dailyvid


1234
x

Latest Post

Showing posts with label bcjpnog. Show all posts
Showing posts with label bcjpnog. Show all posts

ငါ့သားကင်မရာ ပြန်ပေး

September 27, 2010...ဧရာဝတီ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

NAGAI_2
မစ္စတာ နာဂါအိ အုတ်ဂူ (ဓာတ်ပုံ-မောင်လတ်နီ)
မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေး ပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။
NAGAI_1
အုတ်ဂူရှေ့မှ ကျောက်သားဖြင့်ထုထားသည့် ကင်မရာပုံ (ဓာတ်ပုံ-မောင်လတ်နီ)


အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေး ပါဘူး။

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။    ။

လာဘ်စားမှုအပေါင်း သရဖူဆောင်းတော့သည်

27 Sept. 2010...ခေတ်ပြိုင်...
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အထက်နားက ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို ဇွန်လ (၂၆) ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တပ်တွေ တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။ ဗန်းမော်အခြေစိုက် စကခ (၂၁) ရဲ့ ရွှေလုပ်ကွက်တွေရှိတဲ့ ပိုင်နက်ဧရိယာအတွင်း လုပ်ငန်းရှင် ရွှေဖောင်သမား (၂၀) ကျော်လောက် (စကခ) ရန်ပုံငွေအတွက် ရွှေဖောင်တစင်း ငွေကျပ် (၁၀) သိန်းစီ ပေးဆောင်ပြီး လုပ်ငန်းပြီးဆုံးခဲ့ရင် ရှာဖွေရသမျှ ရွှေသုံးပုံတပုံကိုလည်း စကခ (ဗန်းမော်) ထံ ပေးရမယ်ဆိုတဲ့ သဘောတူချက်များနဲ့ လုပ်ကိုင်ခဲ့ကြတာပါ။ မိမိလက်အောက်တပ်တွေ အခုလို ရန်ပုံငွေရှာတာကို အထက်ဌာန (မပခ) တိုင်းမှူးက လုံးဝသဘောမတူပါဘူး။ တိုင်းမှူးကပေးတဲ့ တားဆီးမိန့်အတိုင်း လက်အောက် (စကခ) မှူးက မလိုက်နာခဲ့ကြလို့လည်း တိုင်းကတပ်တွေ လွှတ်ပြီး ဖမ်းဆီးခဲ့ရတဲ့အခြေထိ ဆိုက်သွားခဲ့ပါတယ်။ စစ်တပ်အချင်းချင်း အထက်နဲ့အောက် အဆင်မပြေ ဖမ်းဆီးကြမှုတွေရဲ့ နောက်ဆက်တွဲရလဒ်အဖြစ် လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်များပါ ဘ၀ပျက်ကုန်ကြပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ တပြည်လုံးရှိ နအဖတပ်မတော်အတွင်း ထိပ်သီးတွေကြား အချင်းချင်း အဝေမတည့် မပြေလည်မှုများစွာအထဲက ပြယုဂ်တခုမျှပါ။ လုပ်ကွက်နဲ့ ခွင်ကောင်းပြီး ကြားပေါက်ရလမ်းရှိတဲ့ နေရာတွေကို တာဝန်ယူထားတဲ့ ဒေသစစ်ဆင်ရေး/ကွပ်ကဲရေးဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)၊ စစ်ဗျူဟာ/နည်းဗျူဟာခေါ် ဗျူဟာများနဲ့ တပ်မတွေက အောက်ခြေ ဗိုလ်မှူးကြီးအဆင့်မှသည် ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်များအဆင့်ထိ ရှိသူတွေဟာ အထက်ကို နားလည်မှုယူ ခွဲတမ်းပေး ပူဇော်ပသကြပြီးမှသာ ဒီလိုအကြံအဖန်ရှာခွင့် (သို့) လုပ်ပိုင်ခွင့်တွေရကြတာမို့ မဆန်းလှပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများနဲ့ ဆက်စပ်နယ်မြေရှိ နယ်စပ်ဂိတ်ပေါက်များ၊ ယခင် ခုတ်လှဲခြင်းမပြုသေးတဲ့ အပျိုစင် သစ်တောများ၊ ရွှေ၊ သတ္တုသိုက်များ၊ ကျောက်မျက်မှော်များ … စတဲ့ သဘာဝသယံဇာတ ပေါများတဲ့ ဒေသတွေမှာ တာဝန်ကျသူ တပ်မ၊ စကခ၊ ဒကစ၊ ဗျူဟာမှူးတိုင်းဟာ နအဖခေတ် ငြိမ်းချမ်ရေးကာလတလျှောက် နှစ်ပေါင်း (၂၀) လုံးလုံး ၀င်ငွေတွေ ကောင်းခဲ့ကြပါတယ်။

အမိန့်ကို တသွေမတိမ်း လိုက်နာတတ်ဖို့အပြင် အထက်လူကြီးတွေကို မမေ့မလျော့ ကျေးဇူးသိတတ်ဖို့၊ နည်းလမ်းကျကျ ကန်တော့တတ်ဖို့ကလည်း နအဖတို့ခေတ်မှာ သိပ်ကိုအရေးကြီးတဲ့ ရာထူးတက်လမ်းတခုပါပဲ။ ကိုယ်လိုင်းဝင်တာမှန်ပါမှ လိုင်းလည်းဝင်တတ်ပါမှ အဆင်ပြေကြပါလိမ့်မယ်။ အသားလွတ်ကြီး သွားကန်တော့ရုံနဲ့ ဘယ်လိုမှ ကိစ္စမပြီးမြောက်တတ်ပါဘူး။ များသောအားဖြင့် ဒီကိစ္စတွေကို ဗိုလ်ချုပ်ကတော်များရဲ့ လိုင်း (မီးဖိုချောင် ကက်ဘိနက်) ကတဆင့် လုပ်လေ့ရှိကြပါတယ်။ ထူးထူးခြားခြားအဖြစ် မဆလ ဦးနေ၀င်းခေတ်မှာ တိုင်းမှူးကတော်တွေဟာ မီးဖိုချောင်ကနေ လာဘ်လာဘတွေ ၀င်လာမှာကို သိပ်ကြောက်ကြတယ်လို့ သိရပါတယ်။ အဲဒီခေတ်က ရာထူးမပြုတ်ချင်ရင် အိမ်မဆောက်နဲ့၊ မဖြစ်စလောက် တံစိုးလက်ဆောင်လေးတောင် မယူမိကြစေနဲ့လို့ တပ်ထဲမှာ ဆိုရိုးရှိခဲ့ကြပါတယ်။ လော်စစ်ဟန် လက်ဆောင်ပေးတဲ့ နာရီကို ယူမိလို့ ပြုတ်သွားတဲ့ ဗိုလ်မှူးကြီး၊ သက်သာဆိုင်က အိမ်ရိုက်သံတွေ ထုတ်ယူမိလို့ အဖြုတ်ခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် … စတဲ့ ပုဂ္ဂိုလ်မျိုးတွေလည်း ရှိခဲ့ကြဖူးပါတယ်။ ဦးနေ၀င်းက ဖြုတ်ချင်တဲ့သူတွေကို ဖယ်ရှားဖို့ အကြောင်းပြလို့ရအောင် အဲဒီလို အသေးအဖွဲကိစ္စလေးတွေကို ထောက်လှမ်းရေးက အမြဲတမ်း လိုက်စုံစမ်းပြီး မှတ်တမ်းတင်ပေးတဲ့ အလုပ်ကို လုပ်ပေးခဲ့ရပါတယ်။

အထက်လူကြီးအပြင် သူ့နံဘေးရှိ ကိုယ်နဲ့အဆင့်တူ ဂျီဝမ်း (G 1) ခေါ် စစ်ဦးစီး ပထမတန်း၊ ဂျီတူး (G 2) ခေါ် စစ်ဦးစီး ဒုတိယတန်းအရာရှိ လုပ်သူတွေကိုလည်း ကြည့်ပေါင်းသင်းတတ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်အထက်အဆင့်က ဒကစ၊ စကခ၊ တပ်မမှူးတွေနဲ့ ခွင်မိပြီး အဆင်ပြေနေရင်တောင် သူတို့အနားကပ်နေတဲ့ ဂျီဝမ်း၊ ဂျီတူးတွေက မကြည်ရင် မကြည်သလို ပညာပြလို့ ချောက်တွန်းခံရလို့ အဆင်မပြေဖြစ်ရတာတွေလည်း အမျိုးမျိုးရှိပါသေးတယ်။ ကြုံခဲ့တာလေးတခု ပြောရရင် ၂၀၀၅ ခုနှစ်တုန်းက လက်အောက်ခံစစ်ဗျူဟာနဲ့ စစ်ဗျူဟာအခြေချတွေဆီကနေပြီး ကယားပြည်နယ်ရှိ ဒေသစစ်ဆင်ရေးနဲ့ ကွပ်ကဲမှုဌာနချုပ် (ဒကစ လွိုင်ကော်) မှူးက လှမ်းပြီး ခေါင်းပုံဖြတ်လေ့ ရှိပါတယ်။ (ဒကစ) ကို လိုင်းကြေးမသွင်းရင် သူ့နံဘေးက အရာရှိတွေဖြစ်တဲ့ ဂျီဝမ်း၊ ဂျီတူးတွေနဲ့ ဆက်ဆံမှု အဆင်မချောရင် အောက်က တက်လာတဲ့ တရားမ၀င် မှောင်ခိုကားတွေ၊ ခိုးတင်လာတဲ့ သစ်တွေနဲ့ မော်ချီးဘက်က တရားမ၀င် သယ်လာတဲ့ ခဲသတ္တုတွေကို လွိုင်ကော်က ဆီးပြီး ဖမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ အထက်နဲ့အောက်အကြား ဆက်ဆံရေး မပြေလည်သေးရင် ကုန်သည်တွေကို လမ်းမှာပဲ ပုန်းနေကြဖို့၊ တရားမ၀င် ခိုးသွင်းလာတဲ့ ပစ္စည်းတွေကို တောထဲ ခေတ္တဖွက်ထားဖို့ ဗျူဟာမှူးများက ကြိုတင်သတိပေး ရှောင်ခိုင်းလေ့ရှိပါတယ်။

ဒါတောင်မှ နယ်မြေလှုပ်ရှားတပ်တွေကို ဒီသတင်းချပေးပြီး ဖွက်ထားတဲ့ ပစ္စည်းတွေကို တောနင်းပြီး ရှာကြဖို့ လွိုင်ကော် ဒကစမှူးက ထပ်ကွန့် လုပ်ခိုင်းတတ်တာမျိုးလည်း ရှိပါသေးတယ်။ စီးပွားရေးကိစ္စများနဲ့ ပတ်သက်ပြီး တပ်တွင်း အထက်နဲ့အောက် လူကြီးချင်း စည်းလုံးမှုပြိုကွဲနေတာမို့လည်း လက်အောက်တပ်ရင်းမှူးတွေကပါ ကလန်ကဆန် လိုက်လုပ်ကုန်တာကိုလည်း တွေ့ရပါသေးတယ်။ တက်လာသမျှ ၀စ်သောက်ခေါ် မှောင်ခိုသွင်းတဲ့ ကားတွေကို ဒကစ လွိုင်ကော်ကနေ ဆီးပြီး ဖမ်းနေချိန်မှာ နှစ်နိုင်ငံနယ်စပ်ကိစ္စ သွားတင်ပြဖို့အတွက် ၀စ်သောက်ကားသာမက လွိုင်ကော် (ဒကစ) ရဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ငြိမ်းအဖွဲ့ဝင် ဒရိုင်ဘာကိုခေါ် ကားမောင်းခိုင်းပြီး ဖားဆောင်း ခလရ (၁၃၅) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက် ဒကစ လွိုင်ကော်ကို ဘုကန့်လန့်တိုက်ပြီး တက်သွားခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါကြောင့်မို့ ဒကစ လွိုင်ကော်လက်အောက်ခံ တပ်ရင်းမှူးများအနက် ဒု-ဗိုလ်မှူးကြီး အောင်အောင်တိုးတယောက်သာ သံမဏိသက်ရှည် တပ်ရင်းမှူးကြီးအဖြစ် (၁၀) နှစ်ကျော်မျှ ချောင်ထိုးထားခြင်း ခံခဲ့ရပါတော့တယ်။ ဘော်လခဲ ဗျူဟာမှူးနဲ့ လွိုင်ကော် ဒကစမှူးတို့အကြားက အဆင်မပြေမှုများကို တပ်တွင်းက ဆက်သွယ်ရေးစက်ကိုင်တဲ့ တပ်ရင်းမှူးတိုင်း၊ စက်သမားတိုင်း သိထားကြသလို ဖမ်းဆီးမယ့် သတင်းတွေကိုလည်း ဗျူဟာမှူးတွေထံ (ဒကစ လွိုင်ကော်) စက်သမားတွေကကြိုပြီး သတင်းပေးထားနှင့်တတ်ကြပါတယ်။ ကုန်သည်တွေက ဗျူဟာမှူး (အဘလေး) အတွက် တပုံး (တသိန်း) ဆိုရင် သတင်းပေးသူ စက်သမားများအတွက် တပြား (တသောင်း) နှုန်းလောက် ခွဲတမ်းပေးတတ်ကြရပါတယ်။

အခု မိုးမိတ် စကခမှူး ဖြစ်ရပုံကလည်း သူ့အထက်က တိုင်းမှူးရဲ့ လုပ်ပိုင်ခွင့် အကျိုးစီးပွားတွေနဲ့ သွားငြိနေလို့ ပေါ်ပေါက်လာတဲ့ ပြဿနာတခုပါ။ ကိုယ်လုပ်မယ့် လုပ်ငန်းခွင်ထဲမှာ အထက်လူကြီးများနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဆွေတော်မျိုးတော်တွေ၊ မကင်းရာမကင်းကြောင်း စီးပွားရေးကုမ္ပဏီတွေ၊ လုပ်ငန်းချင်းတူတွေ လာပြီး လိုင်းဝင်ပူးနေတာမရှိ၊ ခွင်မညှိ၊ ရှင်းသန့်နေပါမှ အလုပ်ဖြစ် အဆင်ချောတတ်ပါတယ်။

ယခင် ဗိုလ်ချုပ်ခင်ညွန့်တို့လို ထောက်လှမ်းရေးများ ခေတ်ကောင်းစဉ်တုန်းက နအဖထိပ်သီး ဗိုလ်ချုပ်ကတော်နဲ့ သားသမီးများရဲ့ အကျိုးစီးပွားလုပ်ငန်းတွေကို သူတို့က ကြားဝင် အကျိုးဆောင်ပေးတတ်တာမို့ လိုင်းပူးပြီး ပြဿနာတက်တာမျိုးမရှိခဲ့ပါဘူး။ နအဖထိပ်သီး ဗိုလ်ချုပ်များအတွက်ရော ငြိမ်းအဖွဲ့များနဲ့ စီးပွားရေးသမားများသာမက လက်အောက် ဗျူဟာ၊ တပ်မမှူးတွေအပြင် နယ်ခံတပ်ရင်းမှူးတွေပါမကျန် အားလုံး အဆင်ပြေသွားအောင် ထောက်လှမ်းရေးတို့က ထိန်းညှိပြီး စီစဉ်ပေးတတ်ကြပါတယ်။

အခုရှိနေတဲ့ စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) များကတော့ ဒီကိစ္စမျိုးတွေမဆိုထားနဲ့၊ တပ်ရင်းမှူးအဆင့်ရှိသူရဲ့ အနားကိုတောင် ကပ်နိုင်တဲ့ အခွင့်အာဏာမရှိကြပါဘူး။ ကြားဝင်ထိန်းညှိပေးမယ့်သူတွေ မရှိကြတော့လို့လည်း အခုလိုမျိုးပြဿနာတွေနဲ့ ထိပ်တိုက်လာတိုးပြီး တိုင်း၊ တပ်မ၊ ဒကစ၊ ဗျူဟာ၊ ဂျီဝမ်း၊ ဂျီတူးများအကြားမှာ ပြဿနာတွေ တသီကြီး တက်ကုန်ကြရတာပါ။ ပြီးခဲ့တဲ့ (၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ) တုန်းကလည်း ဗန်းမော်ခရိုင်အတွင်း သစ်ကွက်များကို နေပြည်တော်က တိုက်ရိုက် တပ်တွေလွှတ်ပြီး ဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်တွေလည်း သီးခြားရှိပြန်ပါသေးတယ်။

အောက်ခြေ ဒကစနဲ့ ဗျူဟာတွေကို ဒီလိုနှိပ်ကွပ်နေပေမယ့် တိုင်းမှူးတွေနဲ့ နီးစပ်သူ ၀န်ကြီး ဗိုလ်ချုပ်တွေကိုယ်တိုင် လက်အောက် ဒကစ၊ စကခ ၊ ဗျူဟာ၊ စစ်ဗျူဟာ အခြေချ၊ တပ်မအဆင့်တွေကို ကျော်ပြီး လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ကွက်တွေလည်း အများကြီးရှိပါသေးတယ်။ ချင်းတွင်းမြစ်ရိုးတလျှောက်က ရွှေဖောင်တွေကို ဦးတေဇပိုင် ထူးကုမ္မဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေပြီး ရွှေရှာလိုတဲ့ စက်လှေတိုင်း အခွန်အဖြစ် ငွေနဲ့ တူးဖော်ရတဲ့ ရွှေ (၃) ကျပ်သားစီ အခွန်ပေးဆောင်ကြရပါတယ်။ အထက်ဗိုလ်ချုပ်ကြီးများ အားကိုးနဲ့ မူလကန်ထရိုက်ရထားသူ ဒေသခံ လုပ်ငန်းရှင်းတွေဆီကနေ ဦးတေဇရဲ့ ကုမ္ပဏီက အတင်းဝင်ပြီး အခွန်ကောက်စားတာပါ။ စစ်ကိုင်းတိုင်း မုံရွာဒေသ၊ ဆွဲလွဲ ရွှေမှော်တခုထဲမှာကို စက်လှေအစီးပေါင်း (၇၀၀) ကျော်ရှိတာမို့ ဦးတေဇရမယ့် အကျိုးအမြတ်ကို မှန်းဆလို့ ရနိုင်ပါတယ်။ ဦးတေဇဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးစပ်သူတယောက်ဖြစ်ပြီး ဒီလုပ်ငန်းခွင်ရှိ သူ့ကုမ္ပဏီထဲမှာလည်း နအဖဗိုလ်ချုပ်တွေ အတော်များများ အစုရှယ်ယာဝင်ထားကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း နှောပင်ရေနံမှော်ထဲက ကိစ္စကလည်း ဒီလိုအလားတူ ဖြစ်ရပ်မျိုးပါပဲ။ မကွေးတိုင်းမှူးရဲ့အစ်မ ပိုင်ဆိုင်တဲ့ ကောင်းဇော်ဟိန်း ရေနံကုမ္ပဏီက ဆန္ဒပြလုပ်သားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ပြီး တခြားလုပ်ငန်းရှင်တွေကို ဖမ်းဆီးတာမျိုးတွေကို လုပ်ခဲ့ကြပါတယ်။ ရွှေကြောအသစ်တွေ ထွက်ရှိနေတဲ့ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရွှေလုပ်ကွက်များအတွင်း ကုမ္ပဏီကြီး (၇) ခု ရှိတဲ့အနက် ဗိုလ်မှူးချုပ်ပြည့်စုံ မိသားစုပိုင် အေးမြပြည့်စုံကုမ္ပဏီ အပါအ၀င် သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်နဲ့ နီးစပ်သူ DKBA လို ငြိမ်းချမ်းရေးအဖွဲ့ပိုင် ကုမ္ပဏီတွေကပဲ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြောင်း သိရပါတယ်။

