို့ မဆန်းလှပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနဲ့ ဆက်စပ်နယ်မြေရှိ နယ်စပ်ဂိတ်ပေါက်များ၊ ယခင် ခုတ်လှဲခြင်းမပြုသေးတဲ့ အပျိုစင် သစ်တောများ၊ ရွှေ၊ သတ္တုသိုက်များ၊ ကျောက်မျက်မှော်များ … စတဲ့ သဘာဝသယံဇာတ ပေါများတဲ့ ဒေသတွေမှာ တာဝန်ကျသူ တပ်မ၊ စကခ၊ ဒကစ၊ ဗျူဟာမှူးတိုင်းဟာ နအဖခေတ် ငြိမ်းချမ်ရေးကာလတလျှောက် နှစ်ပေါင်း (၂၀) လုံးလုံး ၀င်ငွေတွေ ကောင်းခဲ့ကြပါတယ်။
အမိန့်ကို တသွေမတိမ်း လိုက်နာတတ်ဖို့အပြင် အထက်လူကြီးတွေကို မမေ့မလျော့ ကျေးဇူးသိတတ်ဖို့၊ နည်းလမ်းကျကျ ကန်တော့တတ်ဖို့ကလည်း နအဖတို့ခေတ်မှာ သိပ်ကိုအရေးကြီးတဲ့ ရာထူးတက်လမ်းတခုပါပဲ။ ကိုယ်လိုင်းဝင်တာမှန်ပါမှ လိုင်းလည်းဝင်တတ်ပါမှ အဆင်ပြေကြပါလိမ့်မယ်။ အသားလွတ်ကြီး သွားကန်တော့ရုံနဲ့ ဘယ်လိုမှ ကိစ္စမပြီးမြောက်တတ်ပါဘူး။ များသောအားဖြင့် ဒီကိစ္စတွေကို ဗိုလ်ချုပ်ကတော်များရဲ့ လိုင်း (မီးဖိုချောင် ကက်ဘိနက်) ကတဆင့် လုပ်လေ့ရှိကြပါတယ်။ ထူးထူးခြားခြားအဖြစ် မဆလ ဦးနေ၀င်းခေတ်မှာ တိုင်းမှူးကတော်တွေဟာ မီးဖိုချောင်ကနေ လာဘ်လာဘတွေ ၀င်လာမှာကို သိပ်ကြောက်ကြတယ်လို့ သိရပါတယ်။ အဲဒီခေတ်က ရာထူးမပြုတ်ချင်ရင် အိမ်မဆောက်နဲ့၊ မဖြစ်စလောက် တံစိုးလက်ဆောင်လေးတောင် မယူမိကြစေနဲ့လို့ တပ်ထဲမှာ ဆိုရိုးရှိခဲ့ကြပါတယ်။ လော်စစ်ဟန် လက်ဆောင်ပေးတဲ့ နာရီကို ယူမိလို့ ပြုတ်သွားတဲ့ ဗိုလ်မှူးကြီး၊ သက်သာဆိုင်က အိမ်ရိုက်သံတွေ ထုတ်ယူမိလို့ အဖြုတ်ခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် … စတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိခဲ့ကြဖူးပါတယ်။ ဦးနေ၀င်းက ဖြုတ်ချင်တဲ့သူတွေကို ဖယ်ရှားဖို့ အကြောင်းပြလို့ရအောင် အဲဒီလို အသေးအဖွဲကိစ္စလေးတွေကို ထောက်လှမ်းရေးက အမြဲတမ်း လိုက်စုံစမ်းပြီး မှတ်တမ်းတင်ပေးတဲ့ အလုပ်ကို လုပ်ပေးခဲ့ရပါတယ်။
အထက်လူကြီးအပြင် သူ့နံဘေးရှိ ကိုယ်နဲ့အဆင့်တူ ဂျီဝမ်း (G 1) ခေါ် စစ်ဦးစီး ပထမတန်း၊ ဂျီတူး (G 2) ခေါ် စစ်ဦးစီး ဒုတိယတန်းအရာရှိ လုပ်သူတွေကိုလည်း ကြည့်ပေါင်းသင်းတတ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်အထက်အဆင့်က ဒကစ၊ စကခ၊ တပ်မမှူးတွေနဲ့ ခွင်မိပြီး အဆင်ပြေနေရင်တောင် သူတို့အနားကပ်နေတဲ့ ဂျီဝမ်း၊ ဂျီတူးတွေက မကြည်ရင် မကြည်သလို ပညာပြလို့ ချောက်တွန်းခံရလို့ အဆင်မပြေဖြစ်ရတာတွေလည်း အမျိုးမျိုးရှိပါသေးတယ်။ ကြုံခဲ့တာလေးတခု ပြောရရင် ၂၀၀၅ ခုနှစ်တုန်းက လက်အောက်ခံစစ်ဗျူဟာနဲ့ စစ်ဗျူဟာအခြေချတွေဆီကနေပြီး ကယားပြည်နယ်ရှိ ဒေသစစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် (ဒကစ လွိုင်ကော်) မှူးက လှမ်းပြီး ခေါင်းပုံဖြတ်လေ့ ရှိပါတယ်။ (ဒကစ) ကို လိုင်းကြေးမသွင်းရင် သူ့နံဘေးက အရာရှိတွေဖြစ်တဲ့ ဂျီဝမ်း၊ ဂျီတူးတွေနဲ့ ဆက်ဆံမှု အဆင်မချောရင် အောက်က တက်လာတဲ့ တရားမ၀င် မှောင်ခိုကားတွေ၊ ခိုးတင်လာတဲ့ သစ်တွေနဲ့ မော်ချီးဘက်က တရားမ၀င် သယ်လာတဲ့ ခဲသတ္တုတွေကို လွိုင်ကော်က ဆီးပြီး ဖမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ အထက်နဲ့အောက်အကြား ဆက်ဆံရေး မပြေလည်သေးရင် ကုန်သည်တွေကို လမ်းမှာပဲ ပုန်းနေကြဖို့၊ တရားမ၀င် ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို တောထဲ ခေတ္တဖွက်ထားဖို့ ဗျူဟာမှူးများက ကြိုတင်သတိပေး ရှောင်ခိုင်းလေ့ရှိပါတယ်။
ဒါတောင်မှ နယ်မြေလှုပ်ရှားတပ်တွေကို ဒီသတင်းချပေးပြီး ဖွက်ထားတဲ့ ပစ္စည်းတွေကို တောနင်းပြီး ရှာကြဖို့ လွိုင်ကော် ဒကစမှူးက ထပ်ကွန့် လုပ်ခိုင်းတတ်တာမျိုးလည်း ရှိပါသေးတယ်။ စီးပွားရေးကိစ္စများနဲ့ ပတ်သက်ပြီး တပ်တွင်း အထက်နဲ့အောက် လူကြီးချင်း စည်းလုံးမှုပြိုကွဲနေတာမို့လည်း လက်အောက်တပ်ရင်းမှူးတွေကပါ ကလန်ကဆန် လိုက်လုပ်ကုန်တာကိုလည်း တွေ့ရပါသေးတယ်။ တက်လာသမျှ ၀စ်သောက်ခေါ် မှောင်ခိုသွင်းတဲ့ ကားတွေကို ဒကစ လွိုင်ကော်ကနေ ဆီးပြီး ဖမ်းနေချိန်မှာ နှစ်နိုင်ငံနယ်စပ်ကိစ္စ သွားတင်ပြဖို့အတွက် ၀စ်သောက်ကားသာမက လွိုင်ကော် (ဒကစ) ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ငြိမ်းအဖွဲ့ဝင် ဒရိုင်ဘာကိုခေါ် ကားမောင်းခိုင်းပြီး ဖားဆောင်း ခလရ (၁၃၅) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက် ဒကစ လွိုင်ကော်ကို ဘုကန့်လန့်တိုက်ပြီး တက်သွားခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။