ဝန်ကြီးဌာနများ ခွင့်ပြုချက်အရ ရန်ကုန်၊ မန္တလေးတိုင်းမှူးတွေ ကိုယ်တိုင်ငြိမ်းအဖွဲ့တချို့နဲ့ ချိတ်ဆက်လုပ်နေကြတဲ့ တရားမ၀င် ကားမှောင်ခိုတင်သွင်းမှုတွေ အပါအ၀င် ကျောက်လုပ်ကွက်၊ သစ်လုပ်ကွက်၊ ရွှေမှော် စတဲ့ လုပ်ငန်းတွေကို အောက်ခြေဗျူဟာ၊ ဒကစ၊ စကခများအနေနဲ့ လာဘ်ယူဖို့ရာမပြောနဲ့ စစ်ဆေးခွင့်တောင် လုံးဝမရှိပါဘူး။ နောက်ဆုံး တိုင်းမှူးခွင့်ပြုပေးခံရတဲ့ စီးပွားရေးသမား ကုန်သည်တွေ ငြိုငြင်အောင်တောင် ဒကစမှူး ဗျူဟာမှူးတွေ မလုပ်ဝံ့ကြပါဘူး။ တိုင်းမှူးနဲ့ အဆင်ပြေတဲ့ စီးပွားရေးသမားဟာ ဗျူဟာမှူးထက် ပိုပြီး တန်ခိုးထွားလေ့ရှိတာ ဒီကနေ့ နအဖတို့ခေတ်ပါပဲ။

၂၀၁၀ ခုနှစ် ဇူလိုင်လပိုင်းအထိ ကယားပြည်နယ်က ကရင်နီအမျိုးသားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (ကမစည) ခေါ် ကြယ်ဖြူအဖွဲ့နဲ့ မန္တလေးတိုင်းမှူးတို့က တလိုင်း၊ တောင်ပိုင်း ကရင်ပြည်နယ် ဒီကေဘီအေလမ်းမှ ရန်ကုန်သို့ တသွယ်၊ အရှေ့မြောက် မိုင်းလားလမ်းဘက်က မန္တလေးအထိ တဖုံ … စသည်ဖြင့် ၀စ်သောက်လို့ ခေါ်တဲ့ မှောင်ခိုကားတွေကို မြန်မာပြည်အတွင်း နေ့စဉ်နဲ့အမျှ မှောင်ခိုတင်သွင်းနေခဲ့ကြပါတယ်။ ဒါတွေအားလုံးကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးစက်မှုဇုန်များအတွက်လို့ ခေါင်းစဉ်တပ်ပြီး ၀န်ကြီးဌာနများရဲ့ ထောက်ခံစာ၊ သက်ဆိုင်ရာ တိုင်းမှူး အသီးသီးရဲ့ နားလည်ခွင့်ပြုချက်များအရ တပ်ရင်းနဲ့ ဗျူဟာတို့ရဲ့ စစ်ဆင်ရေးနယ်မြေဂိတ်တွေကို ဖြတ်သန်းသယ်ဆောင်ခွင့်တွေ ပေးထားပါတယ်။ အဲဒီလို လမ်းကြောင်းတွေကတဆင့် တိုင်းမှူးနဲ့ ၀န်ကြီးတွေ ပူးတွဲတင်သွင်းနေတဲ့ ကားတွေကိုပဲ ပြန်ပုံစံပြောင်းပြီး ပြည်တွင်းစက်မှုဇုန်ထုတ်ကားများအဖြစ် ထုတ်လုပ်နေကြတာပါ။

ဒီကနေ့ မြန်မာ့တပ်မတော်ထဲက လာဘ်စားနေတဲ့ ဗျူဟာမှူး၊ ဒကစမှူး၊ တိုင်းမှူးတွေအကြောင်း ပြောရရင် လက်ညှိုထိုးလွတ်မယ့်သူ တယောက်မှ ကျန်စရာမရှိပါဘူး။ တပ်ရင်းမှူးဘ၀ ဒု-ဗိုလ်မှူးကြီးအဆင့်ကနေ အထက်ကို တဆင့်တက်လှမ်းတက်နိုင်ဖို့အတွက် ဗျူဟာမှူး အဆင့်အတန်းဟာ နအဖတပ်မတော် ထိပ်သီးအတွင်းစည်းဝိုင်းထဲ ၀င်ရောက်ဖို့ရာ အာဏာတံခါးဝတခုပါ။ ဒီဂိတ်ကို ဖြတ်သန်းပြီးမှ နောက်ထပ်တဆင့် စကခ/ ဒကစမှူး/ တပ်မမှူး/ တိုင်းမှူးများအဖြစ် (ဗိုလ်ချုပ်အဆင့်ထိ) သူတို့ရောက်ရှိကြပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် သဘောကျပြီး သူခိုင်းရာလုပ်မယ့်သူတွေကိုသာ တပ်မမှူး/ တိုင်းမှူးများအဆင့်ကနေ ရှေ့ကို တဆင့်တက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) များအဖြစ် တာဝန်ပေးအပ်ပါလိမ့်မယ်။ သာမန်စစ်ရေးစွမ်းရည်၊ စစ်မှုထမ်းသက်လောက်နဲ့ ရာထူးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်သူမှ နအဖထိပ်သီးများ အတွင်းစည်းကို လွယ်လွယ်လေးနဲ့ မရောက်လာနိုင်ပါဘူး။

အရာရှိငယ်အဆင့် တပ်စုမှူးဘ၀မှာကတည်းက အထက်ဖား အောက်ဖိ များများကျင့်သုံးပြနိုင်ပါမှ မြန်မြန်တဆင့်တိုး ရာထူးတက်ပြီး အသက်ရှည်နိုင်သလို ဗိုလ်မှူးများအထက် ဗျူဟာမှူးအဆင့်သည်လည်း အထက်ကပြောသမျှ သည်းခံ အဆဲအဆိုခံနိုင်တဲ့ ခန္တီပါရမီ၊ တိုင်း၊ တပ်မမှူးတွေ တောင်းသမျှ ပေးနိုင်ဖို့ အကြံအဖန်ကောင်းကောင်း၊ ခွင်ကောင်းကောင်းကို လိုက်ရှာ၊ အထက်နဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ကိုင်တတ်တဲ့ အရည်အချင်းများ၊ လက်အောက်ခံ တပ်ရင်းတွေကို ပိပြားနေအောင် ကွပ်ညပ်စီမံထားတတ်မှု၊ အထက်ကခိုင်းရင် ဘာမဆိုလုပ်ပေးနိုင်မယ့် နာခံမှု အစွမ်းအစလေးတွေ ရှိပါလေမှ ဗျူဟာမှူးဘ၀ကနေ ရာထူးဆက်ပြီး တိုးမြင့်ပါလိမ့်မယ်။ နောင်တနေ့ ဗိုလ်ချုပ်ဖြစ်လိုသူတိုင်းအတွက် ဗျူဟာမှူးဘ၀ကတည်းက လိုအပ်တဲ့ ပါရမီ အသွယ်သွယ် ဖြည့်ဆည်းတတ်မြောက်ထားဖို့ လိုအပ်ပါတယ်။

ကကကြည်းကနေပြီး အရေးကိစ္စပေါင်းစုံအတွက် အကြောင်းအမျိုးမျိုးပြ အခါမလပ် ငွေကောက်ခံတတ်တာမို့လည်း မိမိတို့ဗျူဟာအလိုက် အချိုးကျ ထည့်ဝင်ကြဖို့အရေး အကြံအဖန်တွေ လိုအပ်ကြောင်း၊ တချို့ဗျူဟာမှူးများက ဆင်ခြေပေးကြပါတယ်။ နေပြည်တော်က အလှူအတန်းကိစ္စများ၊ ကြက်ဆူ၊ ရော်ဘာစိုက်စီမံကိန်း၊ စစ်တိုင်းအလိုက် အားကစား၊ အခမ်းအနား၊ သာရေးနာမှု … စတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ လက်အောက် တိုင်း၊ တပ်မ၊ ဒကစ၊ စကခ၊ စဗခ၊ ဗျူဟာ၊ တပ်ရင်းအသီးသီးကို ခွဲတမ်းချပြီး အမြဲတမ်း ကောက်ခံလေ့ရှိပါတယ်။ လက်ရှိအဆင့်က ရှေ့ဆက်ရာထူး မတက်ဘဲ အရပ်ဘက် ရောက်မသွားခင်လေးမှာ အထက်တောင်းခံလို့ ထည့်ရမယ့်ငွေထက် ပိုပြီး အရင်းအနှီး ပိုမိုစုဆောင်းရှာဖွေနေကြတဲ့ ဗျူဟာမှူးများသာ နအဖတပ်ထဲမှာ အများစုပါ။

နအဖတပ်တွင်းမှာ ဗျူဟာမှူးအဆင့်ကနေ စစ်သက်ကြွေသွားရှာသူ အရာရှိအတော်များများ ရှိတတ်တာမို့ နောက်ဆုံးရိက္ခာယူကြတဲ့အနေနဲ့ ဗျူဟာမှူးတိုင်း လာဘ်စားနေတာ မဆန်းလှပါဘူး။ ဆယ်ဂဏန်းလောက်သာ လူရှိတဲ့ ကိုယ့်ရုံးအဖွဲ့ကလွဲပြီး ပြန်လှည့်၊ ငဲ့ကွက်စရာ မရှိတာကြောင့် ဗျူဟာမှူးနဲ့ အထက်အဆင့် အရာရှိတွေအဖို့တော့ ရသမျှ အကြံအဖန်ငွေ ဟူသမျှ ကိုယ့်အိတ်ကပ်ထဲချည်းပဲဝင် ဆိုသလိုမျိုးပါ။ ဒါတောင် ဗျူဟာမှူးအဆင့်ရှိသူများအတွက် နိုင်ငံတော်က တရားဝင် ချပေးထားတဲ့ မြေကွက်တွေ၊ ကား၊ တယ်လီဖုန်း၊ ဒီဇယ်၊ ဓာတ်ဆီ … စတဲ့ ခွဲတမ်းတွေ မပါသေးပါဘူး။ သာမန်တပ်ရင်းမှူးအဆင့်တွေ ရနေတဲ့ အခွင့်အရေးများထက်ကို အရေအတွက်နဲ့ အရည်အချင်းအရပါ များပြားတဲ့ ခံစားနိုင်ခွင့်တွေကို ဗျူဟာမှူးတိုင်းရကြပါတယ်။

ဒါတွေအပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ အစုရှယ်ယာထည့်ပြီး ရတဲ့အမြတ်ငွေကို မိုက်ကြေးခွဲ တောင်းယူတတ်ကြတဲ့ ဗျူဟာမှူးကတော်တို့ရဲ့ မောင်တထမ်း မယ်တရွက်ဆိုသလို သီးသန့် အကြံအဖန်လိုင်းတွေလည်း ထပ်ရှိပါသေးတယ်။ ကွန်ဟိန်း ဗျူဟာမှူးကတော်တယောက်က နှစ်လုံးထီနဲ့ ချဲဒိုင်မှာ အစုရှယ်ယာ ပါဝင်ထားသလို ဒကစ (လွိုင်ကော်) လက်အောက်က ဗျူဟာမှူးကတော်တွေလည်း မော်ချီးက ခဲမှောင်ခိုသယ်တဲ့ ကိစ္စတွေမှာ ၀င်ပတ်သက်နေကြပါတယ်။ ဆိုင်ကယ်မှောင်ခို၊ လူမှောင်ခို ကယ်ရီပို့တဲ့ လုပ်ငန်းတွေမှာ ရှမ်းမြောက်က ဗျူဟာမှူးကတော်တွေ ၀င်ရောက်လှုပ်ရှားလေ့ရှိတယ်လို့လည်း သိရပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း မိုးနဲ၊ လင်းခေးဘက်က ရှမ်းလူမျိုး အလုပ်ရှာဖွေသူတွေဟာ ဗျူဟာမှူးကတော်တယောက် အကူအညီနဲ့ ကယားပြည်နယ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်ဘက်အထိ အသုတ်လိုက်တက် အလုပ်သွားလုပ်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် နယ်စပ်ဖြတ်ကျော် အလုပ်လာရှာသူ ဆီဆိုင်ဘက်က ပအို့လူမျိုးအချို့ကတော့ နယ်စပ်ဂိတ်အဖွဲ့ပေါင်းစုံရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

စီးပွားရေးလမ်းလည်းမကျ၊ ဝေးလံခေါင်သီဒေသမှာ တာဝန်ကျသူ ဗျူဟာမှူးများအဖို့တော့ လက်အောက်တပ်ရင်းတွေကို လှည့်စစ်တဲ့အချိန်နဲ့ ရှေ့တန်းစခန်းတွေ နယ်လှည့်ထွက်တဲ့အခါမျိုးမှသာ အကြံအဖန်တွေ ရတတ်ပါတယ်။ ကိုယ့်အိတ်ကပ်ထဲက မစိုက်ဘဲ ဒေသခံစီးပွားရေးသမား အငယ်စားလေးတွေဆီကနေ အဘလေး (ဗျူဟာမှူး) ကန်တော့ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ မိုက်ကြေးခွဲ ငွေကောက်ခံပြီး လာတဲ့ ဗျူဟာမှူးတိုင်း အဆင်ပြေအောင် လက်အောက်တပ်ရင်းမှူးတွေက လုပ်ပေးရပါတယ်။ ဒီကြားထဲ ပြုတ်ချင်ပြုတ် လာဘ်စားမယ်ဆိုတဲ့ ကမ်းကုန်အောင် လာဘ်စားတတ်သူ ဗျူဟာမှူးတချို့ကိုလည်း တွေ့ရပါသေးတယ်။ ဖယ်ခုံအခြေစိုက် စကခ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီးတဦးဆိုရင် စစ်ဆင်ရေးတာဝန်အပြီး အပြန်မှာ မှောင်ခို ဟိုင်းလက်ကားတစီးကို အတင်းအဓမ္မ တောင်းယူသွားခဲ့တဲ့အထိကို လာဘ်စားရာမှာ နာမည်ပျက်ခဲ့ပါတယ်။

တကယ်တော့ နအဖတပ်မတော်အတွင်းက ရေပေါ်ဆီလူတန်းစားဟာ ဗိုလ်ချုပ်နဲ့အထက် အဆင့်ရှိသူတွေဖြစ်ပြီး ကိုယ်ပိုင်အရင်းအနှီး သိန်းသန်းပေါင်းများစွာကို အကျိုးတူ ကုမ္ပဏီများစွာမှာ ရင်းနှီးပြီး စည်းစိမ်အိုးအိမ် ပိုင်ဆိုင်မှုပေါင်းများစွာနဲ့ သူတို့ဆယ်သက် စားမကုန်အောင် ချမ်းသာနေကြတယ်ဆိုရင် အောက်အဆင့် ဗျူဟာမှူးတွေရဲ့ချမ်းသာမှုဟာ အကြမ်းဖျင်းပမာဏ သိန်းထောင်တချို့အောက် လျောလိမ့်မယ်လို့ မထင်မိပါဘူး။ ဒါကြောင့်မို့ တပ်မတော်အတွင်းက ဗျူဟာမှူးဆိုတဲ့ ရာထူးဟာ ဗိုလ်ချုပ်မှူးကြီး အနားကို ရှေ့တဆင့်တိုးပြီး ရောက်ရှိဖို့ရာ နအဖကောင်စီရဲ့ အာဏာတံခါးဝအစ (သို့) လာဘ်စားမှုတို့ရဲ့ လှေခါးထစ်အဆင့်တခုသာ ဖြစ်ပါတယ်။

ဒီကနေ ရှေ့တထစ်ဆက်ပြီး ရာထူးတက်ချင်ရင် အဆင့်မြင့်မြင့် ကျွမ်းကျင်လိမ္မာပါးနပ်စွာ လာဘ်စားသွားတတ်ဖို့ အရေးကြီးပါတယ်။ အစားမတတ်ရင် မိုးမိတ် စကခမှူး၊ ဗျူဟာမှူးတွေလို ဒီဘ၀ဒီမျှနဲ့ နိဋ္ဌိတံသွားဖို့ လမ်းများသာ ပွင့်နေပါလိမ့်မယ်။ လက်ရှိအဆင့်ကနေ ဒု-တပ်မမှူး၊ တပ်မမှူး၊ ဒု-တိုင်းမှူး၊ တိုင်းမှူးတွေအဖြစ် ဆက်ပြီး ရာထူးတက်ချင်သေးရင် လက်ရှိ ဗျူဟာမှူးဘ၀ထဲမှာကို ကျွမ်းကျွမ်းကျင်ကျင် ထိန်းညှိလာဘ်စားတတ်တဲ့ သင်ခန်းစာကို သူတို့ ကျေညက်အောင် လေ့ကျင့်ထားရပါလိမ့်မယ်။ ဒီလိုမဟုတ်ရင်ဖြင့် သက်တမ်းမစေ့ခင် ဗျူဟာမှူးဘ၀က ပြုတ်ပြီး ကံကောင်းထောက်မစွာဖြင့် အကပ်ကောင်း အဖားတော်ပါမှ အရပ်ဘက် ညွှန်မှူးများဘ၀ကို မြန်းရမယ့်ကိန်း မြင်ပါလိမ့်မယ်။

လာဘ်စားမှုတွေ တချက်တစက်ကလေးမှ မရှိကြဘူးဆိုရင် နအဖတပ်မတော် ထိပ်သီးများကိုယ်တိုင်ရော သူတို့ရတဲ့ လစာငွေလောက်နဲ့ တပ်မတော်အတွင်းထဲမှာ စံပြတပ်မှူးကြီးများအဖြစ် ဆက်တာဝန်ယူနေဦးမှာလားဆိုတာ မေးစရာကောင်းလှတဲ့ မေးခွန်းတခုပါပဲ။ ။
X
Your Name
Your Email
Your Friend Email
Your Messages



ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ ...