ဒါကြောင့်မို့ ဒကစ လွိုင်ကော်လက်အောက်ခံ တပ်ရင်းမှူးများအနက် ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက်သာ သံမဏိသက်ရှည် တပ်ရင်းမှူးကြီးအဖြစ် (၁၀) နှစ်ကျော်မျှ ချောင်ထိုးထားခြင်း ခံခဲ့ရပါတော့တယ်။ ဘော်လခဲ ဗျူဟာမှူးနဲ့ လွိုင်ကော် ဒကစမှူးတို့အကြားက အဆင်မပြေမှုများကို တပ်တွင်းက ဆက်သွယ်ရေးစက်ကိုင်တဲ့ တပ်ရင်းမှူးတိုင်း၊ စက်သမားတိုင်း သိထားကြသလို ဖမ်းဆီးမယ့် သတင်းတွေကိုလည်း ဗျူဟာမှူးတွေထံ (ဒကစ လွိုင်ကော်) စက်သမားတွေကကြိုပြီး သတင်းပေးထားနှင့်တတ်ကြပါတယ်။ ကုန်သည်တွေက ဗျူဟာမှူး (အဘလေး) အတွက် တပုံး (တသိန်း) ဆိုရင် သတင်းပေးသူ စက်သမားများအတွက် တပြား (တသောင်း) နှုန်းလောက် ခွဲတမ်းပေးတတ်ကြရပါတယ်။
အခု မိုးမိတ် စကခမှူး ဖြစ်ရပုံကလည်း သူ့အထက်က တိုင်းမှူးရဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားတွေနဲ့ သွားငြိနေလို့ ပေါ်ပေါက်လာတဲ့ ပြဿနာတခုပါ။ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်ထဲမှာ အထက်လူကြီးများနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဆွေတော်မျိုးတော်တွေ၊ မကင်းရာမကင်းကြောင်း စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းချင်းတူတွေ လာပြီး လိုင်းဝင်ပူးနေတာမရှိ၊ ခွင်မညှိ၊ ရှင်းသန့်နေပါမှ အလုပ်ဖြစ် အဆင်ချောတတ်ပါတယ်။
ယခင် ဗိုလ်ချုပ်ခင်ညွန့်တို့လို ထောက်လှမ်းရေးများ ခေတ်ကောင်းစဉ်တုန်းက နအဖထိပ်သီး ဗိုလ်ချုပ်ကတော်နဲ့ သားသမီးများရဲ့ အကျိုးစီးပွားလုပ်ငန်းတွေကို သူတို့က ကြားဝင် အကျိုးဆောင်ပေးတတ်တာမို့ လိုင်းပူးပြီး ပြဿနာတက်တာမျိုးမရှိခဲ့ပါဘူး။ နအဖထိပ်သီး ဗိုလ်ချုပ်များအတွက်ရော ငြိမ်းအဖွဲ့များနဲ့ စီးပွားရေးသမားများသာမက လက်အောက် ဗျူဟာ၊ တပ်မမှူးတွေအပြင် နယ်ခံတပ်ရင်းမှူးတွေပါမကျန် အားလုံး အဆင်ပြေသွားအောင် ထောက်လှမ်းရေးတို့က ထိန်းညှိပြီး စီစဉ်ပေးတတ်ကြပါတယ်။
အခုရှိနေတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) များကတော့ ဒီကိစ္စမျိုးတွေမဆိုထားနဲ့၊ တပ်ရင်းမှူးအဆင့်ရှိသူရဲ့ အနားကိုတောင် ကပ်နိုင်တဲ့ အခွင့်အာဏာမရှိကြပါဘူး။ ကြားဝင်ထိန်းညှိပေးမယ့်သူတွေ မရှိကြတော့လို့လည်း အခုလိုမျိုးပြဿနာတွေနဲ့ ထိပ်တိုက်လာတိုးပြီး တိုင်း၊ တပ်မ၊ ဒကစ၊ ဗျူဟာ၊ ဂျီဝမ်း၊ ဂျီတူးများအကြားမှာ ပြဿနာတွေ တသီကြီး တက်ကုန်ကြရတာပါ။ ပြီးခဲ့တဲ့ (၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ) တုန်းကလည်း ဗန်းမော်ခရိုင်အတွင်း သစ်ကွက်များကို နေပြည်တော်က တိုက်ရိုက် တပ်တွေလွှတ်ပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေလည်း သီးခြားရှိပြန်ပါသေးတယ်။
အောက်ခြေ ဒကစနဲ့ ဗျူဟာတွေကို ဒီလိုနှိပ်ကွပ်နေပေမယ့် တိုင်းမှူးတွေနဲ့ နီးစပ်သူ ၀န်ကြီး ဗိုလ်ချုပ်တွေကိုယ်တိုင် လက်အောက် ဒကစ၊ စကခ ၊ ဗျူဟာ၊ စစ်ဗျူဟာ အခြေချ၊ တပ်မအဆင့်တွေကို ကျော်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ကွက်တွေလည်း အများကြီးရှိပါသေးတယ်။ ချင်းတွင်းမြစ်ရိုးတလျှောက်က ရွှေဖောင်တွေကို ဦးတေဇပိုင် ထူးကုမ္မဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး ရွှေရှာလိုတဲ့ စက်လှေတိုင်း အခွန်အဖြစ် ငွေနဲ့ တူးဖော်ရတဲ့ ရွှေ (၃) ကျပ်သားစီ အခွန်ပေးဆောင်ကြရပါတယ်။ အထက်ဗိုလ်ချုပ်ကြီးများ အားကိုးနဲ့ မူလကန်ထရိုက်ရထားသူ ဒေသခံ လုပ်ငန်းရှင်းတွေဆီကနေ ဦးတေဇရဲ့ ကုမ္ပဏီက အတင်းဝင်ပြီး အခွန်ကောက်စားတာပါ။ စစ်ကိုင်းတိုင်း မုံရွာဒေသ၊ ဆွဲလွဲ ရွှေမှော်တခုထဲမှာကို စက်လှေအစီးပေါင်း (၇၀၀) ကျော်ရှိတာမို့ ဦးတေဇရမယ့် အကျိုးအမြတ်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတယောက်ဖြစ်ပြီး ဒီလုပ်ငန်းခွင်ရှိ သူ့ကုမ္ပဏီထဲမှာလည်း နအဖဗိုလ်ချုပ်တွေ အတော်များများ အစုရှယ်ယာဝင်ထားကြတယ်လို့ သိရပါတယ်။
မကွေးတိုင်း နှောပင်ရေနံမှော်ထဲက ကိစ္စကလည်း ဒီလိုအလားတူ ဖြစ်ရပ်မျိုးပါပဲ။ မကွေးတိုင်းမှူးရဲ့အစ်မ ပိုင်ဆိုင်တဲ့ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီက ဆန္ဒပြလုပ်သားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး တခြားလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာမျိုးတွေကို လုပ်ခဲ့ကြပါတယ်။ ရွှေကြောအသစ်တွေ ထွက်ရှိနေတဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရွှေလုပ်ကွက်များအတွင်း ကုမ္ပဏီကြီး (၇) ခု ရှိတဲ့အနက် ဗိုလ်မှူးချုပ်ပြည့်စုံ မိသားစုပိုင် အေးမြပြည့်စုံကုမ္ပဏီ အပါအ၀င် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်နဲ့ နီးစပ်သူ DKBA လို ငြိမ်းချမ်းရေးအဖွဲ့ပိုင် ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။