26 Sept. 2010...ဧရာဝတီ...၁၉၆၆ ခုနှစ်တုန်းက မြန်မာ ပညာတတ်လူငယ် မင်းလတ်ရဲခေါင် တယောက် ချက်ကိုစလိုဗက်ကီးယား နိုင်ငံ ပရက်မြို့တော် ၀င်ဆက်ဆလပ် ရင်ပြင်က သူထိုင်နေကျ တက်ထရန် ကော်ဖီဆိုင်မှာ ရှိနေပါတယ်။ အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၄ နှစ်က မြန်မာပြည်မှာ အာဏာသိမ်း အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ လုံခြုံရေး ယာဉ်တန်း ဖြတ်သွားပါတယ်။ မင်းလတ်ဟာ ကော်ဖီဆိုင်က ချက်ချင်းထွက်သွားပြီး သူ့မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်တဲ့ ဒေါက်တာ ဒက်ဂ်မာ ဘက်ခိုးဗား (Dr. Dagmar Beckova) ကို အကူအညီ တခု တောင်းပါတယ်။
နောက်ရက်ပိုင်း ဗိုလ်နေ၀င်းကို ဂုဏ်ပြုဧည့်ခံပွဲ ကျင်းပနေတုန်း ဘက်ခိုးဗားနဲ့ မင်းလတ်ရဲ့ မိတ်ဆွေ အတော်များများက ဗိုလ်ချုပ်နေ၀င်းရဲ့ နောက်လိုက်နောက်ပါ အဖွဲ့ဝင် တယောက်ကို ချဉ်းကပ်ပြီး ပါဆယ်ထုပ်တထုပ် ပေးခဲ့ပါတယ်။ အထုပ် ထဲမှာ ဗိုလ်နေ၀င်းကို လိပ်မူထားတဲ့ “မြန်မာပြည်နဲ့ ပတ်သက်ပြီး ကမ္ဘာကို အမှန်အတိုင်း ပြောပြလိုက်ပါ” ဆိုတဲ့ စာတစောင် ပါရှိပါတယ်။

ဗိုလ်နေ၀င်းကို ထိပ်တိုက် ရင်ဆိုင်လိုက်တဲ့အတွက် သူ သိပ် အန္တရာယ်ကြီးသွားပြီ ဆိုတာ မင်းလတ်က သိပါတယ်။ ပညာ တော်သင် မြန်မာတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်မိပြီ ဆိုရင် ပုံမှန်အားဖြင့် မြန်မာပြည်ကို ပြန်ကြရတာပါ။ သူ မြန်မာပြည် ပြန်တဲ့အခါ စစ်အစိုးရက သူ့ကို ကောင်းကောင်း မွန်မွန် ဘယ်ကြိုပါ့မလဲ။ အာဏာရှင်ကို မကြောက်ဘဲ မှန်တာ ပြောမိရင် သူ့ဘ၀က ကြေကွဲစရာအဖြစ်နဲ့ အဆုံးသတ်မယ် ဆိုတာကို အဲ့ဒီအချိန်က သူ မသိနိုင်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ လက်ချက်နဲ့ ဘ၀ ဇာတ်သိမ်းမှာမဟုတ်ဘဲ မြန်မာပြည် မြောက်ပိုင်း တောတွင်းတနေရာမှာ သူ့ရဲ့ ကွန်မြူနစ် ရဲဘော် တယောက်က ပစ်သတ်ခံရမယ် ဆိုတာကို သူ မသိခဲ့ပါဘူး။

ဘာသာဗေဒ နဲ့ သမိုင်း ပညာရှင် ဆရာ မင်းလတ်ဟာ ရန်ကုန်က နာမည်ကျော် စိန့်ပေါလ် ဂရမ်မာ ကျောင်းမှာ ပညာသင်ခဲ့ သူ ဖြစ်ပါတယ်။ ၁၉၂၅ မှာ မွေးဖွားပြီး ဒုတိယ ကမ္ဘာစစ် ကာလ ပဲခူးတိုင်း အတွင်း ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ပါဝင်ခဲ့ သူပါ။ စစ်ပြီးချိန်မှာ အလံဖြူ ကွန်မြူနစ်ပါတီဝင် တယောက် ဖြစ်သွားပြီး ၁၉၄၈ ခုနှစ် နိုင်ငံ လွတ်လပ်ရေးရလို့ သိပ်မကြာခင် မှာပဲ တောခိုပါတယ်။

၁၉၅၀ မှာ ချက်ကိုစလိုဗက်ကီးယားကို ရောက်ပါတယ်။ သူဟာ မြို့တော် ပရက်မှာ ပထမဆုံး သွားရောက် ပညာသင်တဲ့ မြန်မာကျောင်းသား သုံးယောက်ထဲက တယောက်ပါ။ ချားလ်စ် တက္ကသိုလ်ရဲ့ ဒဿနိကဗေဒ မဟာဌာနမှာ အင်္ဂလိပ်စာနဲ့ သမိုင်း သင်ယူပါတယ်။ သူ့ရဲ့ “အင်္ဂလိပ် အက္ခရာ စာလုံးများနဲ့ မြန်မာပြည်” စာအုပ်ကတော့ ပရက်မှာ မြန်မာစာ သင်ကြား ရေး အတွက် ကနဦး ခြေလှမ်းပါပဲ။

၁၉၅၅ မှာတော့ သူက ပရက် ဘာသာစကားကျောင်းမှာ မြန်မာဘာသာ စတင် ပို့ချပါတယ်။ “မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-မြန်မာ အက္ခရာစဉ် ဝေါဟာရများနှင့် ပရက် နည်းလမ်း မြန်မာဖတ်စာ” ကိုလည်း ပုံနှိပ် ထုတ်ဝေပါတယ်။ ချက်ကျောင်းသား တွေ ခေတ်ပေါ် မြန်မာဘာသာစကားကို ပထမဆုံး ထိတွေ့စေနိုင်ခဲ့တဲ့ စာအုပ်ပါ။

ဒါ့အပြင် ချက်ကိုစလိုဗက် အကယ်ဒမီသိပ္ပံ၊ အရှေ့တိုင်း တက္ကသိုလ်မှာ သုတေသီ၊ သူ ပညာသင်ခဲ့တဲ့ တက္ကသိုလ်မှာလည်း နည်းပြဆရာ ဖြစ်လာပါတယ်။ ၁၉၆၇ ခုနှစ် ပရက်မြို့တော်ကို ခွာခဲ့ချိန်အထိ ဒီတာဝန်တွေ ယူခဲ့ပါတယ်။

ချက်နဲ့မြန်မာ ဆက်ဆံရေးအတွက် ဆရာမင်းလတ်ရဲ့ ဆောင်ရွက်ချက်တွေဟာလည်း အရေးပါခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်က ပရက်မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “မြန်မာ- အာရှရဲ့လမ်းဆုံ” စာအုပ်ဟာ မြန်မာပြည် နိုင်ငံရေး၊ သမိုင်း၊ စီးပွားရေးတို့အကြောင်း ကို ချက်ပြည်သူတွေနဲ့ ပထမဆုံး မိတ်ဆက်ပေးတဲ့ စာအုပ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်မှာ Burma Center Prague က ထုတ်ဝေတဲ့ ဘက်ခိုးဗားရဲ့ “မြန်မာ့ဆုံချက်” (Focus on Burma) ထဲမှာ အဲဒီလို ရေးထားပါတယ်။

ဘက်ခိုးဗားရဲ့ ရေးသားချက် အရ ဆိုရင် ဆရာမင်းလတ်ရဲ့ အရေး အပါဆုံး သုတေသန လုပ်ငန်းကတော့ “မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း” ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ဆရာမင်းလတ်က မြန်မာဘာသာစကားနဲ့ ခေတ် အသုံးအနှုန်းတွေကို နက်နက်နဲနဲ ခွဲခြမ်း စိတ်ဖြာ လေ့လာခဲ့ပြီး မြန်မာဘာသာစကား ဆက်လက် ဖွံ့ဖြိုး တိုးတက်ရေး အတွက် သူ့ရဲ့ အဆိုပြုချက်ကိုလည်း စာအုပ်မှာ ဖော်ပြထားပါတယ်။

အဲဒီ စာအုပ်ဟာ ပညာရေးဆိုင်ရာအရ အရေးကြီးတဲ့ သက်ရောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အာဏာရှိသူတွေကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒကို တကြိမ် ထပ်ပြီး ပြသလိုက်တာပါပဲ။ ဒီတခါမှာတော့ ဂန္ထ၀င် မြန်မာ စကား အသုံးအနှုန်းက လွဲပြီး တခြား အသုံးအနှုန်းကို လက်မခံတဲ့ ပညာရေးဆိုင်ရာ ချမှတ်ဆောင်ရွက်မှု ပုံသဏ္ဌာန်တွေကို စိန်ခေါ်ခဲ့တာပါ။

ဆရာမင်းလတ်ဟာ ပညာရှင်တယောက်၊ တက်ကြွ လှုပ်ရှားသူ တယောက် အဖြစ်သာ မကဘဲ တက်ကြွနိုးကြားတဲ့ ၀တ္ထုတို တွေ ကဗျာတွေရေးသားတဲ့ စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ ရဲခေါင် ကလောင်အမည်နဲ့ သူ့ဝတ္ထုတိုတွေ၊ ကဗျာ တွေကို မြန်မာပြည်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

သူ ပရက်မှာ ရှိနေတုန်း ချက် လူငယ် ဗားကလက် ဟာဗဲလ် ကလည်း ပြဇာတ်တွေ ရေးသားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခဲ့ပါတယ်။ သူတို့ ခေတ်ပြိုင် စာရေးဆရာ တက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ အစိုးရရဲ့ဖိနှိပ်မှုကို ဆန့်ကျင် တဲ့နေရာမှာ ကိုယ်စီ ရှိနေတဲ့ အရည်အချင်းတွေကို ဖလှယ် မျှဝေရင်း သူတို့ရဲ့ အသက်ကို ရဲဝံ့ စွန့်စားခဲ့သူတွေပါ။

ဟာဗဲလ်ဟာ ၁၉၈၉ ခု ကတ္တီပါ တော်လှန်ရေးကို ဦးဆောင်နိုင်တဲ့အထိ ဆက်လက် ဆောင်ရွက်ပါတယ်။ ချက်ကိုစလို ဗက်ကီးယားမှာ ကွန်မြူနစ်ဝါဒ ငြိမ်းငြိမ်းချမ်းချမ်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်း သူဟာ တိုင်းပြည်ရဲ့ ပထမဆုံး သမ္မတ ဖြစ်လာပါတယ်။ သူ့ ဆောင်ပုဒ်တခု ဖြစ်တဲ့ “အမှန်တရားနဲ့ ချစ်ခြင်း မေတ္တာတရားဟာ လိမ်ညာမှုတွေနဲ့ အမုန်းတရားကို အနိုင်ရ လွှမ်းမိုးနိုင်ရမယ်” ဆိုတဲ့စကားဟာ ဆရာမင်းလတ် အသေအချာ နှစ်သက် တန်ဖိုးထားတဲ့ စကားပါပဲ။
ဆရာမင်းလတ်ရဲ့ ပညာရေးဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှုတွေက ချက်ကိုစလိုဗက်ကီးယားမှာ ဖြစ်ပေမယ့် သူ့ရဲ့ ဇာတိမြေ ကိုတော့ သူ့နှလုံးသားထဲမှာ ထည့်ထားတာပါ။ မြန်မာပြည် နိုင်ငံရေးဖြစ်စဉ်တွေကို သူ ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ဌာနချုပ် တည်ရှိရာ ပဲခူးရိုးမနဲ့ တရုတ် မြန်မာ နယ်စပ်ဒေသမှာ လှုပ်ရှား တိုက်ပွဲဝင်နေကြတဲ့ သူ့ရဲ့ကွန်မြူနစ်ပါတီ ရဲဘော်ရဲဘက်တွေနဲ့ အမြဲ ထိတွေ့ ခဲ့ပါတယ်။ ၁၉၆၀ ပြည့်လွန် နောက်ပိုင်းကာလမှာတော့ ဗကပ ဟာ ၀ တောင်တန်းဒေသကို စတင် ထိုးဖောက် ၀င်ရောက်ခဲ့ပါတယ်။

U Minn Latt 02

ပရက်မြို့တွင် တွေ့ခဲ့ရသော ဆရာမင်းလတ်နှင့် ဒက်ဂ်မာ ဘက်ခိုးဗား (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

ဗကပ ဟာ တရုတ်ပြည်က စစ်ရေး အကူအညီ ရခဲ့တာပါ။ တရုတ်ပြည်ရဲ့ ယဉ်ကျေးမှု တော်လှန်ရေးက ရလာတဲ့ အတွေး အခေါ်နဲ့ ဗကပ က ၁၉၆၇ ခုနှစ်မှာ သူတို့ပါတီရဲ့ “တ၀က်တပျက် ယဉ်ကျေးမှုတော်လှန်ရေး” ကို ဖော်ဆောင်ပါတော့တယ်။

ဗကပ ပါတီဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ အပါအ၀င် ပညာတတ် ပုဂ္ဂိုလ်တွေကို ရက်ရက်စက်စက် ဖြုတ် ထုတ် သတ် လုပ်ခဲ့တယ်။ သန့်စင် ရှင်းလင်းရေးကို တုံ့ပြန် ရိုက်ခတ်တဲ့ တရုတ် ဆန့်ကျင်ရေး ရုန်းရင်း ဆန်ခတ်မှုတွေ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာကြား သံတမန် ဆက်ဆံရေး ဆိုးဝါးသွားပြီး ဘေဂျင်းက မြန်မာနိုင်ငံကို ပေးနေတဲ့ အကူ အညီတွေ တရားဝင် ရပ်စဲလိုက်ပါတယ်။ သူ့နိုင်ငံက ကျောင်းသားတွေကိုလည်း ပြန်ခေါ်ယူပါတယ်။ ဘေဂျင်း ရေဒီယိုက ဗိုလ်နေ၀င်း အစိုးရကို “ဖက်ဆစ်၊ တော်လှန်ရေးကို ဖျက်ဆီးသူ၊ ဖောက်ပြန်ရေးအစိုးရ” စသဖြင့် အပြင်းအထန် ရှုတ်ချပါ တော့တယ်။

ပရက် နွေဦးရာသီ ပြုပြင်ပြောင်းလဲရေးသမားတွေကို ၀ါဆောစာချုပ်ဝင် နိုင်ငံတွေက ကျူးကျော် ၀င်ရောက်ပြီး ချေမှုန်း တာ တွေ မဖြစ်ခင် တနှစ်အလို ၁၉၆၇ ခုနှစ်မှာ ဆရာမင်းလတ်ဟာ အဲဒီကနေ တရုတ်ပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေဂျင်းကို သူ ရောက်ပြီး ရှမ်းဘာသာကို လေ့လာသင်ယူရင်း ၁၉၆၉ ခုနှစ်အထိ နေခဲ့ပါတယ်။ ဒီနောက်တော့ ရှမ်းပြည် နယ် ဘက်ကို ပြောင်းသွားပါတယ်။ တရုတ်မြန်မာ နယ်စပ်က ဗကပ ရဲဘော်တွေနဲ့ ပြန်ဆက်သွယ်ခဲ့ပြီး ၀ နဲ့ ရှမ်း ဘာသာ ရပ် တွေကို လေ့လာပါတယ်။ ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ သူ့လုပ်ဆောင်မှုတွေထဲမှာ ၀ ဘာသာကနေ လက်တင် ဘာသာကို ပြန်ဆို ရေးသား မှတ်တမ်းတင်မှုတွေ ပါဝင်ပါတယ် တဲ့။

ဒါပေမယ့် အာဏာရှင်တွေကို အမှန်အတိုင်း ပြောတယ် ဆိုတာဟာ အမြင်မတူသူနဲ့ ထိပ်တိုက်ရင်ဆိုင်တာ မဟုတ်ဘူး၊ ကိုယ့် ဘက်တော်သားတွေထဲမှာလည်း အင်အား ကောင်းစေရေးအတွက် ဖြစ်တယ် ဆိုတာကို ဆရာမင်းလတ်က သဘော ပေါက်တဲ့သူပါ။ သူက ကွန်မြူနစ်ပါတီရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးတဲ့အနေနဲ့ ဗကပ ပေါ်လစ်ဗျူရို အဖွဲ့ဝင်တွေ ဆီ အစီရင်ခံစာတွေ ရေးပို့ပါတယ်။ သူ့ရဲ့ အငြင်းပွားဖွယ် အစီရင်ခံစာတွေထဲမှာ ဘာတွေ ပါတယ် ဆိုတာ အခုအထိ မသိရ ပါဘူး။ သိရသလောက်ကတော့ ပါတီ ခေါင်းဆောင်တွေက အဲဒီ အစီရင်ခံစာတွေကို မကြိုက်ကြဘူး ဆိုတာပါပဲ။

၁၉၇၀ ပြည့်လွန် နောက်ပိုင်းမှာတော့ ပြည်ကွန်မြူနစ်ပါတီက သူ့ကို ရှမ်းပြည် အရှေ့မြောက်ပိုင်းဒေသမှာ ထိန်းသိမ်းလိုက် ပါတယ်။ တိုက်ပွဲမှာ အဖမ်းခံရတဲ့ အရာရှိ တယောက်အပါအ၀င် မြန်မာစစ်သား ၁၅ ယောက်နဲ့အတူ ချုပ်နှောင်ခံရပါတယ်။

ကွန်မြူနစ် ပါတီဝင်ဟောင်းတွေရဲ့ အဆိုအရ ၁၉၈၅ ခုနှစ်ထဲမှာ စစ်သားတွေ ထွက်ပြေးဖို့ စီစဉ်တော့ ဆရာမင်းလတ်လည်း သူတို့နဲ့အတူ ပြေးခဲ့ပါတယ် တဲ့။ ဒါပေမယ့် ကွန်မြူနစ်ပါတီ တပ်တွေက သူတို့နောက်ကို လိုက်ပြီး ရှင်းတဲ့ အတွက် အားလုံး သေဆုံးသွားရပါတယ်။ ကွန်မြူနစ်ဟောင်းတွေကတော့ ဆရာမင်းလတ်ရဲ့ နောက်ဆုံးကာလ အကြောင်းတွေကို ပြန်ပြော ချင်စိတ် မရှိကြပါဘူး။ ပါတီဌာနချုပ်ကပဲ သုတ်သင်ပစ်လိုက်ဖို့ အမိန့်ပေးခဲ့သလား ဒါမှမဟုတ် တပ်သားတွေကပဲ သူတို့ ဘာသာ ပစ်ခတ်ခဲ့တာလား ဆိုတာ မသိရပါဘူး။

တောထဲမှာ ကြေကွဲဖွယ် ကျဆုံးခဲ့ရပေမယ့် ဆရာမင်းလတ်ရဲ့ ကြံဆ စိတ်ကူးမှုတွေနဲ့ ပညာရပ် နယ်ပယ်ဆိုင်ရာ သြဇာ သက်ရောက်မှုတွေက မြန်မာပြည်မှာ ရှိနေဆဲပါ။ ဒါ့အပြင် မြန်မာ နဲ့ ချက် နှစ်နိုင်ငံကြား လက်ရှိ ဆက်ဆံရေးအထိ သြဇာ ရှိနေဆဲဖြစ်ပါတယ်။

“လေးနက်တဲ့အကြောင်းအရာတွေကို ဂန္ထ၀င် မြန်မာဘာသာစကားနဲ့ပဲ ရေးရမယ်လို့ ဆိုကြတဲ့ ရှေးရိုးစွဲဝါဒီ ပညာရှင်တွေနဲ့ သဘောမတူကြတဲ့ ခေတ်သစ် မြန်မာပညာရှင်တွေ၊ စာရေးဆရာတွေ၊ စာနယ်ဇင်းသမားတွေအတွက်တော့ ဆရာ မင်းလတ် ရဲ့ ‘မြန်မာဘာသာ စကားကို ခေတ်မီ တိုးတက်အောင် ပြုလုပ်ခြင်း’ နဲ့ တခြားလက်ရာတွေက အထောက်အကူ ဖြစ်ခဲ့တယ်၊ အကြံကောင်း ဉာဏ်ကောင်းတွေ ပေးခဲ့တယ်” လို့ ဘက်ခိုးဗားက ဆိုပါတယ်။