ဝန်ကြီးဌာနများ ခွင့်ပြုချက်အရ ရန်ကုန်၊ မန္တလေးတိုင်းမှူးတွေ ကိုယ်တိုင်ငြိမ်းအဖွဲ့တချို့နဲ့ ချိတ်ဆက်လုပ်နေကြတဲ့ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှုတွေ အပါအ၀င် ကျောက်လုပ်ကွက်၊ သစ်လုပ်ကွက်၊ ရွှေမှော် စတဲ့ လုပ်ငန်းတွေကို အောက်ခြေဗျူဟာ၊ ဒကစ၊ စကခများအနေနဲ့ လာဘ်ယူဖို့ရာမပြောနဲ့ စစ်ဆေးခွင့်တောင် လုံးဝမရှိပါဘူး။ နောက်ဆုံး တိုင်းမှူးခွင့်ပြုပေးခံရတဲ့ စီးပွားရေးသမား ကုန်သည်တွေ ငြိုငြင်အောင်တောင် ဒကစမှူး ဗျူဟာမှူးတွေ မလုပ်ဝံ့ကြပါဘူး။ တိုင်းမှူးနဲ့ အဆင်ပြေတဲ့ စီးပွားရေးသမားဟာ ဗျူဟာမှူးထက် ပိုပြီး တန်ခိုးထွားလေ့ရှိတာ ဒီကနေ့ နအဖတို့ခေတ်ပါပဲ။
၂၀၁၀ ခုနှစ် ဇူလိုင်လပိုင်းအထိ ကယားပြည်နယ်က ကရင်နီအမျိုးသားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (ကမစည) ခေါ် ကြယ်ဖြူအဖွဲ့နဲ့ မန္တလေးတိုင်းမှူးတို့က တလိုင်း၊ တောင်ပိုင်း ကရင်ပြည်နယ် ဒီကေဘီအေလမ်းမှ ရန်ကုန်သို့ တသွယ်၊ အရှေ့မြောက် မိုင်းလားလမ်းဘက်က မန္တလေးအထိ တဖုံ … စသည်ဖြင့် ၀စ်သောက်လို့ ခေါ်တဲ့ မှောင်ခိုကားတွေကို မြန်မာပြည်အတွင်း နေ့စဉ်နဲ့အမျှ မှောင်ခိုတင်သွင်းနေခဲ့ကြပါတယ်။ ဒါတွေအားလုံးကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစက်မှုဇုန်များအတွက်လို့ ခေါင်းစဉ်တပ်ပြီး ၀န်ကြီးဌာနများရဲ့ ထောက်ခံစာ၊ သက်ဆိုင်ရာ တိုင်းမှူး အသီးသီးရဲ့ နားလည်ခွင့်ပြုချက်များအရ တပ်ရင်းနဲ့ ဗျူဟာတို့ရဲ့ စစ်ဆင်ရေးနယ်မြေဂိတ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်တွေ ပေးထားပါတယ်။ အဲဒီလို လမ်းကြောင်းတွေကတဆင့် တိုင်းမှူးနဲ့ ၀န်ကြီးတွေ ပူးတွဲတင်သွင်းနေတဲ့ ကားတွေကိုပဲ ပြန်ပုံစံပြောင်းပြီး ပြည်တွင်းစက်မှုဇုန်ထုတ်ကားများအဖြစ် ထုတ်လုပ်နေကြတာပါ။
ဒီကနေ့ မြန်မာ့တပ်မတော်ထဲက လာဘ်စားနေတဲ့ ဗျူဟာမှူး၊ ဒကစမှူး၊ တိုင်းမှူးတွေအကြောင်း ပြောရရင် လက်ညှိုထိုးလွတ်မယ့်သူ တယောက်မှ ကျန်စရာမရှိပါဘူး။ တပ်ရင်းမှူးဘ၀ ဒု-ဗိုလ်မှူးကြီးအဆင့်ကနေ အထက်ကို တဆင့်တက်လှမ်းတက်နိုင်ဖို့အတွက် ဗျူဟာမှူး အဆင့်အတန်းဟာ နအဖတပ်မတော် ထိပ်သီးအတွင်းစည်းဝိုင်းထဲ ၀င်ရောက်ဖို့ရာ အာဏာတံခါးဝတခုပါ။ ဒီဂိတ်ကို ဖြတ်သန်းပြီးမှ နောက်ထပ်တဆင့် စကခ/ ဒကစမှူး/ တပ်မမှူး/ တိုင်းမှူးများအဖြစ် (ဗိုလ်ချုပ်အဆင့်ထိ) သူတို့ရောက်ရှိကြပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သဘောကျပြီး သူခိုင်းရာလုပ်မယ့်သူတွေကိုသာ တပ်မမှူး/ တိုင်းမှူးများအဆင့်ကနေ ရှေ့ကို တဆင့်တက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များအဖြစ် တာဝန်ပေးအပ်ပါလိမ့်မယ်။ သာမန်စစ်ရေးစွမ်းရည်၊ စစ်မှုထမ်းသက်လောက်နဲ့ ရာထူးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်သူမှ နအဖထိပ်သီးများ အတွင်းစည်းကို လွယ်လွယ်လေးနဲ့ မရောက်လာနိုင်ပါဘူး။
အရာရှိငယ်အဆင့် တပ်စုမှူးဘ၀မှာကတည်းက အထက်ဖား အောက်ဖိ များများကျင့်သုံးပြနိုင်ပါမှ မြန်မြန်တဆင့်တိုး ရာထူးတက်ပြီး အသက်ရှည်နိုင်သလို ဗိုလ်မှူးများအထက် ဗျူဟာမှူးအဆင့်သည်လည်း အထက်ကပြောသမျှ သည်းခံ အဆဲအဆိုခံနိုင်တဲ့ ခန္တီပါရမီ၊ တိုင်း၊ တပ်မမှူးတွေ တောင်းသမျှ ပေးနိုင်ဖို့ အကြံအဖန်ကောင်းကောင်း၊ ခွင်ကောင်းကောင်းကို လိုက်ရှာ၊ အထက်နဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ကိုင်တတ်တဲ့ အရည်အချင်းများ၊ လက်အောက်ခံ တပ်ရင်းတွေကို ပိပြားနေအောင် ကွပ်ညပ်စီမံထားတတ်မှု၊ အထက်ကခိုင်းရင် ဘာမဆိုလုပ်ပေးနိုင်မယ့် နာခံမှု အစွမ်းအစလေးတွေ ရှိပါလေမှ ဗျူဟာမှူးဘ၀ကနေ ရာထူးဆက်ပြီး တိုးမြင့်ပါလိမ့်မယ်။ နောင်တနေ့ ဗိုလ်ချုပ်ဖြစ်လိုသူတိုင်းအတွက် ဗျူဟာမှူးဘ၀ကတည်းက လိုအပ်တဲ့ ပါရမီ အသွယ်သွယ် ဖြည့်ဆည်းတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။
ကကကြည်းကနေပြီး အရေးကိစ္စပေါင်းစုံအတွက် အကြောင်းအမျိုးမျိုးပြ အခါမလပ် ငွေကောက်ခံတတ်တာမို့လည်း မိမိတို့ဗျူဟာအလိုက် အချိုးကျ ထည့်ဝင်ကြဖို့အရေး အကြံအဖန်တွေ လိုအပ်ကြောင်း၊ တချို့ဗျူဟာမှူးများက ဆင်ခြေပေးကြပါတယ်။ နေပြည်တော်က အလှူအတန်းကိစ္စများ၊ ကြက်ဆူ၊ ရော်ဘာစိုက်စီမံကိန်း၊ စစ်တိုင်းအလိုက် အားကစား၊ အခမ်းအနား၊ သာရေးနာမှု … စတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ လက်အောက် တိုင်း၊ တပ်မ၊ ဒကစ၊ စကခ၊ စဗခ၊ ဗျူဟာ၊ တပ်ရင်းအသီးသီးကို ခွဲတမ်းချပြီး အမြဲတမ်း ကောက်ခံလေ့ရှိပါတယ်။ လက်ရှိအဆင့်က ရှေ့ဆက်ရာထူး မတက်ဘဲ အရပ်ဘက် ရောက်မသွားခင်လေးမှာ အထက်တောင်းခံလို့ ထည့်ရမယ့်ငွေထက် ပိုပြီး အရင်းအနှီး ပိုမိုစုဆောင်းရှာဖွေနေကြတဲ့ ဗျူဟာမှူးများသာ နအဖတပ်ထဲမှာ အများစုပါ။