နောက်မျိုးဆက် စာရေးဆရာတွေကတော့ ခေတ်ပေါ် မြန်မာဘာသာစကားကို စာပေ နယ်ပယ်မှာသာ မဟုတ်ဘဲ တခြား ရေးဖွဲ့မှုတွေမှာပါ သုံးလာကြတယ်၊ ခေတ်ပေါ်နည်းနဲ့ရေးတာက ပိုပြီး နားလည်ရ လွယ်စေတယ် ဆိုတာကို ပြသခဲ့ကြ တယ် လို့ သူက ဆိုပါတယ်။ ဒီအစဉ်အလာကို ဒီနေ့ခေတ်အထိ သယ်ဆောင်လာပြီး သတင်းစာ၊ မဂ္ဂဇင်း၊ စာအုပ်တွေမှာခေတ်ပေါ် ဘာသာစကားနဲ့ ရေးသားဖော်ပြနေကြပါပြီ တဲ့။

၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေတုန်းက ဆရာမင်းလတ် ပရက်မှာ ရှိနေချိန် အတွင်း တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်မှု တွေ ကြောင့်လည်း ချက်ခေါင်းဆောင်ဟောင်း ဟာဗဲလ်နဲ့ လက်ရှိ ချက်သမ္မတနိုင်ငံတို့ဟာ မြန်မာပြည် ဒီမိုကရေစီ ရရှိရေး ကို ထောက်ခံအားပေးသူတွေ ဖြစ်လာတာပါ။

ဧပြီလတုန်းက ချက်သမ္မတ နိုင်ငံဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာ ကင်တာနာ ရဲ့ တိုက်တွန်း ပြောဆိုချက်ကို ထောက်ခံတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ မစ္စတာ ကင်တာနာက မြန်မာနိင်ငံ တွင်း စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်ကို ဆန့်ကျင် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်ပြ တိုက်တွန်းခဲ့တာပါ။

ဧရာဝတီ မဂ္ဂဇင်းကို ပေးပို့တဲ့ ထုတ်ပြန်ကြေညာချက်တခုမှာဆိုရင် ချက် နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပျက်နေတဲ့အတွက် ပူပန်နေရကြောင်း ဖော်ပြထားပြီး စစ်အစိုးရ ရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လမ်းပြမြေပုံရဲ့ အလားအလာကိုလည်း မေးခွန်းထုတ်ထားပါတယ်။

ချက်အစိုးရဲ့ထောက်ခံမှုဟာ ဆရာမင်းလတ် ချက်ကိုစလိုဗက်ကီးယားက ထွက်ခွာလာပြီး နှစ်ပေါင်း ၄၀ ကျော် အကြာ၊ မြန်မာပြည် မြောက်ပိုင်းတောထဲမှာ သူသေဆုံးပြီး နှစ် ၂၀ ကျော်ကြာမှ ပေါ်ပေါက်ခဲ့တာပါ။ ဒါပေမယ့် ဆရာမင်းလတ်နဲ့ သူ့လို ပြည်ပခရီး ထွက်ခဲ့ကြပြီး မြန်မာနိုင်ငံ စစ်အစိုးရ အဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြသူတွေဟာ အနာဂတ် မျိုးဆက်သစ် တက်ကြွ လှုပ်ရှားသူတွေအတွက် အခြေခံ အုတ်မြစ်ချခဲ့ကြသူတွေ၊ နိုင်ငံခြား တိုင်းပြည်တွေက ကူညီ ထောက်ခံလာကြ အောင် တံတားထိုးပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။

U Minn Latt 03

၁၉၆၀ ပြည့်လွန်နှစ်များက ပရက်မြို့ရောက် မြန်မာတို့၏ ဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - Burma Center Prague/Dagmar Bečková)

တခြား မြန်မာ နဲ့ ချက် တက်ကြွလှုပ်ရှားသူတွေလိုပဲ ဆရာမင်းလတ်ဟာ သူ့ဘ၀မှာ သူမြင်ချင်တဲ့ ရလဒ်ကို မြင်မသွားခဲ့ရ ပါဘူး။ ဒါပေမယ့် အတိုက်အခံတွေသာ ဇွဲကောင်းမယ် ဆိုရင် မျှော်လင့်ချက် ကင်းမဲ့ပြီး ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လို့ ရတယ် ဆိုတာ ဒီကနေ့ ဒီမိုကရေစီ တိုင်းပြည် ဖြစ်နေတဲ့ ချက် သမ္မတနိုင်ငံ က သက်သေပါပဲ။

တကယ်လို့ မြန်မာပြည်သူတွေဟာ ချက် ပြည်သူတွေလိုပဲ ရက်စက်တဲ့ အာဏာရှင်တွေကို တနေ့မှာ အောင်မြင်နိုင်ခဲ့မယ် ဆိုရင် နှစ်နိုင်ငံဟာ အာဏာရှင်စနစ်ရဲ့ဖိစီး နှိပ်စက်မှု သံကြိုးတွေကို ဖယ်ရှင်းပစ်နိုင်မယ့် လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေ ဖြစ်လာတဲ့အထိ ညီညွတ် ပေါင်းစည်း မျှဝေ ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

ဆရာမင်းလတ်ဟာ အဲဒီ ပေါင်းစည်း ညီညွတ်မှုရဲ့ ဘိုးဘေးတဦး ဖြစ်နေမှာပါ။ သူသာ တကယ်လို့ ဒီကနေ့အထိအသက်ရှင် နေ ဦးမယ် ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သူအရင်တုန်းက ဗိုလ်နေ၀င်းကို ပြောဆိုခဲ့ဖူး သလို “ကမ္ဘာကို မှန်တဲ့အတိုင်း ပြောပြပါ” ဆိုတဲ့ စကားကို ပေးပို့မှာကတော့ အသေအချာပါပဲ။ ။

အောင်ဇော် ရေးသားသည့် ‘Tell the World the Truth’ ကို ဆီလျော်အောင် ပြန်ဆိုသည်။

လူထုသဘောထား


21 Sep 2010...ခေတ်ပြိုင်...

ယခုအခါ နအဖစစ်အစိုးရသည် တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်ပြည်သူလူထုက တခဲနက်ထောက်ခံဆန္ဒမဲပေးကာ ၎င်းတို့ကို ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်လိုက်သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဟု သြဂုတ်လ (၁၃) ရက်နေ့တွင် ကြေညာခဲ့ပေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာခွင့်ပြုရန် … စသည့်အချက်များကို စစ်အစိုးရသာ လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားပေသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးအုန်းကြိုင်က မကြာမီရက်ပိုင်းအတွင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်၌ ကျင်းပသည့် ပါတီခေါင်းဆောင်များအစည်းအဝေး၌ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကိုလက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံပြည်သူလူထုဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ထားပါတယ်” ဟူ၍ ပြောကြားသွားသည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းသည်လည်း မိမိအား ထောက်ခံဆန္ဒမဲပေးလိုက်သည့် မဲဆန္ဒရှင်များအပေါ် တာဝန်ခံရမည်။ မဲဆန္ဒရှင်များအား ပေးထားသော ကတိကို ပစ်ပယ်၍မရ၊ လေးစားရပေမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို မေ့ပျောက်ပစ်၍မရသလို မဲဆန္ဒရှင်ပြည်သူလူထုအပေါ် တာဝန်ခံကတိပေးထားသည်များကို မေ့ပျောက်၍မရချေ။

ထို့အပြင် မိမိအား ရွေးချယ်တာဝန်ပေးလိုက်သော အဖွဲ့ချုပ်အပေါ်တွင်လည်း သစ္စာရှိရပေမည်။ ပြီးခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ပြောင်းကြည့်လျှင် စစ်အစိုးရအာဏာပိုင်များသည် ၁၉၈၉ ခုနှစ်က ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေများကို ယုံကြည်ခဲ့ကြ၍ မဲဆန္ဒရှင်လူထုက ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပေသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ကြခြင်းဖြစ်သည်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မည်သူတဦးတယောက်ကမျှ ခြိမ်းခြောက်မှု၊ အနိုင်အထက်ပြုမှု လုံးဝမရှိဘဲ မဲဆန္ဒရှင်ပြည်သူလူထုက မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရလည်းကောင်း၊ ဒီမိုကရေစီကို လိုက်နာခံယူလိုကြ၍လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ပေသည်။

ပြည်တွင်းပြည်ပနှင့် အာဏာပိုင်တို့ကလည်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် သန့်ရှင်းတရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟူ၍ တရားဝင် ထုတ်ဖော်ကြေညာခဲ့ပေသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၂) လွှတ်တော်ဖွဲ့စည်းခြင်း ခေါင်းစဉ် ပုဒ်မ (၃) တွင် ပြဋ္ဌာန်းထားသည့် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ကို စစ်အစိုးရသည် မျက်ကွယ်ပြုကာ ပယ်ဖျက်လိုက်သည်။

ထို့နောက် ၂၀၀၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် နအဖစစ်အုပ်စုသည် ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ဗိုလ်သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်တွင် မလျော်သြဇာသုံး၍ အတင်းအဓမ္မ မဲထည့်ခိုင်းသည်ကို ဆန္ဒမဲပေးသူများအနက် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးခဲ့ကြကြောင်း အရှက်မရှိ ဖော်ပြခဲ့ပြန်သည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို အဖြစ်ခံမည်မဟုတ်ဘဲ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင် လုပ်မည်မှာ သေချာလှပေသည်။ နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပ္ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအချာ မသိကြသေးသည့် ပြည်သူများ၊ ကြံ့ဖွံ့ပါတီဝင်များ၊ ကြံ့ဖွံ့ပါတီဝင် အလိုအလျောက် ဖြစ်ပြီးကြသည့် အစိုးရ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီပွားရေးကိစ္စ ကိုယ်ကျိုးစီပွားရေးကိစ္စမှလွဲ၍ တိုင်းပြည်ကိစ္စ နိုင်ငံရေးကိစ္စများကို လုံဝ စိတ်မ၀င်စားသလို ရွေးကောက်ပွဲတွင် ဘယ်ပါတီ မည်သူမည်ဝါအား မဲပေးရမည်ကို ရေလည်စွာ မဆုံးဖြတ်ရသေးသူများ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ အကျိုးစီးပွားတစုံတရာ ဖြစ်ထွန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ကျိုးကြည့် အတ္တစီးပွားရေးသမားများ၊ နိုင်ငံရေးအသိပညာ အားနည်ချို့တဲ့သူများ၊ လူနုံလူအများ၏ မဲများကို သေချာပေါက်ရရှိမည်ဟု အပိုင်တွက်ထားပုံရသည်။

မည်သို့ပင်ဆိုစေ နအဖစစ်အစိုးရသည် မိမိတို့ထုတ်ပြန်ခဲ့သော ဥပဒေကို မိမိကိုယ်တိုင် ဗြောင်ချိုးဖောက်နေသည်မှာ ထင်ရှားနေပေသည်။ စင်စစ် နအဖစစ်အစိုးရ၏ တရားဥပဒေဆိုသည်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွစွာဆောင်ရွက်နေသူများ၊ ဥပဒေအကျိုးဆောင် ရှေ့နေများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ လူငယ်အဖွဲ့ဝင်များ၊ စစ်အစိုးရအား ဆန့်ကျင်သော ရဟန်းရှင်လူပြည်သူများကို အနိုင်ကျင့် အကျပ်ကိုင်၍ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်စီရင်နေသည့် အကြမ်းဖက်ယန္တရားတခုသာ ဖြစ်ပေသည်။

အဆိုးဆုံးမှာ ၎င်းတို့ကိုယ်တိုင် ကျင်းပပြုလုပ်ပေးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ခြင်းသည် ပြည်သူလူထုအား လိမ်ညာလှည့်ဖြား သစ္စာဖောက်ခဲ့ခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် လူထုကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း … “ရွေူးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုသေးတယ်ဆိုတဲ့ အချက်ပါပဲ။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့ လုပ်ရပ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြား စော်ကားရာရောက်ပါတယ်။”

“ပြီးတော့ အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာ ကစားရမယ့် အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။

နိုင်ငံရေးဆိုသည်မှာ ရှုထောင့်တခုက ကြည့်လျှင် ဆန့်ကျင်ဘက်အင်အားစုချင်း အားစမ်းသည့် ကစားပွဲတခုဖြစ်ပေရာ ရန်သူဘက်က ရှေ့တိုးကြည့်ရန် သွေးတိုးစမ်းပါက မိမိဘက်က နောက်ဆုတ်သွားလျှင် ရန်သူသည် အတင့်ရဲကာ ရှေ့ကို ဆက်တိုးလာမည်ဖြစ်ပေသည်။

“ဒီမိုကရေစီကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲကို မလွဲမသွေ ကျော်ဖြတ်ရမည်” “အခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုမကောင်းဘူလား” ဟူသည့် အတွေးအခေါ်များသည် မဆလပါတီပြုတ် မိမိကိုယ်ကိုယ်မိမိ ၀ါရင့်နိုင်ငံရေးသမားဟု အမည်ခံထားသော စစ်အစိုးရလက်ကိုင်တုတ်တို့၏ ၀ါဒဖြန့်ချက်တခုသာဖြစ်ပေသည်။ ဒီမိုကရေစီလမ်းဆိုသည်မှာ ပန်ခင်းသောလမ်း မဟုတ်ပေ။ ရဟန်းရှင်လူ ပြည်သူကျောင်းသားများ၏ သွေးများဖြင့် ခင်းထားသော လမ်းသာဖြစ်ပေသည်။ ဒီမိုကရေစီကို လက်ဖြန့်တောင်း၍ ရလည်းမရပေ။ တိုင်းရင်းသားပြည်သူတရပ်လုံး စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်မှသာလျှင် ရပေမည်။ ၀ံပုလွေကဲ့သို့ ကောက်ကျစ်ယုတ်မာလှသော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် သိုးလိုပုဂ္ဂိုလ်မျိုး စေလွှတ်၍လည်း မရနိုင်ချေ။

ဒီမိုကရေစီတိုက်ပွဲ၌ စစ်အာဏာရှင်တို့၏ ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သွေးစွန်းနေသော ပြည်သူ့တို့၏ မျက်ရည်များ၊ သွေးစွန်းနေသော ဒေါင်းအလံများ၊ သွေးစွန်းနေသော သင်္ကန်းများကို မမေ့သင့်သလို သစ္စာမမဲ့သင့်ပေ။

လောကကြီး၌ မည်သည့်အရာမျှ အလကားမရချေ။ ပြည်သူလူထုတရပ်လုံးသည် ဒီမိုကရက်တစ်နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုက်တန်သည့် ရင်းနှီးမှု၊ ညီမျှသည့် တန်ဖိုးများကို ပေးဆပ်မှသာလျှင် ရပေမည်။ တဘက်ကပေးမှ ယူမည်ဆိုလျှင် ဒီတသက် ကျွန်ုပ်တို့သည် မိမိလိုချင်သည့် ဒီမိုကရေစီကို ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ပေ။

ကျွန်ုပ်တို့သည် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်ခံ၍မရသလို နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်း အတည်ပြုပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားရပေမည်။ သို့မှသာလျှင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပေမည်။ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်ပါက စစ်အာဏာရှင်စနစ်အောက်တွင် ထာဝရစစ်ကျွန်အဖြစ် နွံနစ်၍ ဖိနှိပ်ညှဉ်းပန်းမှုကို ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်ခံရပေမည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်စနစ်ကို သွတ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်မည်လော … သို့တည်းမဟုတ် ဂုဏ်သိက္ခာမဲ့စွာဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ဒူးထောက်အညံ့ခံမည်လော … ကြိုက်ရာလမ်းနှစ်သွယ်အနက် တလမ်းလမ်းကို မုချမသွေ ရွေးချယ်ရန် အချိန်သိပ်မကျန်တော့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးတဲ့နောက်


20 Sept. 2010...ခေတ်ပြိုင်...နအဖဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ၉၇/၂၀၁၀ ဆိုတာကို ထုတ်ပြန်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါပြီ။ မြန်မာပြည်နိုင်ငံရေးသဘောနဲ့ပြောရရင် ဒါဟာအင်မတန်အရေးပါတဲ့ လုပ်ရပ်တခုဖြစ်ပါတယ်။ န၀တ-နအဖ စစ်ဗိုလ်ချုပ်တွေ နှစ်ပေါင်းနှစ်ဆယ်ကျော် တလျှောက်လုံး ကြံစည်နေတာကို အပြတ်အကောင်အထည်ဖော်ချလိုက်တာလို့ ပြောရမှာပါ။ သာမန်ကိစ္စမဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းကစပြီး လူထုရဲ့ ထောက်ခံမှု အများဆုံးရနေတယ်လို့ ဆိုရမယ့် နိုင်ငံရေးအဖွဲ့အစည်းတရပ်ကို အာဏာနဲ့ဖျက်သိမ်းလိုက်တဲ့ အမိန့်ဖြစ်ပါတယ်။

ဒါပေမယ့် နအဖရဲ့ ဒီလုပ်ရပ်ဟာ မြန်မာပြည်နိုင်ငံရေးလောကကို ထူးထူးခြားခြား မရိုက်ခတ်ခဲ့ပါဘူး။

အကြောင်းနှစ်ခုကြောင့်လို့ ထင်ပါတယ်။ တခုက နအဖဟာ အနှေးနဲ့အမြန်ဆိုသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိမ့်မယ်ဆိုတာ အားလုံးက တွက်ထားပြီးသားဖြစ်လို့ပါ။ နောက်တခုကတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလဲထိုးနိုင်မှာ မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေအနေနဲ့ ဒီအထဲက နည်းနာရှာပြီး ပြန်ရုန်းထလာမှာပဲလို့ လူထုတွေက မျှော်လင့်နေကြလို့ ဖြစ်ပါတယ်။

နအဖ ဘယ်လိုပဲ မောက်မာ-မောက်မာ သူတို့အင်မတန်ဝါကြွားလှတဲ့ ဒီရွေးကောက်ပွဲကို တပြည်လုံးမှာ မကျင်းပ နိုင်ကြောင်းကိုတော့ သူတို့ဝန်ခံလိုက်ရပါပြီ။ အဲဒါက အပစ်ရပ်ဒေသတွေမှာပါ။ သူတို့ မနိုင်နိုင်ဘူး သေချာတဲ့နေရာတွေမှာ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးဆိုတာဟာ ဘယ်သူမှ မစဉ်းစားခဲ့တာ မဟုတ်ပါဘူး။ နိုင်ရင်လည်းနိုင်ရမယ်၊ မနိုင်ရင်လည်း နိုင်ရမယ်လို့ လုပ်မရတဲ့ နေရာတွေမှာတော့ ဒီလိုပဲဖျက်သိမ်းမှာပါ။