နအဖတပ်တွင်းမှာ ဗျူဟာမှူးအဆင့်ကနေ စစ်သက်ကြွေသွားရှာသူ အရာရှိအတော်များများ ရှိတတ်တာမို့ နောက်ဆုံးရိက္ခာယူကြတဲ့အနေနဲ့ ဗျူဟာမှူးတိုင်း လာဘ်စားနေတာ မဆန်းလှပါဘူး။ ဆယ်ဂဏန်းလောက်သာ လူရှိတဲ့ ကိုယ့်ရုံးအဖွဲ့ကလွဲပြီး ပြန်လှည့်၊ ငဲ့ကွက်စရာ မရှိတာကြောင့် ဗျူဟာမှူးနဲ့ အထက်အဆင့် အရာရှိတွေအဖို့တော့ ရသမျှ အကြံအဖန်ငွေ ဟူသမျှ ကိုယ့်အိတ်ကပ်ထဲချည်းပဲဝင် ဆိုသလိုမျိုးပါ။ ဒါတောင် ဗျူဟာမှူးအဆင့်ရှိသူများအတွက် နိုင်ငံတော်က တရားဝင် ချပေးထားတဲ့ မြေကွက်တွေ၊ ကား၊ တယ်လီဖုန်း၊ ဒီဇယ်၊ ဓာတ်ဆီ … စတဲ့ ခွဲတမ်းတွေ မပါသေးပါဘူး။ သာမန်တပ်ရင်းမှူးအဆင့်တွေ ရနေတဲ့ အခွင့်အရေးများထက်ကို အရေအတွက်နဲ့ အရည်အချင်းအရပါ များပြားတဲ့ ခံစားနိုင်ခွင့်တွေကို ဗျူဟာမှူးတိုင်းရကြပါတယ်။
ဒါတွေအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ အစုရှယ်ယာထည့်ပြီး ရတဲ့အမြတ်ငွေကို မိုက်ကြေးခွဲ တောင်းယူတတ်ကြတဲ့ ဗျူဟာမှူးကတော်တို့ရဲ့ မောင်တထမ်း မယ်တရွက်ဆိုသလို သီးသန့် အကြံအဖန်လိုင်းတွေလည်း ထပ်ရှိပါသေးတယ်။ ကွန်ဟိန်း ဗျူဟာမှူးကတော်တယောက်က နှစ်လုံးထီနဲ့ ချဲဒိုင်မှာ အစုရှယ်ယာ ပါဝင်ထားသလို ဒကစ (လွိုင်ကော်) လက်အောက်က ဗျူဟာမှူးကတော်တွေလည်း မော်ချီးက ခဲမှောင်ခိုသယ်တဲ့ ကိစ္စတွေမှာ ၀င်ပတ်သက်နေကြပါတယ်။ ဆိုင်ကယ်မှောင်ခို၊ လူမှောင်ခို ကယ်ရီပို့တဲ့ လုပ်ငန်းတွေမှာ ရှမ်းမြောက်က ဗျူဟာမှူးကတော်တွေ ၀င်ရောက်လှုပ်ရှားလေ့ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း မိုးနဲ၊ လင်းခေးဘက်က ရှမ်းလူမျိုး အလုပ်ရှာဖွေသူတွေဟာ ဗျူဟာမှူးကတော်တယောက် အကူအညီနဲ့ ကယားပြည်နယ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ဘက်အထိ အသုတ်လိုက်တက် အလုပ်သွားလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နယ်စပ်ဖြတ်ကျော် အလုပ်လာရှာသူ ဆီဆိုင်ဘက်က ပအို့လူမျိုးအချို့ကတော့ နယ်စပ်ဂိတ်အဖွဲ့ပေါင်းစုံရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
စီးပွားရေးလမ်းလည်းမကျ၊ ဝေးလံခေါင်သီဒေသမှာ တာဝန်ကျသူ ဗျူဟာမှူးများအဖို့တော့ လက်အောက်တပ်ရင်းတွေကို လှည့်စစ်တဲ့အချိန်နဲ့ ရှေ့တန်းစခန်းတွေ နယ်လှည့်ထွက်တဲ့အခါမျိုးမှသာ အကြံအဖန်တွေ ရတတ်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက မစိုက်ဘဲ ဒေသခံစီးပွားရေးသမား အငယ်စားလေးတွေဆီကနေ အဘလေး (ဗျူဟာမှူး) ကန်တော့ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုက်ကြေးခွဲ ငွေကောက်ခံပြီး လာတဲ့ ဗျူဟာမှူးတိုင်း အဆင်ပြေအောင် လက်အောက်တပ်ရင်းမှူးတွေက