ဘာပဲပြောပြော ရွေးကောက်ပွဲနီးလေ ကြပ်လေ၊ ကြမ်းလေ ဖြစ်မယ်လို့ ထင်ထားတဲ့အတိုင်း ရှင်းသထက်ရှင်းလင်းစွာ သရုပ်ပေါ်လာပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြတ်ကိုင်ပြလိုက်တာဟာ မြန်မာပြည်နိုင်ငံရေးမှာ စစ်အာဏာရှင်နဲ့ ပတ်သက်လာရင် ဘယ်လိုမှ စိတ်ကူးယဉ်လို့မရကြောင်း အားလုံးကိုထပ်ပြီး သတိပေးနေတာပါ။ ဒီချုပ်လို ဆန့်ကျင်သူတွေ အတွက် စစ်အာဏာရှင်တွေ ပေးသနားတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီထဲမှာ စပေ့စ်လုံးဝမရှိကြောင်း ပြသလိုက်တာပါ။ ဒါ့အပြင် ဦးတူးဂျာတို့ကို ပါတီအနေနဲ့ရော လူတဦးချင်းအနေနဲ့ပါ ရွေးကောက်ပွဲ ၀င်ခွင့်မပေးတာဟာလည်း အပစ်ရပ် အဖွဲ့ဆိုတာတွေကို နအဖအပေါ် စိတ်ကူးမယဉ်ကြဖို့ သတိပေးလိုက်တာပါပဲ။ နအဖဟာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တချိန်မှာ သမိုင်းနဲ့ချည် ဖြေရှင်းရမယ့် ပြဿနာတွေ ဖန်တီးနေတာ ဖြစ်ပါတယ်။

ဒီလိုအခါမျိုးမှာ ဒီလောက်တောင် ညစ်ပတ်စုတ်ပဲ့တဲ့ ရွေးကောက်ပွဲကို ထောက်ခံဖို့ နအဖကိုယ်စား သဘောတရားဆရာကြီး လုပ်နေတဲ့ ပုဂ္ဂိုလ်ကြီးတယောက်က ဒီရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ နိုင်ငံရေး သူငယ်နာမစင်တာလို့ ရေးသားနေတာကို တွေ့ပါတယ်။ ဗိုလ်သန်းရွှေက အိမ်နီးနားချင်းက နိုင်ငံကြီးတွေကိုသွားပြီး မျက်နှာချိုသွေးနေတာနဲ့ တချိန်တည်းမှာ ဗိုလ်ခင်ညွန့် မွေးထားခဲ့တဲ့ အီးလစ် (elite) ဆိုတဲ့ လူတွေကလည်း နအဖအတွက် ကမ္ဘာလှည့် ကြော်ငြာမောင်းခတ်နေကြပါတယ်။ ပညာတတ်ဖောက်ပြန်တော့ သူများထက်ကဲတယ်ဆိုတာ အမှန်ပါပဲ။ ဒီလူတွေဟာ “နအဖကိုဆန့်ကျင်နေမယ့်အစား ကျနော်တို့နဲ့ လာဆွေးနွေးလှည့်စမ်းပါ” ဆိုတဲ့ အပြောမျိုးတွေလည်း လျှောက်ပြောနေကြပါတယ်။ အားနာစွာနဲ့ ပြောရရင် ဒီလိုပြောနည်းဟာ အင်တန်စော်ကားတာပါ။ နအဖဟာ ဘယ်သူနဲ့မှမဆွေးနွေးဘဲ အကြမ်းကိုင်နေတာကိုတော့ ဘာမှမပြောဘဲ နအဖက လိုက်ဖမ်း-လိုက်သတ်လို့ ရှောင်ထွက်လာရတဲ့လူတွေကို သူတို့က နားချပြမယ်လို့ ဆိုနေတာပါ။ သူတို့အပြောဟာ နအဖကို နာကြည်းစွာ ဆန့်ကျင်နေတဲ့လူတွေကို ဘယ်လိုမှ ဆွဲဆောင်လို့မရဘူးဆိုတာ သူတို့သိပါတယ်။ ဒါပေမယ့် ဒီကြားထဲကပဲ သူတို့တတွေ ဒါမျိုးတွေ လျှောက်ပြောနေတာဟာ သူတို့ကို ထောက်ပံ့နေတဲ့ ဒိုနာတွေ (donor) နဲ့ နအဖကို သိစေချင်လို့ ဖြစ်ပါတယ်။

အရည်မရအဖတ်မရ၊ သတင်းစာမျက်နှာဖုံးမှာ ၀ါဒဖြန့်ဖို့လောက်သာ အဖြေပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြည်တို့ရဲ့ ဆွေးနွေးပွဲတွေဆိုတာဟာ အခုဘာဖြစ်သွားပြီလဲ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ရော၊ ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာမလဲ။ အဲဒီဆွေးနွေးပွဲတွေကို နအဖက ဘာလို့လုပ်စေခဲ့တာလဲ။ တင်းမာမှုတွေ လျော့ပါးစေရေးအတွက်လား၊ အမျိုးသားသားစည်းလုံးညီညွတ်ရေး တည်ဆောက်ရေးအတွက်လား။ ဗိုလ်သန်းရွှေတို့က တခါမှ ရေရေရာရာမပြောခဲ့ပါဘူး။ စကတည်းက ဒါဟာ အနောက်နိုင်ငံတွေရဲ့အာရုံကို ဆွဲဆောင်ဖို့နဲ့ လှည့်စားဖို့သာဖြစ်ကြောင်း လူတိုင်းသိခဲ့ကြပါတယ်။ ဒီနေ့ မြန်မာပြည်နိုင်ငံရေးဟာ အဲဒီအဆင့်ကိုကျော်လို့ “ရွေးကောက်ပွဲ” အနားကပ်လာတယ်ဆိုတော့ နအဖက လုပ်နေတာတွေကြောင့် နိုင်ငံရေးတင်းမာမှုတွေ လျော့ပါးစေမယ့် လက္ခဏာတွေ ပေါ်ထွက်လာပါသလား။ အမျိုးသားသွေးစည်းညီညွတ်ရေးအတွက် အားတက်စရာတွေ ပိုတွေ့လာရပါသလား။ အဖြေက ပြောင်းပြန်ပါ။

ဒီကာလထဲမှာပဲ တိုက်ဆိုင်လို့ပဲလား၊ တမင်ပဲလားမသိ၊ ပဲခူးမြို့ထဲမှာ အရပ်သားလူငယ် (၂) ယောက်ကို စစ်သားတွေက တမင်တကာ သေနတ်နဲ့ပစ်သတ်ပြီး တွေ့သမျှလူကို စိမ်ခေါ်တဲ့ကိစ္စတရပ်လည်း ဖြစ်ခဲ့ပါတယ်။ မိုးမှောင်တဲ့ညမှာ ငှက်ဆိုးထိုးသံ ကြားလိုက်ရသလိုပါပဲ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နအဖက သူ့လူတွေနဲ့ သူတို့ရဲ့ခါးပိုက်ဆောင်တပ်ကို ပြောင်ကာကွယ် ပြောဆိုသွားသလို နအဖရဲ့ ဒီမိုကရေစီအောက်က မီဒီယာများကလည်း ပြောင်ပဲနှုတ်ပိတ်၊ လက်ဆွံ့ နေပြခဲ့ကြပါတယ်။

ဒီတော့ ဒီရွေးကောက်ပွဲမတိုင်မီ နအဖလုပ်နေတာတွေကို ကြည့်ခြင်းအားဖြင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှာ ပေါ်ထွက်လာမယ့်အစိုးရဟာ ပိုပျော့ပျောင်းမယ်၊ မတူတဲ့လူတွေနဲ့ အပေးအယူတွေ ပိုလုပ်လာမယ်လို့ ယူဆစရာရှိပါသလား။ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တော့ တင်ခွင့်ပေးပါရဲ့။ သူတို့မကြိုက်တာကို မပြောရ၊ မရေးရ၊ မလုပ်ရဆိုလို့ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရတာပဲဖြစ်မှာပါ။ အခု နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်း လိုက်တယ်ဆိုတော့ အဲဒီရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ အဖွဲ့တွေ၊ လူတွေထဲက ဘယ်သူကများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စာနာသံ၊ နအဖကို မကျေနပ်သံတွေ ဖော်ပြရဲလို့လဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ပြောရရင်တော့ ကိုယ့်ပြည်သူလူထုမှတပါး အခြားအားကိုးစရာမရှိပြီဆိုတာ ပိုလို့၊ ပိုလို့ ထင်ရှားသွားပါပြီ။ မဖြစ်နိုင်တဲ့၊ အကောင်အထည်မရှိတဲ့ အကောင်းမြင်စိတ်တွေကို စွန့်ပစ်ပြီး လက်တွေ့အကျပ်အတည်းကို ရင်ဆိုင်ကြရပါတော့မယ်။ မကူးနိုင်ရင် မြုပ်သွားနိုင်တဲ့ အခြေအနေဖြစ်လာပါပြီ။ ဒီလိုအချိန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ပြည်သူလူထုထဲကို ဖြန့်ဆင်းဖို့၊ ပြည်သူလူထုကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀န်းရံ ထောက်ခံကြဖို့ အထူးလိုအပ်လာပါပြီ။

မြန်မာပြည်ရဲ့ နိုင်ငံရေးသွင်ပြင်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားနိုင်တဲ့ အရိပ်အရောင်တွေ ပြနေပါတယ်။ အကောင်းဘက်ကို ပြောင်းတာဖြစ်မလား၊ အဆိုးဘက်ကို ပြောင်းတာဖြစ်မလား ဆိုတာကတော့ ပါဝင်သူတွေအပေါ်မှာပဲ မူတည်ပါတယ်။

မြောက်ဥက္ကလာ နီလာဓမ္မာရုံအရေးအခင်းမှ အတွေးစများ

15 Sept. 2010... ခေတ်ပြိုင်ပဲခူးက လူငယ်နှစ်ဦး သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ခံရတဲ့ ဖြစ်ရပ်ဆိုးကို ကြားတော့ ကျနော် အလုပ်သင်ဆရာဝန် ဘ၀က ကြုံတွေ့ခဲ့ရတဲ့ စစ်သားတွေနဲ့ ဆေးတက္ကသိုလ် (၂) ကျောင်းသားတွေအကြား ဖြစ်ပွားခဲ့တဲ့ အရေးအခင်းလေးတခုကို ပြန်သတိရမိတယ်။ ကျနော် အလုပ်သင်ဆရာဝန်ကာလ ပြီးတာက ၁၉၉၆၊ သြဂုတ်လကုန်မှာဆိုတော့ အဲဒီမတိုင်ခင် (လနဲ့ ရက်ကိုတော့ အတိအကျ မမှတ်မိ) မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းလေးပါ။ အရေးအခင်းလို့ သုံးနှုန်းရတာက လွန်ခဲ့တဲ့ (၈) နှစ်မှာ အာရ်အိုင်တီကျောင်းသား ကိုဖုန်းမော်သေဆုံးတဲ့ အရေးအခင်းကနေ ၈၈ အရေးတော်ပုံကြီးအထိ ကူးစက်သွားတာမျိုး ဖြစ်ခဲ့သလို အဲဒီညမှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာဟာလည်း သက်ဆိုင်ရာ စစ်အာဏာပိုင်တွေအနေနဲ့ ကျေလည်အောင် မဖြေရှင်းနိုင်ရင် အရေးတော်ပုံအထိ ကျယ်ပြန့်သွားနိုင်တဲ့ အနေအထားမျိုးဖြစ်ခဲ့လို့ပါ။

အဲဒီညက ဆေးတက္ကသိုလ် (၂) ပရိဝုဏ်ရှိတဲ့ မြောက်ဥက္ကလာနယ်မြေတ၀ိုက်မှာ မီးပျက်ပြီး မှောင်မဲနေပါတယ် (မီးက အဲဒီညမှ ပျက်တာတော့မဟုတ်ပါဘူး၊ လာတဲ့နေ့က ခပ်ရှားရှားပါ)။ ကျနော် နေတာက နီလာလမ်းထိပ် (နီလာမှတ်တိုင်) မှာရှိတဲ့ အလုပ်သင်ဆရာဝန်ဆောင်မှာပါ။ ဆေးကျောင်းသားတွေနေတဲ့ ‘အမျိုးသားဆောင်’ က ကျနော်တို့နဲ့ တမှတ်တိုင်ပဲ ဝေးပါတယ်။ ရန်ကုန်မြို့ထဲဘက်ကလာရင် ရှေ့တမှတ်တိုင်ဖြစ်တဲ့ ဥက္ကာမှတ်တိုင် (ဥက္ကာလိမ်းထိပ်) မှာ ရှိပါတယ်။

ည (၈) နာရီဝန်းကျင်လောက် အလုပ်သင်ဆရာဝန်အဆောင်အောက်ထပ်က ကျနော့်အခန်းမှာ မြောင်းမြသား သူငယ်ချင်းတယောက်နဲ့ စကားကောင်းနေတုန်း အမျိုးသားဆောင်ဘက်ကနေ လူအုပ်နဲ့ ညာသံပေးပြီး ပြေးလာကြတဲ့ အသံတွေ ကြားရပါတယ်။ ပထမတော့ အရပ်သားတွေလား၊ ဆေးကျောင်းသားတွေလား၊ သူခိုးဖမ်းတာလား၊ ရန်ဖြစ်တာလား မသဲကွဲသေးဘူး။ ခြေသံတွေ တဖြည်းဖြည်းနဲ့ ပိုကျယ်လာပြီး စစ်သားတွေကို ကြိမ်းဝါးသံ၊ ကျောင်းသားကွလို့ ပေါက်ကွဲတောက်ခေါက်သံ၊ အော်ဟစ်ဆဲဆိုသံတွေ ကျနော်တို့နဲ့ ပိုမိုနီးကပ်လာမှ တချို့အသံတွေကို ကျနော် ကျက်မိပြီး အမျိုးသားဆောင်က ညီငယ်တွေမှန်း သိလိုက်ရတယ်။

ဒေါသူပုန်ထနေတဲ့ ဆေးကျောင်းသားတွေက ကျနော်တို့ အလုပ်သင်ဆရာဝန်အဆောင် ရှေ့တည့်တည့်က နီလာလမ်းထိပ်မှာရှိတဲ့ ဓမ္မာရုံကို လူအုပ်နဲ့ ၀ိုင်းပါတော့တယ်။ ကျနော်တို့နှစ်ယောက် ဓမ္မာရုံအနီးကို ကမန်းကတန်း ပြေးကြည့်ချိန်မှာ ကိုယ်ပိုင်ကားရှိတဲ့ ကျောင်းသားက အမျိုးသားဆောင်ကနေ ကားမောင်းယူလာပြီး နီလာလမ်းကို ကန့်လန်ဖြတ်ရပ်ကာ ဓမ္မာရုံအ၀တည့်တည့်ကို ကားမီးကြီးတွေနဲ့ ထိုးပါတော့တယ်။ ဆေးကျောင်းသားအုပ်က “ဟေ့ကောင်တွေ သတ္တိရှိရင် အပြင်ထွက်ခဲ့စမ်း” လို့ အထဲမှာရှိတဲ့ စစ်သားတွေကို အော်ဟစ်ကြိမ်မောင်းဆဲဆိုပြီး သံပန်းတံခါးကို ပြေးကန်သူက ကန်၊ ဓမ္မာရုံထဲကို ခဲနဲ့ လှမ်းပစ်တဲ့သူက ပစ်နဲ့ ဆူညံပွက်လောရိုက်နေပါတော့တယ်။ အဆောင်နေကျောင်းသား အကုန်လုံးနီးပါး ရောက်လာကြပြီး တဖြည်းဖြည်းနဲ့ ရပ်ကွက်ထဲက လူတွေပါ ၀ိုင်းအုံလာတော့ လူအုပ်က တော်တော်ကြီးသွားပါတယ်။

ခဲတွေနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ထုနေတာကို ရပ်ကြည့်နေရင်း ဓမ္မာရုံထဲက စစ်သားတွေ အကြောက်လွန်ပြီး သေနတ်နဲ့ ပစ်ခတ်ခုခံမှာကို ကျနော် တော်တော်စိုးရိမ်နေမိပါတယ်။ ကျနော်တို့နှစ်ယောက် ဓမ္မာရုံရှေ့ကို ဖြည်းဖြည်းချင်း တိုးသွားပြီး ရင်းနှီးတဲ့ ညီငယ်တွေကို ဖျောင်းဖျကြည့်တယ်။ ဒါပေမယ့် ဒေါသအရှိန်တက်နေတဲ့ ညီငယ်တွေက “အစ်ကိုတို့ အသာနေ” ဆိုပြီး ဆွဲမရလွဲမရ ဖြစ်နေတော့တယ်။ ကားမီးထိုးထားတဲ့ ဓမ္မာရုံထဲကို ကြည့်လိုက်တော့ စစ်သားတွေက သေနတ်ကိုယ်စီကိုင်ပြီး အနောက်ဘက်နံရံမှာ ကပ်နေကြတယ် (အဲဒီအချိန်မှာ အထဲကနေ အတွဲလိုက် ဆွဲလိုက်လို့ကတော့ ပစ်ကွင်းရှေ့ရောက်နေတဲ့ ကျနော်တို့လည်း ကံမကောင်းရင် သွေးမြေကျတဲ့ထဲ ပါသွားနိုင်တယ်)။ စစ်သားတွေက ရပ်ကွက်လုံခြုံရေးတာဝန်နဲ့ ဓမ္မာရုံထဲမှာ စတည်းချနေကြသူတွေပါ။

တအုံးအုံးထုရင်း ဓမ္မာရုံသံပန်းတွေ ကွေးချိုင့်ကုန်ပေမယ့် စစ်သားတွေ ထွက်မလာကြတဲ့အဆုံး ဒေါသအရှိန် အမြင့်ဆုံးရောက်လာတဲ့ ကျောင်းသားတွေက သံပန်းတခါးကို ရိုက်ဖျက်ဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီအချိန်မှာတော့ ပြဿနာရဲ့ ဇာစ်မြစ်ကိုလည်း ဂဃနဏ မသိ၊ သူတို့လောက်လည်း သွေးမဆူတဲ့ ကျနော်တို့နှစ်ယောက် (ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်း ၀န်ခံရရင်တော့ အထဲက စစ်သားတွေ ကြောက်ကြောက်နဲ့ ပစ်ခတ်လိုက်မှာကို ကြောက်လို့) ကျည်ကွယ်လောက်တဲ့ နေရာအထိ နောက်ဆုတ်နေလိုက်ရတော့တယ်။

ဒေါသပေါက်ကွဲပြီး သွေးဆူနေတဲ့ ဆေးကျောင်းသား ညီငယ်တွေဟာ ကိုယ့်အသက်အန္တရာယ်ကိုယ် မမြင်ကြတော့ဘဲ သံပန်းတခါးပွင့်အောင် အုတ်ခဲတွေနဲ့ တဒုံးဒုံး တဒိုင်းဒိုင်း ထုနေကြတော့တယ်။ ကျနော်လည်း ဘေးက ရပ်ကြည့်နေရင်း သံပန်းတံခါး ပွင့်သွားလို့ကတော့ ကိုယ့်ညီတွေ အကြီးအကျယ် ကိုယ်ကျိုးနည်းကုန်ကြတော့မှာပဲလို့ တွေးပြီး ခြေမကိုင်မိ လက်မကိုင်မိ သွေးပျက်နေတော့တယ်။ တံခါးပွင့်သွားရင်တော့ အထဲက စစ်သားတွေကလည်း (သူတို့သေနတ်တွေမှာ ကျည်ဆန်ရှိရင်) ခုခံတဲ့အနေနဲ့ ပစ်ကြတော့မှာ အသေအချာပါပဲ။

သော့ဖျက်နေချိန်မှာ ကံကောင်းထောက်မတယ်လို့ ဆိုရမလားပဲ၊ ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်း ရောက်လာပြီး ကျောင်းသားတွေကို ဖျောင်းဖျလို့ အရှိန်တန့်သွားတယ်။ ဒါပေမယ့် ကျောင်းသားတွေက စစ်သားတွေကို ပြန်ချရမှ ကျေနပ်မယ်ဆိုတဲ့ အနေအထားဖြစ်နေတာမို့ ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်းက နည်းမျိုးစုံ ချော့မော့ပြောဆိုပေမယ့်လည်း နားမ၀င်ကြဘူးဖြစ်နေတယ်။ “သားတို့ရယ်၊ ဆရာတို့ကို သနားကြပါကွာ” လို့ ပါမောက္ခချုပ်ရဲ့ ပြောဆိုသံကိုလည်း ကြားနေရတယ်။ ကျောင်းသားတွေက “ဆရာကြီးတို့ ဘေးဖယ်နေ၊ ဒီကောင်တွေ ကျနော်တို့ကျောင်းသားတွေကို စော်ကားတာ။ ကျနော်တို့ ချမယ်” လို့ ပြန်ပြောနေတယ်။ ဓမ္မာရုံထဲကို ခဲနဲ့ပစ်သူတွေကလည်း ဆက်ပစ်နေကြတယ်။

အဲဒီလို ပါမောက္ခချုပ်နဲ့ မော်ကွန်းထိန်းတို့ ငိုသံပါနဲ့ တောင်းပန်နေချိန်မှာပဲ မီးထိုးပြီး အပြင်းမောင်းချလာတဲ့ စစ်ကားတန်းကြီး လူအုပ်အနီးကို ထိုးရပ်ပါတော့တယ်။ ကားပေါ်ကနေ စစ်ဒေသမှူးဆိုသူ ဆင်းလာပြီး ပါမောက္ခချုပ်နဲ့ ကျောင်းသားတွေ စကားပြောနေတဲ့ဆီ ခပ်သွက်သွက်လျှောက်သွားတယ်။ ပြီးတော့ အခြေအနေကို အကျဉ်းရုံး မေးနေပုံပေါ်တယ်။ ကျောင်းသားတွေက “ဒီကောင်တွေကို ထုတ်ပေး၊ ကျနော်တို့ ကျောင်းသားတွေကို ချတဲ့ကောင်တွေကို ပြန်ချရမှ ကျေနပ်မယ်” လို့ အော်ဟစ်ပြောဆိုနေတယ်။

နောက်ဆုံးမှာ စစ်ဒေသမှူးနဲ့ ကျောင်းသားတွေ ညှိနှိုင်းပြောဆိုရင်း ဈေးတည့်သွားပုံပေါ်တယ်။ စစ်ဒေသမှူးက “အိုကေ မင်းတို့ကို ထုနှက်သွားတဲ့ စစ်သား ဘယ်သူဘယ်ဝါဆိုတာကို ပြ၊ ပြီးရင် တယောက်ချင်း စိတ်ကြိုက်ထိုး၊ စိတ်ကြိုက်ကန်” လို့ ပြောသံကြားရတယ်။ ပြီးတာနဲ့ စစ်ဒေသမှူးက သံပန်းတံခါးနားကပ်သွားပြီး အထဲက စစ်သားတွေကို တံခါးဖွင့်ဖို့ အမိန့်ပေးတယ်။ အဲဒီအထိလည်း ကျနော့်စိတ်ထဲ ပူပန်နေတုန်းပဲ။ ကျောင်းသားတွေ စိတ်မထိန်းနိုင်ဘဲ အုပ်လိုက်ပြေးဝင်သွားပြီး ထိန်းမနိုင်သိမ်းမရ ရုန်းရင်ဆန်ခတ်ဖြစ်ကုန်မှာကို စိုးရိမ်နေမိတာပါ။ ကိုယ်က ဘယ်လောက်ပဲ လူအုပ်တောင့်တောင့် သေနတ်ရှိသူနဲ့ ထိပ်တိုက်တွေ့ရင်တော့ သေနတ်လက်မဲ့ဘက်ကပဲ အကျအဆုံးများဖို့ ရှိတာကိုး။ ကျနော်ကတော့ ကျနော့်ညီငယ်တယောက်နဲ့ စစ်သားတယောက်ချင်းရော၊ စစ်သား (၁၀) ယောက် ဆိုရင်ကော မလဲနိုင်ပါ။ စစ်သားနဲ့ ဆေးကျောင်းသား မတူမတန်ဘူးဆိုတဲ့ အထင်အမြင်သေးတဲ့ စိတ်မျိုးကြောင့်လည်းမဟုတ် (ကျနော့်မှာ အဲဒီစိတ်မျိုးလည်းမရှိ)။ ကျနော့်ညီငယ်တွေရဲ့ အသက်တွေ အလဟဿ ဆုံးရှုံးကုန်မှာကို နှမြောခြင်းသာဖြစ်ပါတယ်။ သူတို့ ဒီအသက်အရွယ် ဒီအခြေအနေအထိ ရောက်အောင် ဘယ်လောက်အထိ ရင်းနှီးစိုက်ထုတ်ခဲ့ရသလဲဆိုတာကို ကျနော်ကိုယ်ချင်းစာမိလို့ပါပဲ။

တော်သေးတယ်။ တံခါးပွင့်တော့ ထုရိုက်ခံထားရတဲ့ ကျောင်းသားနှစ်ယောက်ကို ခေါ်သွားပြီး ဘယ်စစ်သားလဲဆိုတာကို ပြခိုင်းတယ်။ ကျန်တဲ့ ကျောင်းသားတွေက အ၀မှာ နေခဲ့တယ်။ ဆွဲထုတ်လာတဲ့ စစ်သားတွေကို (သုံးယောက်လား လေးယောက်လား မမှတ်မိတော့)  ကားမီးထိုးထားတာနဲ့ တည့်တည့် ဓမ္မာရုံအတွင်းထဲမှာ လက်နောက်ပစ်ခိုင်းပြီး တန်းစီရပ်ခိုင်းထားတယ်။ ခေါင်းငုံ့ခိုင်းထားတယ်။ ပြီးမှ စစ်ဒေသမှူးက ကျောင်းသားတွေဘက်လှည့်ပြီး “ကဲ ကြိုက်တဲ့သူ တယောက်ချင်းထိုး။ ကျေနပ်တဲ့အထိ ထိုးပါ။ ထိုးတဲ့သူ ဘယ်သူ့ကိုမှ အပြစ်ယူမှာ မဟုတ်ပါဘူး” လို့ ပြောတော့ ကျောင်းသားတွေ သူ ထိုးမယ်၊ ငါ ထိုးမယ် ဖြစ်နေကြပြန်ရော။ နောက်ဆုံးမှာတော့ ဗလခပ်တောင့်တောင့် ကျောင်းသားတွေချည်းပဲ တယောက်ချင်း စိတ်ကြိုက် ပြေးကန်၊ ပြေးထိုးကြပါတော့တယ်။ စစ်သားတွေလည်း သူတို့စစ်ဒေသမှူးရဲ့ အမိန့်အတိုင်း ဘာမှပြန်မခုခံရဲဘဲ မေ့မျောကုန်တဲ့အထိ ထိုးကြိတ်ကန်ကျောက်ခံလိုက်ရတယ်။

ကျောင်းသားတွေ ထိုးကြိတ်ကန်ကျောက်လို့ အားရကျေနပ်တော့မှ စစ်ဒေသမှူးက အားလုံးအဆောင်ပြန်ကြဖို့ မေတ္တာရပ်ခံတော့ ကျောင်းသားတွေလည်း “ကျေနပ်တယ် ကျေနပ်တယ်” လို့ အော်ဟစ်လူစုခွဲပြီး အဆောင်ပြန်ကြပါတော့တယ်။ ထိုးကြိတ်ကန်ကျောက်ခံရတဲ့ စစ်သားတွေကိုတော့ စစ်ကားတွေပေါ် ၀က်တင်သလို တပါတည်း တင်သွားပုံရပါတယ် (ဓမ္မာရုံလည်း နောက်နေ့မနက်ကစပြီး လုံးဝရှင်းလင်းသွားလို့ ရပ်ကွက်လူထု ပျော်မြူးနေကြပါတယ်)။

လူစုကွဲပြီး အပြန်မှာ ရင်းနှီးတဲ့ ညီငယ်တချို့ကို မေးကြည့်တော့မှ ပြဿနာရဲ့ ဇာစ်မြစ်ကို ဂဃနဏ သိရတော့တယ်။ ရပ်ကွက်လုံခြုံရေး ကင်းလှည့်တဲ့ စစ်သားတွေနဲ့ အမျိုးသားဆောင်က ကျောင်းသားနှစ်ယောက် လမ်းပေါ်မှာ ထိပ်တိုက်တိုးပြီး စစ်သားတွေ စစ်ဆေးမေးမြန်းရာကနေ စကားများကြတယ်၊ အဲဒီနောက် စစ်သားတွေက ကျောင်းသားတွေရဲ့ ခေါင်းကို သေနတ်ဒင်နဲ့ထု၊ လူကို ကန်ကျောက်တာမှာ ခေါင်းတွေ ပေါက်ပြဲကုန်ပြီး သွေးသံရဲရဲနဲ့ အဆောင်ကို ပြန်လာတယ်လို့ဆိုတယ်။ အဲဒီမှာ အဆောင်နေ ကျောင်းသားတွေ သွေးဆူကုန်ပြီး ဓမ္မာရုံကို ချီတက်လာကြတာပါတဲ့။

ပြဿနာမီးတောက်ကတော့ အဲဒီညမှာပဲ အပြီးငြိမ်းသွားတယ်လို့ ပြောရပါမယ်။ ကျောင်းသားအများစုရဲ့ စိတ်ထဲမှာလည်း စစ်ဒေသမှူးရဲ့ ဖြေရှင်းပုံကို ကျေနပ်သွားကြပုံပေါ်တယ်။ ဒါပေမယ့် ကျနော့်ခေါင်းထဲမှာတော့ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ၊ ဖြေရှင်းပုံ တရားနည်းလမ်းကျသလား မကျဘူးလားဆိုတာကို တကန့်ချင်း ပြန်တွေးနေမိတယ်။

ပထမဆုံး ကျောင်းသားတွေနဲ့ ပြဿနာဖြစ်တဲ့ စစ်သားတွေဘက်ကို တွေးကြည့်မိတယ်။ ဘယ်လိုပြဿနာပဲဖြစ်ဖြစ် သေချာတာကတော့ စစ်သားတွေအနေနဲ့ ဆေးကျောင်းသားတွေကို သေနတ်ဒင်နဲ့ထု၊ ကန်ကျောက်တာ မှားတယ်လို့ ယူဆတယ်။ ကာဖျူးထုတ်ထားတဲ့အချိန်လည်း မဟုတ်တဲ့အတွက် ဒါဟာ ရာဇ၀တ်မှုဖြစ်တယ်။ ဒါပေမယ့် ခက်တာက သူတို့မှာ ဆေးကျောင်းသားဆိုတာ ဘာလဲဆိုတဲ့ အသိဉာဏ်မျိုးလည်း ရှိချင်မှရှိမယ်။ သေနတ်ကိုင်ရလို့ အချောက်တိုက် ချိုကြွအနိုင်ကျင့်ချင်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ နောက်ပြီး မြို့ပေါ်နဲ့ ရှေ့တန်းစစ်မြေပြင်ဆိုပြီး ခွဲခြားကြည့်မြင်တတ်တဲ့ အတွေးအခေါ်မျိုးလည်း သူတို့မှာ ရှိချင်မှရှိမယ်။ အဲသလို မတွေးတတ် မမြင်တတ်ဘဲ ပြည်သူမှန်သမျှ၊ သူတို့ကို ကလန်ကဆန်လုပ်တဲ့သူမှန်သမျှ ရန်သူလို့ ရှုမြင်တဲ့ အတွေးအခေါ်မျိုး ခေါင်းထဲစွဲနေအောင် သူတို့ကို မသေရုံတမယ် ထမင်းကျွေးထားတဲ့ နအဖစစ်အုပ်စုက ရိုက်သွင်းထားတာကိုး။ အဲဒီတော့ ကျနော့်အနေနဲ့ မြင်တာက ဆေးကျောင်းသားတွေကို သေနတ်ဒင်နဲ့ ထုတာ စစ်သားတွေဆိုပေမယ့် အဓိက တရားခံကတော့ စစ်သားတွေကို မှန်ကန်မျှတတဲ့ အမြင်မျိုး မရှုမြင်တတ်အောင် စနစ်တကျ သွေးခွဲလေ့ကျင့်ပေးထားတဲ့၊ နောက်ကွယ်ကနေ ကြိုးဆွဲနေတဲ့ နအဖစစ်အုပ်စုပဲဖြစ်တယ်လို့ မြင်တယ်။

ဆေးကျောင်းသားတွေဘက်ကလည်း ခံရသူတွေဆိုတော့ ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးချင်တယ်။ ဒါပေမယ့် တရားဥပေဒလမ်းကြောင်းအရ မဟုတ်ဘဲ သွေးဆူပြီး ဒေါသမီးဟုန်းဟုန်းတောက်နေချိန်မှာ ကိုယ်ထိလက်ရောက် ပြန်ဖြေရှင်းချင်တာကို ကျနော့်အနေနဲ့ မမှန်ဘူးလို့ ဆိုချင်ပေမယ့် တရားဥပဒေမရှိတဲ့သူတွေ အုပ်ချုပ်တဲ့ခေတ်မှာမို့ မမှားဘူးလို့လည်း ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ န၀တ/နအဖခေတ်တလျှောက်လုံးမှာ တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းပေးတဲ့ ပြဿနာဆိုတာက မရှိသလောက်ရှားတယ်မဟုတ်လား။ အဲဒီတော့ ကိုယ့်ကို ပြစ်မှုကျူးလွန်သူကို ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ပြန်ပေးချင်သလို၊ ပြန်ပေးခွင့်ရလိုက်လို့ ကျေနပ်သွားကြတာကိုလည်း နည်းလမ်းမမှန်ပေမယ့် အလွန်မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။

ပြဿနာကို တခါတည်း မီးငြိမ်အောင် လုပ်သွားတဲ့ စစ်ဒေသမှူးနေရာကို တွေးကြည့်ပြန်တော့လည်း သူ ဖြေရှင်းတဲ့ပုံဟာ တရားနည်းလမ်းမကျဘူးလို့ မြင်တယ်။ တကယ်ဆို ပြစ်မှုကျူးလွန်တဲ့ သူ့စစ်သားတွေကို ရုံးတင်စစ်ဆေးပြီး အပြစ်ပေးရမယ်မဟုတ်လား။ ဒါပေမယ့် အဲဒီလိုနည်းနဲ့ ဖြေရှင်းဖို့အတွက်ကလည်း ကျောင်းသားတွေကို ဘယ်ရုံးဘယ်ကနားကို လာပါ၊ သေချာစစ်ဆေး အပြစ်ယူပေးပါမယ်လို့ အာမခံနိုင်တဲ့ အခွင့်အာဏာ သူ့မှာမရှိသလို အထက်အာဏာပိုင်တွေကလည်း ဘာပြဿနာဖြစ်ဖြစ် အမြန်ဆုံး မီးငြိမ်းအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အပြတ်ရှင်းဖို့ စစ်မိန့်ပေးထားပုံပေါ်တယ်။ နောက်ပြီး ကျောင်းသားတွေ သွေးဆူနေပုံကလည်း သွေးမြေကျမှ လူစုခွဲလို့ရမယ့်ပုံဖြစ်နေတော့ ပြဿနာမရှည်ချင်တဲ့အဆုံး တခါတည်း မီးငြိမ်းမယ့် နည်းလမ်းကို ရွေးချယ်လုပ်သွားတာလို့ပဲ မြင်မိတယ်။

အဲဒီတော့ နီလာဓမ္မာရုံအရေးအခင်းကို ချုပ်ကြည့်ရင် သေနတ်ဒင်နဲ့ အထုခံ၊ ကန်ကျောက်ခံရတဲ့ ဆေးကျောင်းသားတွေဘက်ကလည်း အနာခံရသလို ကျောင်းသားတွေ စိတ်ကြိုက်ပြန်ထိုးတာကို ခံလိုက်ရတဲ့ စစ်သားတွေလည်း သေလုမျောပါးပါပဲ။ ဒါပေမယ့် ဒီကိစ္စမှာ အထက်စစ်အာဏာပိုင်တွေအကြိုက် ပြဿနာကို တခါတည်း မီးငြှိမ်းသတ်နိုင်တဲ့ စစ်ဒေသမှူးကတော့ အမြတ်ထွက်သွားပြီး ရာထူးတောင် တက်သွားမယ်လို့ ထင်မိတယ်။ ကျနော့်အမြင်တော့ စစ်ဒေသမှူးရဲ့ ဖြေရှင်းပုံက သွေးခွဲခံထားရတဲ့ ပြည်သူ (စစ်သားတွေ) နဲ့ စစ်အုပ်စုကို မုန်းတီးနာကြည်းနေတဲ့ ပြည်သူ (ဆေးကျောင်းသားတွေ) ကို ပမာပြောရရင် အိမ်ကြက်ချင်း ခွပ်ခိုင်းပြီး မီးငြှိမ်းလိုက်သလိုမျိုးလို့ မြင်ပါတယ်။

ဒီပွဲမှာတော့ သူအမိန့်ပေးလို့ရတဲ့ ကြက် (စစ်သားတွေ) ကို တဖက်သတ် အနာခံခိုင်းပြီး သူအမိန့်ပေးလို့မရတဲ့ ကြက် (ဆေးကျောင်းသားတွေ) ကျေနပ်အောင် ပွဲသိမ်းပေးလိုက်တဲ့ သဘောပေါ့။ တနည်းအားဖြင့် စစ်တပ်နဲ့ ပြည်သူကို သွေးခွဲအုပ်ချုပ်တာခံနေရတဲ့ကာလအတွင်း ပြည်သူချင်း (စစ်သားနဲ့ ဆေးကျောင်းသား) ဖြစ်ကြတဲ့ပွဲမှာ စစ်ဒေသမှူးက စစ်အုပ်စုအလိုကျ တာဝန်ကျေ နယ်ရုပ်တရုပ်အဖြစ် ပီပီပြင်ပြင် ကပြအသုံးတော်ခံသွားတာပါပဲ။ ဆေးကျောင်းသားတွေရော၊ စစ်သားတွေပါ ခံလိုက်ရတဲ့ ပြဿနာရဲ့ အဓိက တရားခံစစ်စစ်ကတော့ ပြည်သူကို စနစ်တကျ သွေးခွဲအုပ်ချုပ် (အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်း) ရင်း စစ်ဒေသမှူးလို နယ်ရုပ်ကို နောက်ကွယ်ကနေ ကြိုးဆွဲစေခိုင်းနေတဲ့ ကလိန်ကကျစ် စစ်အုပ်စုသာလျှင်ဖြစ်ကြောင်း ပဲခူးဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ပြန်ပြောင်းသတိရမိတဲ့ အရေးအခင်းလေးတခုကို တင်ပြလိုက်ရပါတယ်။    ။