လုပ်ပေးရပါတယ်။ ဒီကြားထဲ ပြုတ်ချင်ပြုတ် လာဘ်စားမယ်ဆိုတဲ့ ကမ်းကုန်အောင် လာဘ်စားတတ်သူ ဗျူဟာမှူးတချို့ကိုလည်း တွေ့ရပါသေးတယ်။ ဖယ်ခုံအခြေစိုက် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဆိုရင် စစ်ဆင်ရေးတာဝန်အပြီး အပြန်မှာ မှောင်ခို ဟိုင်းလက်ကားတစီးကို အတင်းအဓမ္မ တောင်းယူသွားခဲ့တဲ့အထိကို လာဘ်စားရာမှာ နာမည်ပျက်ခဲ့ပါတယ်။
တကယ်တော့ နအဖတပ်မတော်အတွင်းက ရေပေါ်ဆီလူတန်းစားဟာ ဗိုလ်ချုပ်နဲ့အထက် အဆင့်ရှိသူတွေဖြစ်ပြီး ကိုယ်ပိုင်အရင်းအနှီး သိန်းသန်းပေါင်းများစွာကို အကျိုးတူ ကုမ္ပဏီများစွာမှာ ရင်းနှီးပြီး စည်းစိမ်အိုးအိမ် ပိုင်ဆိုင်မှုပေါင်းများစွာနဲ့ သူတို့ဆယ်သက် စားမကုန်အောင် ချမ်းသာနေကြတယ်ဆိုရင် အောက်အဆင့် ဗျူဟာမှူးတွေရဲ့ချမ်းသာမှုဟာ အကြမ်းဖျင်းပမာဏ သိန်းထောင်တချို့အောက် လျောလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့်မို့ တပ်မတော်အတွင်းက ဗျူဟာမှူးဆိုတဲ့ ရာထူးဟာ ဗိုလ်ချုပ်မှူးကြီး အနားကို ရှေ့တဆင့်တိုးပြီး ရောက်ရှိဖို့ရာ နအဖကောင်စီရဲ့ အာဏာတံခါးဝအစ (သို့) လာဘ်စားမှုတို့ရဲ့ လှေခါးထစ်အဆင့်တခုသာ ဖြစ်ပါတယ်။
ဒီကနေ ရှေ့တထစ်ဆက်ပြီး ရာထူးတက်ချင်ရင် အဆင့်မြင့်မြင့် ကျွမ်းကျင်လိမ္မာပါးနပ်စွာ လာဘ်စားသွားတတ်ဖို့ အရေးကြီးပါတယ်။ အစားမတတ်ရင် မိုးမိတ် စကခမှူး၊ ဗျူဟာမှူးတွေလို ဒီဘ၀ဒီမျှနဲ့ နိဋ္ဌိတံသွားဖို့ လမ်းများသာ ပွင့်နေပါလိမ့်မယ်။ လက်ရှိအဆင့်ကနေ ဒု-တပ်မမှူး၊ တပ်မမှူး၊ ဒု-တိုင်းမှူး၊ တိုင်းမှူးတွေအဖြစ် ဆက်ပြီး ရာထူးတက်ချင်သေးရင် လက်ရှိ ဗျူဟာမှူးဘ၀ထဲမှာကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းညှိလာဘ်စားတတ်တဲ့ သင်ခန်းစာကို သူတို့ ကျေညက်အောင် လေ့ကျင့်ထားရပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်ဖြင့် သက်တမ်းမစေ့ခင် ဗျူဟာမှူးဘ၀က ပြုတ်ပြီး ကံကောင်းထောက်မစွာဖြင့် အကပ်ကောင်း အဖားတော်ပါမှ အရပ်ဘက် ညွှန်မှူးများဘ၀ကို မြန်းရမယ့်ကိန်း မြင်ပါလိမ့်မယ်။
လာဘ်စားမှုတွေ တချက်တစက်ကလေးမှ မရှိကြဘူးဆိုရင် နအဖတပ်မတော် ထိပ်သီးများကိုယ်တိုင်ရော သူတို့ရတဲ့ လစာငွေလောက်နဲ့ တပ်မတော်အတွင်းထဲမှာ စံပြတပ်မှူးကြီးများအဖြစ် ဆက်တာဝန်ယူနေဦးမှာလားဆိုတာ မေးစရာကောင်းလှတဲ့ မေးခွန်းတခုပါပဲ။ ။
0 comments:
Post a Comment