နောက်ဆက်တွဲ ။     ။ အဲဒီညက ထိုးကြိတ်ကန်ကျောက်ခံလိုက်ရတဲ့ စစ်သားတွေ သေသလား၊ ရှင်သလား မသိရတော့ပေမယ့် စစ်သားတွေ သေနတ်ဒင်နဲ့ထု၊ ကန်ကျောက်တာ ခံလိုက်ရတဲ့ ကျောင်းသားတော့ ခေါင်းပေါက်ပြဲတာ ချုပ်ဖို့ မြောက်ဥက္ကလာဆေးရုံ ခွဲစိတ်ဆောင်ကို သွားတယ်ကြားလို့ ကျနော်တို့နှစ်ယောက် လူစုကွဲတာနဲ့ ဆေးရုံပေါ် လိုက်သွားပါတယ်။ ညီငယ်ကို တွန်းလှည်းပေါ်မှာပဲ ချုပ်ပေးနေတယ်။ တွန်းလှည်းဘေးမှာ လူတွေ ၀ိုင်းအုံနေတယ်။ ကျနော်တို့နှစ်ယောက်က ခေါင်းပေါက်တဲ့ ညီငယ်ကို အမှုဖွင့်ဖို့ပြောတော့ တာဝန်ကျ ခွဲစိတ်ဆရာဝန် (ကျနော်တို့နဲ့လည်း ရင်းနှီးသူ)  မျက်စိမျက်နှာပျက်သွားတာကို တွေ့ရပါတယ်။ သူက အာဏာရှင်စနစ်ရဲ့ သားကောင်းပီပီ ပြဿနာရှည်မှာစိုးလို့ အမှုမဖွင့်ဘဲ ချုပ်ပြီး ဒီအတိုင်းပဲ နေလိုက်စေချင်ပုံပေါ်တယ်။ ကျနော်တို့နှစ်ယောက်ကတော့ ခေါင်းပေါက်တဲ့ ညီငယ်ကို တရားနည်းလမ်းအတိုင်း အမှုဖွင့်ဖို့ တိုက်တွန်းအားပေးပြီး ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညီငယ် အမှုဖွင့်မဖွင့်တော့ မသိ၊ နောက်တနေ့မှာ ဆေးပညာဌာနက ပါမောက္ခ ဆရာမကြီး ဒေါက်တာဒေါ်စန်းမြက ကျနော့်ကို ခေါ်သတိပေးလို့ အဲဒီညက ခေါင်းချုပ်တာကို ၀ိုင်းအုံကြည့်နေတဲ့အထဲမှာ အရပ်ဝတ်ထောက်လှမ်းရေးတွေပါမှန်း သိလိုက်ရတယ်။   ။

မှတ်ချက် ။     ။ ဤဆောင်းပါးသည် (၁၄) နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည့် အဖြစ်အပျက်ကို စိတ်မှတ်ဉာဏ်တွင် ထင်ကျန်သလောက် ပုံဖော်ရေးသားထားခြင်းဖြစ်ပါသည်။ ဆောင်းပါးရေးသားရခြင်းအကြောင်းတွင် အဖြစ်အပျက်နှင့် ပတ်သက်သည့် ကျနော်၏ အတွေးစများကို မျှဝေလိုခြင်းသာ အဓိကဖြစ်သည့်အတွက် ကျနော်ကဲ့သို့ ကိုယ်တိုင်တွေ့ကြုံခဲ့သူများက အကြောင်းအရာ အချက်လက်တချို့ မပြည့်စုံ၊ လွဲမှားနေသည်ဟု ထောက်ပြပြီး ဖြည့်စွက်ပြင်ဆင်ပေးလာမည်ဆိုလျှင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ကျေးဇူးတင်ပါသည်။     ။
X















နယ်ချဲ့တို့အား တော်လှန်ခဲ့သော ဆရာတော် ဦးဥတ္တမ



ရဟန်းတော်များထဲမှ နယ်ချဲ့တို့အား ရဲရဲတောက် တော်လှန်ခဲ့သူကား ဆရာတော် ဦးဥတ္တမဖြစ်သည်။ သူသည် ရခိုင်အမျိုးသား ထေရ၀ါဒဗုဒ္ဓဘာသာ သံဃာတော်တပါး ဖြစ်ရုံသာမက အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ဖူးသော အင်္ဂလိပ်စာတတ် ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော် ပျံလွန်တော်မူခဲ့သည်မှာ ယခုနှစ် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် (၇၁) နှစ်ပြည့်ပြီဖြစ်သည်။

ဆရာတာ် ဦးဥတ္တမအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရူပရပ်၌ အဖ ဦးမြ၊ အမိ ဒေါ်အောင်သူတို့မှ ခရစ် ၁၈၇၉ ခု၊ ဒီဇင်ဘာ (၂၇) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး မွေးချင်း (၃) ဦးအနက် အကြီးဆုံးဖြစ်သည်။ ဆရာတော်၏ ညီမှာ ကျော်ထွန်းအောင်ဖြစ်ပြီး ညီမမှာ မအိမ်စိုး ဖြစ်သည်။ ညီဖြစ်သူ ကျော်ထွန်းအောင်သည် နောင်အခါတွင် ရှင်အရိယဘွဲ့ဖြင့် ရဟန်းဖြစ်တော်မူသည်။

ဆရာတော် ပေါ်ထွန်းအောင်သည် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာမဏေ၀တ်ပေးသဖြင့် ‘ရှင်ဥတ္တမ’ ဟု တွင်ခဲ့သည်။ ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေ စာပြန်ပွဲ၌ ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးတစ်ဦးက ဆရာတော်အား သားအဖြစ် မွေးစားကာ ကာလကတ္တား (ယခု ကိုးလ်ကတ္တား) မြို့သို့ပို့၍ ပညာသင်စေသည်။ ကာလကတ္တားတွင် သုံးနှစ်ခန့်နေပြီး အင်္ဂလိပ်ဘာသာ (၁၀) တန်း အဆင့်အောင်မြင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်ကြွလာခဲ့သည်။ မြန်မာပြည်သို့ ရောက်လျှင်ရောက်ချင်း ပခုက္ကူမြို့သို့ သွားရောက်၍ ရေစကြိုတိုက်တွင် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သာမဏေ၀တ်ဖြင့် ဆက်လက်သင်ကြားသည်။ ထိုသို့သင်ကြားနေစဉ်ပင် ဆရာတော်အား ဆွေမျိုးနီးစပ်တော်စပ်သူ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္စင်းဒါယကာပြုလျက် ရဟန်းခံပေးခဲ့သည်။

ဆရာတော်သည် ရဟန်းဝတ်နှင့်ပင် ကာလကတ္တားမြို့သို့ တဖန်ပြန်သွားသည်။ ဆရာတော် ဦးဥတ္တမသည် အိန္ဒိယတွင်ရှိခိုက် အမျိုးသားကောလိပ်တခုတွင် ပါဋ္ဌိနှင့် ဗုဒ္ဓဘာသာစာပေဆိုင်ရာများကို ဧည့်ပါမောက္ခအဖြစ် သင်ကြားပေးခဲ့သည်။ ယင်းသို့ဆောင်ရွက်နေစဉ် သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသော ရှေးဟောင်း ဟိန္ဒူစာပေကျမ်းဂန်များကို သင်ကြားခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ်အတွင်း ဆရာတော်အား ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

အိန္ဒိယတွင် (၈) နှစ်မျှ သီတင်းသုံးခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ ပါရီမြို့သို့ ပညာသင်သွားခဲ့သည်။ ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် ရုရှား- ဂျပန်စစ်ပွဲ (၁၉၀၄-၀၅) ၌ ဂျပန်နိုင်ငံကဲ့သို့သော နိုင်ငံငယ်လေးက ရုရှားကဲ့သို့ အင်အားကြီးမားသော နိုင်ငံအား အနိုင်ရလိုက်ကြောင်း ကြားသိရသည့်အချိန်မှစ၍ ဂျပန်အား အထင်ကြီးလေးစားကာ ဂျပန်သို့ ပညာသင်ထွက်ခဲ့သည်။ ဂျပန်တွင် တိုကျိုမြို့ ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီး၏ ဥက္ကဋ္ဌ အမတ်ကြီး အိုတာနီ (ထိုစဉ်က စက်မှုလက်မှုဝန်ကြီး) ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျပန်ဘာသာစကားကို (၂) နှစ်ခန့် သင်ယူခဲ့သည်။ ယင်းကျောင်း၌ပင် ဆရာတော်သည် သက္ကတနှင့် ပါဠိဘာသာကို ဘာသာဗေဒပါမောက္ခအဖြစ် ပြန်လည်ပို့ချပေးခဲ့သည်။

ဆရာတော် ဂျပန်ပြည်၌ ရှိနေစဉ်တွင် ဂျပန်ပြည်သို့ ခေတ္တရောက်ရှိနေသော တရုတ်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဆွန်ယက်ဆင်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။ တရုတ်ကျောင်းသားများကလည်း ဆရာတော်၏ သြ၀ါဒခံယူကြသည်။ ဆရာတော် ဦးဥတ္တမက တရုတ်ကျောင်းသားများအား ဂျပန်ပြည်နှင့် နှိုင်းယှဉ်လျက် တရုတ်ပြည်လွတ်မြောက်ရေးကို မည်သို့မည်ပုံဆောင်ရွက်သင့်ကြောင်း နည်းပေးလမ်းပြ ညွှန်ကြားပြောပြခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်က ဆရာတော် ဦးဥတ္တမအား အထူးကြည်ညိုလေးစား၍ သူနှင့်အတူ တရုတ်ပြည် လိုက်လည်ရန် ပင့်ဖိတ်လေသည်။ ဆရာတော်သည် တက္ကသိုလ်မှ ခွင့်သုံးလယူပြီးလျှင် ၁၉၀၉ ခုနှစ်၌ ဒေါက်တာဆွန်ယက်ဆင်နှင့်အတူ ဂျပန်မှ ကိုးရီးယား၊ ကိုရီးယားမှ ဆိုက်ပန်၊ ဆိုက်ပန်မှ မန်ချူးကိုး၊ မန်ချူးကိုးမှ ကျိဖု၊ ကျိဖုမှ ပီကင်း၊ ပီကင်းမှ ဟန်ချောင်၊ နန်ကင်း၊ ရှန်ဟိုင်း၊ အမွိုင်မြို့ အသီးသီးသို့ ခရီးလှည့်လည်ခဲ့သည်။

ထိုခေတ်ထိုအခါက မြန်မာလူမျိုးတဦးအနေဖြင့် ထိုမျှများပြားသော ပြည်ပနိုင်ငံများသို့ လှည့်လည်သွားလာခြင်း၊ အချို့နိုင်ငံများတွင် နှစ်ရှည်လများ နေထိုင်မှုပြုလုပ်နိုင်ခြင်းမှာ အံ့ချီးဖွယ်ပင်ဖြစ်လေသည်။

ဆရာတော် ဦးဥတ္တမသည် ဂျပန်ပြည်၌ ပါမောက္ခလုပ်ခဲ့သော်လည်း ဆွမ်းစရိတ်လောက်သာယူ၍ စေတနာဖြင့် သင်ကြားပြသခဲ့ပေသည်။ ဂျပန်မှအပြန် မြောက်ကိုရီးယား၊ ယင်းမှတဆင့် တရုတ်ပြည်၊ တရုတ်ပြည်မှတဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟိုချီမင်းမြို့တော်) သို့ သွားရောက်လည်ပတ်ခဲ့သည်။ ထို့နောက် ၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာသည်။

မြန်မာပြည်သို့ ပြန်ကြွပြီးနောက် ဆရာတော် ဦးဥတ္တမသည် ခရီးလှည့်ကာ ၀ံသာနုရက္ခိတ ခေါ် အမျိုးဂုဏ်စောင့်ထိန်းရေး၊ တိုင်းပြည်ချစ်စိတ်အကြောင်း ဟောပြောကာ “၀ံသာနု” အသင်းများ တတိုင်းပြည်လုံးအနှံ့ ဦးဆောင်စည်းရုံး ဖွဲ့စည်းခဲ့သည်။ ထိုအခါ အင်္ဂလိပ်နယ်ချဲ့အစိုးရက စစ်ပုလိပ်များဖြင့် ၎င်းအစုအဖွဲ့များကို လိုက်လံဖြိုခွင်းခဲ့လေသည်။

ဆရာတော်သည် နိုင်ငံရေးတရားများကို ပွင့်ပွင့်လင်းလင်း ဟောဟောဒိုင်းဒိုင်း ဟောပြောတတ်သည့်အတိုင်း သံဃာတော်များအား ကျောင်းတွင်သာ ကျိန်း၍ မနေကြရန်နှင့် တိုင်းပြည်သည် ကျွန်ဘ၀သို့ သက်ဆင်းနေ၍ တိုင်းသူပြည်သားများ ကျွန်ဘ၀ရောက်နေကြောင်း၊ ကျွန်များကိုးကွယ်သော ဘာသာမှာလည်း ကျွန်ဘာသာနှင့် ကျွန်သာသနာပင်ဖြစ်ကြောင်း၊ ကျွန်ဘ၀မှ လွတ်မြောက်အောင် သံဃ့ာသမဂ္ဂီအသင်းအဖွဲ့များ ဖွဲ့စည်းကာ လွတ်လပ်ရေးရရှိအောင် ကြိုးစားသင့်ကြောင်း ဟောပြောခဲ့လေသည်။

သို့ကလို ဆရာတော်၏ ရဲရဲတောက် မိန့်ခွန်းများကြောင့် ဆရာတော် ဦးဥတ္တမအား အင်္ဂလိပ်အစိုးရ ၁၉၂၁ ခု မတ်လ (၃၁) ရက်နေ့တွင် အစိုးရအား အကြည်ညိုပျက်အောင် တရားဟောပြောမှုဟုဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျောင်းကုန်းမြို့တွင် ဖမ်းဆီးခဲ့ပေသည်။ ဆရာတော်သည် မြန်မာပြည်တွင် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသော ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်သည်။ ဆရာတော်အား ဖမ်းမိန့်ထုတ်ခဲ့သူမှာ အရေးပိုင် ဦးဘိုးလှ (သမ္မတ ဒေါက်တာဘဦး၏ဖခင်) ဖြစ်သည်။

ဆရာတော်အား ကျောင်းကုန်းမှ အစိုးရသင်္ဘောဖြင့် မအူပင်တရားရုံးသို့ ခေါ်ဆောင်ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၂) လ အပြစ်ပေးပြီး မအူပင်ထောင်၌ အကျဉ်းချခဲ့သည်။ ဆရာတော်သည် အကျဉ်းခံသည့်နေ့မှစ၍ သင်္ကန်းချွတ်၍ ထောင်အ၀တ်ကို ၀တ်ဆင်ရသည်။ ထို့နောက် ဆရာတော်သည် ၁၉၂၂ ခု ဇွန်လ (၂၆) ရက်နေ့ မအူပင်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဆရာတော် ဦးဥတ္တမသည် လွတ်မြောက်ခဲ့ပြီးနောက် အစိုးရအား ဦးမညွတ်ဘဲ ဆက်လက်၍ မြန်မာပြည်အနှံ့လှည့်ကာ နိုင်ငံရေးတရားများ ဟောပြောခဲ့လေသည်။

ဤသို့ဖြင့် ဆရာတော်သည် ၁၉၂၄ ခု အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရာဇသတ်ပုဒ်မ ၁၂၄ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ထပ်မံအပြစ်ပေးခံရကာ ဒုတိယအကြိမ် အကျဉ်းကျခဲ့ပြန်သည်။ ဆရာတော်သည် ၁၉၂၇ ဖေဖော်ဝါရီလတွင် အကျဉ်းမှ ပြန်လည်လွတ်မြောက်လာပြန်သည်။ ထောင်မှ လွတ်မြောက်ပြီးနောက် အမြို့မြို့အနယ်နယ်သို့ လှည့်လည်၍ အမျိုးသားနိုးကြားရေးတရားများကို ဟောကြားရာ ၁၉၂၈ ခုနှစ်တွင် တတိယအကြိမ် အဖမ်းခံရပြန်သည်။

ဤသို့လျှင် ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ သူ့ကျွန်ဘ၀တလျှောက် ပျံလွန်တော်မူသည့်တိုင်အောင် အကျဉ်းချခြင်းကို အကြိမ်ကြိမ်ခံခဲ့ရလေသည်။ ထို့နောက် ဆရာတော်သည် ကျန်းမာရေးချို့ယွင်းကာ ၁၉၃၉ စက်တင်ဘာလ (၉) ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ပျံလွန်တော်မူခဲ့လေသည်။ ပျံလွန်တော်မူစဉ်က ဆရာတော်၏ သက်တော်မှာ (၆၀) နှစ် ရှိ၍ သိက္ခာတော်မှာ (၄၁) ၀ါ ရှိပြီဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ဆေးရုံမှ ယူဆောင်၍ မပုပ်မသိုးအောင် ဆေးရည်စိမ်ပြီး မှန်ခေါင်းသွင်းကာ ပုဇွန်တောင်မြို့နယ်၊ ညောင်တုန်းကျောင်း၌ ထား၍ ဈာပနအခမ်းအနား ကျင်းပခဲ့သည်။ ပျံလွန်တော်မူပြီး (၃) ရက်မြောက်နေ့ စက်တင်ဘာ (၁၁) ရက်နေ့ တွင် ရန်ကုန်မြို့တော်ဝန် ဦးဘ ဦးစီး၍ ဆရာတော်၏ အန္တိမဈာပနကို စည်ကားစွာ ကျင်းပခဲ့လေသည်။ ဆရာတော် ပျံလွန်တော်မူပြီး (၉) နှစ်မျှကြာသော် ပြည်သူလူထုတရပ်လုံးသည် ဆရာတော် မျှော်မှန်းခဲ့သည့် လုံးဝလွတ်လပ်ရေးပန်းတိုင်သို့ အရောက်ချီတက်နိုင်ခဲ့လေသည်။

ဆရာတော် ဦးဥတ္တမ၏ ဂုဏ်ကျေးဇူကို မှတ်တမ်းတင်သောအားဖြင့် အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ နာဂရီပရကျာရ်နီဆဘာ အမည်ရှိသော စာပေအဖွဲ့အစည်းတခုက ထုတ်ဝေသည့် ဟိန္ဒူဘာသာစွယ်စုံကျမ်းတွင် မြန်မာ့လွတ်လပ်ရေး တိုက်ပွဲခေါင်းဆောင် ဆရာတော် ဦးဥတ္တမအကြောင်းကို တခမ်းတနား ရေးသားဖော်ပြထားလေသည်။ ဂျပန်နိုင်ငံကလည်း ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ဘာသာဖြင့် ဆရာတော် ဦးဥတ္တမအကြောင်း စာအုပ်များ ရေးသားထုတ်ဝေခဲ့ကြသည်။ တချိန်က မြန်မာနိုင်ငံကျောင်းသုံးစာအုပ်များ၌လည်း ဆရာတော်၏ အထ္ထုပ္ပတ္တိအကျဉ်းကို ထည့်သွင်းသင်ကြားစေသည်။

သို့ကလို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဗိမာန်ကြီးကို ဦးစွာပန္နက်ချပေးခဲ့သည့် ကျေးဇူးရှင် အာဇာနည် ဆရာတော် ဦးဥတ္တမကို နောင်လာနောက်သားတို့ အမြဲတစေ သတိတရရှိစေရန်အတွက် စစ်တွေမြို့ရှိ သမဂ္ဂအဖွဲ့က ဦးစီးကာ ၁၉၄ရ ခု စက်တာဘာ (၉) ရက်နေ့တွင် အခမ်းအနားတရပ်ကို ရွှေတိဂုံခြေရင်းရှိ ပုလိပ်သမဂ္ဂ အဆောက်အအုံ၌ ကျင်းပခဲ့ကြသည်။ ထိုနေ့ကိုပင် “ဦးဥတ္တမအထိမ်းအမှတ်နေ့” အဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြသည်။ ထို့အပြင် စစ်တွေမြို့တွင် ဦးဥတ္တမအသင်းနှင့် ဦးဥတ္တမပန်းခြံတို့ကို တည်ဆောက်ခဲ့ကြသည်။ စစ်တွေမြို့ရှိ ဦးဥတ္တမပန်းခြံတွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ၁၉၆၃ ဇန်န၀ါရီလ (၁၀) ရက် ကြာသပတေးနေ့၌ ဆရာတော် ဦးဥတ္တမ ကြေးရုပ်တုကို သွန်းလုပ် စိုက်ထူခဲ့လေသည်။

ရန်ကုန်မြို့တွင်လည်း မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၌ အနစ်နာခံကာ လူထုအား နိုင်ငံရေးအသိအမြင် နိုးကြားလာစေရန် ဆောင်ရွက်ခဲ့သော ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ (၉) ရက်နေ့ကျရောက်တိုင်း ဦးဥတ္တမနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ ထို့အပြင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း တောင်ဘက်ခြေရင်းရှိ ကန်တော်မင်ပန်းခြံကို နိုင်ငံတော်အစိုးရက ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမပန်းခြံဟု မှည့်ခေါ်ခဲ့လေသည်။

ထို့နောက် ဗိုလ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံရေးဆောင်ရွက်သော ရဟန်းသံဃာတော်များ ပေါ်ပေါက်လာမည်ကို အကြောက်လွန်၍ ဗိုလ်နေ၀င်း၏ အမိန့်ဖြင့် တနိုင်ငံလုံးတွင် ဦးဥတ္တမနေ့ ကျင်းပမှုကို ပိတ်ပင်တားဆီးလိုက်လေသည်။ ထိုမျှသာမက ဦးဥတ္တမပန်းခြံကိုလည်း ကန်တော်မင်္ဂလာပန်းခြံဟု အမည်ပြောင်းလဲလိုက်လေသည်။ ထိုနည်းတူစွာ နအဖစစ်အစိုးရလက်ထက်တွင်လည်း ဆရာတော် ဦးဥတ္တမနှင့် ဆရာတော် ဦးဥတ္တမကဲ့သို့ နိုင်ငံရေးဆောင်ရွက်ခဲ့သော ဆရာတော်ကြီးများ၏ အကြောင်းကို စာနယ်ဇင်းများ၌ ရေးသားဖော်ပြခြင်းကို စာပေစိစစ်ရေးဌာနမှ ပိတ်ပင်လိုက်သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။

မည်သို့ဆိုစေ ယခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သော ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် နှစ်ပတ်လည်နေ့တွင် ဆရာတော်အား ဂုဏ်ပြုသောအားဖြင့် ဆရာတော်၏ နိုင်ငံရေးပုံရိပ်လွှာကို ခေတ်ပြိုင်တွင် ရေးသား၍ ကျေးဇူးဆပ်လိုက်ရပေသည်။
ခေတ်ပြိုင် / သန်းရွှေနိုင် / ၀၈ စက်တင်ဘာ၂၀၁၀

ဆောင်းပါး


စမ်းသပ်တာပါ

ပြည်သူနှင့် ပါတီတို့ ၂၀၁၀ ရွေးကောက်ပွဲကို စွန့်လွှတ်ကျောခိုင်းသင့်နေပြီ

6 September 2010...ခေတ်ပြိုင်..“၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ရန်အတွက် ကျင်းပခြင်းဖြစ်သည်။ ထိုအခြေခံဥပဒေကို လက်မခံနိုင်လျှင် နိုင်ငံရေးပါတီ တည်ထောင်ခြင်းမပြုဘဲ ဘေးထိုင်နေရန်သာ လိုပေသည်” ဟု နိုင်ငံပိုင်သတင်းစာများတွင် ဆောင်းပါးရှင် ဗညားအောင်က ‘အတွေးမမှား အရွေးမမှားစေဖို့’ ဆောင်းပါးဖြင့် အတိအလင်း စိန်ခေါ်ပြီးဖြစ်သည်။ နအဖ၏ သဘောထားကို ပြောင်ပြောင်တင်းတင်း တပ်လှန့်ပြီးဖြစ်သည်။

ယခု တင်ပြမည့် ဆောင်းပါးသည် ရွေးကောက်ပွဲဝင်မည့် ပါတီများ၏ အတွင်းစည်း အပြင်စည်းများ၊ ၀ှက်ဖဲများ၊ ၎င်းတို့၏ ဘေးကျပ်နံကျပ် အနေအထားများ၊ ပြည်တွင်းစာမျက်နှာထက် တင်ပြခွင့်မရသည့် အခြေအနေများကို ပြည်တွင်းမီဒီယာရှုထောင့်မှ တင်ပြရေးသားထားခြင်းဖြစ်သည်။ ထို့အတွက် ယခုစာစုကို ဖတ်ရှုပြီးက ပါတီတို့မှ ရွေးကောက်ပွဲ ၀င်သင့် မသင့်၊ ပြည်သူတို့မှ ဆန္ဒမဲ ပေးသင့် မသင့် စဉ်းစားဆုံးဖြတ်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယနေ့ ပြည်သူနှင့် ရွေးကောက်ပွဲ

ပြည်သူတို့သည် မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင် လက်ထက်တလျှောက် ဖြတ်သန်းလာသူတွေ ဖြစ်သောကြောင့် ၎င်းတို့၏ စိတ်ဓာတ်သည် သင်းသတ်ခံထားရသလို အရာရာ ဦးထောင်ဖို့ ခဲယဉ်းနေပေသည်။ အုတ်နံရံကို ခေါင်းထိုးတိုက်သူသာ အမှားဟု ယူဆထားသူ လူတန်းစားက အမှန်တရား၏ ဘက်တော်သားတို့ထက် ဆကဲများနေသည်။

ဘယ်သူတက်တက် တို့အစိုးရ ဟူသော ရေပေါ်ဆီ လူတန်းစားတို့ ရှိနေသလို နိုင်ငံရေးနှင့် ထောင်ကို တွဲလျက် မြင်နေသူတို့သည်လည်း ဒုနှင့် ဒေး။ ကမ္ဘာ့ဖလားဘောလုံးပွဲလောက် ရွေးကောက်ပွဲကို စိတ်မ၀င်စား။ ဆန်အိုးထဲ ဆန်ရှိနေဖို့သာ အရေးကြီးသည်ဟု အများစု ယူဆထားကြသည်။ နင်းပြားဘ၀ စိတ်လျှော့မာန်ပျောက် အသိနောက်ကျနေသူတွေ ယနေ့ကာလမှာ လက်ညှိုးထိုးမလွဲ။

အမှန်တကယ်မူ ရွေးကောက်ပွဲအပေါ် ပြည်သူတို့စိတ်ဝင်စားမှု နည်းရခြင်းသည် ပြည်သူတို့၏ အပြစ်မဟုတ်။ အုပ်ချုပ်သူ လူတန်းစား၏ အဓမ္မမှုများအောက်တွင် ဓမ္မသည် သိမ်ငယ်နေရခြင်းဖြစ်သည်ဟု နိုင်ငံရေးအကဲဖြတ်တို့က သုံးသပ်သည်။

မည်သူကို မဲပေးရမည်နည်း

၂၀၁၀ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲမတိုင်မီ တာအစားဆုံး မေးခွန်းဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ပါတီတို့သည် ၎င်းတို့၏ နိုင်ငံရေးမူဝါဒ၊ စီးပွားရေးမူဝါဒ၊ ရှေ့လုပ်ငန်းစဉ်တွေကို ၎င်းတို့၏ နိုင်ငံရေးအစဉ်အလာတို့နှင့် ပူးတွဲကာ ပြည်သူကို ချပြနေသည်။ ပြည်တွင်းမီဒီယာများ အကူအညီဖြင့် ပြည်သူနှင့် မိတ်ဆက်နေသည်။

အကန့်အသတ်များစွာနှင့် ဖော်ပြနေရသည့် ပြည်တွင်းမီဒီယာများသည်လည်း လူထုအတွင်း နိုင်ငံရေးအသိတွေ သဘောတရားတွေကို ပျံ့နှံ့စိမ့်ဝင်လာအောင် စွမ်းဆောင်နိုင်ပါ၏လော မေးခွန်းထုတ်စရာ ရှိလာသည်။

ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု၊ မည်သူ့ကို မည်သည့်ပါတီကို ရွေးချယ်သင့်သလဲ ဆုံးဖြတ်နိုင်ရေး စစ်တမ်းကောက်နေသည့် 7 Days ဂျာနယ် အယ်ဒီတာတဦးကမူ “ပြည်သူ၏ စိတ်ဝင်စားမှု အားရစရာမရှိ” ဟု မှတ်ချက်ပြုသည်။

ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ပြည်တွင်းမီဒီယာများ

လူထု၏ ရွေးချယ်ဆုံးဖြတ်မှု မှန်ကန်စေရေး၊ အသစ်ပေါ်ထွန်းလာမည့် လွှတ်တော် (၃) ရပ်တွင် လူမှန်နေရာမှန် ရွေးချယ်နိုင်ဖို့ မီဒီယာကဏ္ဍ များစွာအရေးပါနေသည်။ စာမျက်နှာထက် ဖော်ပြခွင့်ရသည့် အခြေအနေ၏ နောက်ကွယ်မှ အသံများ၊ ပါတီတို့နှင့် သတင်းထောက်တို့၏ အတွင်းစည်းကိစ္စများသည် မည်သည့်ပါတီကို မဲပေးသင့်သလဲဆိုသည့် အဖြေ ဖြစ်နိုင်သည်ဟု ဂျာနယ်သတင်းထောက်တို့က ယူဆနေကြသည်။

ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများနှင့် ပြည်တွင်းမီဒီယာတို့၏ ထဲထဲဝင်ဝင် ပတ်သက်ခဲ့သမျှကို အလျဉ်းသင့်သမျှ ဖော်ပြပါမည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)

“လွှတ်တော်ထဲမှာ နိုင်ငံရေးယုံကြည်မှုတွေ တည်ဆောက်နိုင်ရင် အမျိုးသားရင်ကြားစေ့ရေးကို ဖော်ဆောင်ဖို့ လမ်းစပေါ်လာမှာပါ။ လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးက စရပါလိမ့်မယ်” ဟု ဆိုသော ဒေါက်တာသန်းငြိမ်း၊ “အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်တဲ့ ဥပဒေပြုအာဏာကို ပြည်သူ့ကိုယ်စားလှယ်တွေ ပိုင်ဆိုင်ခွင့်ရနေလျက်နှင့် …” ဟုဆိုသော ဦးခင်မောင်ဆွေတို့သည် ပြည်တွင်းမီဒီယာများနှင့် တွေ့ခဲ့ကြပါသည်။

မီဒီယာများသည် ၎င်းတို့အာဘော်များ ပါဝင်ရေးသားဖော်ပြမိမည်ကို မလိုလား၍ အသံဖမ်းစက် ကိုယ်စီသုံးကြပါသည်။ NDF ၏ နိုင်ငံရေးအယူအဆတွေကို သည်၊ ၏ မရွေး ဖော်ပြခဲ့ကြပါသည်။ သို့သော် စာမျက်နှာထက် ဖော်ပြပြီးခါမှ NDF အမတ်လောင်းများက ဤစကားစုများ ၎င်းတို့မသုံးနှုန်းကြောင်း၊ ၎င်းတို့ပါတီ၏မူဝါဒများ မဟုတ်ကြောင်း ဘူးကွယ်လာသည်။ လူကိုယ်တိုင် (သို့မဟုတ်) တယ်လီဖုန်းဖြင့် ဂျာနယ်ခန်းများသို့ အရေးဆိုလာကြသည်။

အဆိုပါဖြစ်စဉ်မျိုး ဂျာနယ်အတော်များများ ကြုံတွေ့ဖန်များလာသောအခါ ကိုယ့်စကားကိုယ် တာဝန်မယူရဲသော NDF ၏ နိုင်ငံရေးခံယူချက်များအပေါ် မီဒီယာများက သံသယ၀င်လာကြသည်။ မီဒီယာကို လှည့်စားဖို့ ၀န်မလေးသော ပါတီသည် လူထုကို ပေါ့ပေါ့သာသာ လှည့်စားပေလိမ့်မည်ဟု ခံယူလာကြသည်။ ပြည်သူတို့၏ လက်တွေ့ဘ၀ကို မီးမောင်းထိုးပြဖို့ ၀န်လေးမည့်ပါတီအဖြစ် မီဒီယာတို့ သတ်မှတ်လာသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)

NLD ပါတီအပေါ် ကျဉ်းမြောင်းသောအမြင်နှင့် ပြစ်တင်ဝေဖန်ကာ နိုင်ငံရေးဖျာတချပ် ၀င်ခင်းသော နအဖကိုယ်ပွားပါတီ၊ ကျောင်းသားထု အမည်တပ်ကာ လက်တို့ခေါင်းညိတ် နိုင်ငံရေးဖော်လံဖားပါတီဟု မီဒီယာတို့က အမည်တပ်သည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ၏ နိုင်ငံရေးရပ်တည်ချက်များကို သတင်းထောက်မှ မေးမြန်းလေသော် ဥက္ကဋ္ဌ ဦးရဲထွန်း၏ အဖြေအပေါ် ဗဟိုအလုပ်အမှုဆောင် ဦးသန်းဦးမှ ၀င်ရောက်ကန့်ကွက်ဟန့်တားခြင်း၊ တဦး ဖြေနေသည်ကို အခြားတဦးမှ မဟုတ်ပါဟု ထ၍ ငြင်းဆိုခြင်း၊ သတင်းထောက်ရှေ့ထား၍ ဥက္ကဋ္ဌဖြစ်သူနှင့် ဒု-ဥက္ကဋ္ဌ အဖြေတခုအပေါ် အချင်းများနေခြင်း … စသည့် နိုင်ငံရေးဝမ်းစာနည်းသည့် အခြေအနေမျိုး တွေ့ခဲ့ရသည်ဟု သတင်းထောက်တဦးက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်

အခြားပါတီ၏ လစ်ဟာအားနည်းချက်များကို ဖော်ကောင်လုပ်ကာ မိမိပါတီအား ဇောင်းတင်သော နိုင်ငံရေးစားဖား၊ နိုင်ငံရေးဖော်ကောင် ဦးအေးလွင် (ဥက္ကဋ္ဌ) ၏ ပါတီဖြစ်သည်။ ၎င်းပါတီသည် ရုံးချုပ်တည်ရှိရာ နေအိမ်၌ ညနေခင်းတိုင်း တို့အရေး ကြွေးကြော်သံ အော်ခွင့်ရှိသော ပါတီဖြစ်သည်။

ပါတီရုံးချုပ် စတင်ဖွင့်လှစ်သည့် အခမ်းအနား၌ လိုင်စင်မဲ့ကား (၅) စီးခန့် လူအပြည့်တင်ကာ တို့အရေး အော်ဟစ်သံများဖြင့် ရန်ကုန်မြို့အနှံ့ လှည့်လည်ခဲ့သော နအဖ ကျောထောက်နောက်ခံပါတီဟု မီဒီယာတို့ သတ်မှတ်ထားကြသည်။

ဘုရင့်နောင် ကုန်စည်ကားဝင်းအတွင်း တကျပ်တပြားမှ အစ ပါတီရန်ပုံငွေ ၀င်ရောက်အလှူခံခြင်း၊ မြောက်ဥက္ကလာဒေသ အာဏာပိုင်များသို့ အကြောင်းမကြားဘဲ ဈေးများအတွင်း လှည့်လည် အလှူခံနေခြင်းကြောင့် မြောက်ဥက္ကလာ စည်ပင်မှ တရားစွဲဆိုခဲ့သော ပါတီအဖြစ် ပြည်သူမှ မျက်စိစပါးမွေးစူးနေသော ပါတီဖြစ်သည်။

အပိုင်း (ခ)

မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ


ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် အပါအ၀င် အဖွဲ့ဝင် (၅) ဦးအား တွေ့ဆုံမေးမြန်းခဲ့သည့် သတင်းထောက်တဦးက “ဦးကောင်းမြင့်ထွဋ်ဟာ (၁၃) နှစ်သားမှာ နိုင်ငံရေးမှုနဲ့ ထောင်ကျခဲ့တယ်လို့ သူ့နှုတ်က ပြောတယ်။ ကျနော် သေချာအောင် ထပ်မေးတယ်။ သူက ဟုတ်တယ်ချည်း ဖြေတယ်။ အသက်မပြည့်သေးသူကို ခုလို ထောင်ချလို့ ရပါသလားဆိုတဲ့ မေးခွန်းကျ သူ မဖြေဘူး။ ရှောင်ထွက်သွားတယ်။ ဒီတော့ နိုင်ငံရေးစံကို ထောင်ကျဖူးခြင်းနဲ့ တိုင်းတာလို့ ရပါ့မလား။ တလွဲ ဆံပင်ကောင်းနေတဲ့ သူ့အဖြေကြောင့် သူ့ကို နိုင်ငံရေးအာဝါလားလို့ မီဒီယာအနေနဲ့ သတ်မှတ်တယ်” ဟု ဝေဖန်သွားသည်။

ပါတီအတွင်းရေးမှူး ဝေမှူးသွင်ကိုမူ အရူးစာရေးဆရာဟု မီဒီယာက သိထားသည်။ စာရေးဆရာ သစ္စာနီကမူ “ဘာကိုမှ အလေးအနက်မထားသူ” ဟု အရူးဘုံမြှောက်သည်။ ဂျင်းဘောင်းဘီနှင့် နားကပ် အမြဲဝတ်ဆင်ထားလေ့ရှိသော စာရေးဆရာသည် ပြည်သူ့ကိုယ်စားပြု အမတ်ဖြစ်သွားပါက မြန်မာပြည် ကောင်းစားဦးမည်ဟု မီဒီယာများက ပြက်ရယ်ပြုသည်။

ခေတ်သစ်ပြည်သူ့ပါတီ

ထွန်းအောင်ကျော် (MSR) ဆိုသူသည် ၁၉၉၈ ခုနှစ် မေလ တတိယပတ်က သမ္မတရာထူးက နုတ်ထွက်ပေးလိုက်ရသည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဗိုလ်ချုပ်ကြီး ဆူဟာတို၏ မူဝါဒလမ်းစဉ်ကို လေးစားအားကျသူဖြစ်သည်ဟု သတင်းစာဆရာကြီးတဦးက မှတ်ချက်ပြုသည်။

“အင်ဒိုနီးရှားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းမှာ တပ်မတော် ပါဝင်ဖို့ ပြဋ္ဌာန်းခဲ့ပါတယ်။ အစိုးရ၀န်ကြီး (၃၂) ဦးမှာ (၁၀) ဦးကျော်ဟာ တပ်မတော်က ဖြစ်တယ်။ အမတ်ဦးရေ (၁,၀၀၀) ရှိတဲ့ ပြည်သူ့အတိုင်ပင်ခံလွှတ်တော်မှာ တပ်မတော်က (၂၀၀) ပါဝင်ခဲ့တယ်။ ပြည်နယ် (၂၇) ခုရဲ့ အုပ်ချုပ်ရေးမှူး ထက်ဝက်ကျော်ဟာ တပ်မတော်က ဖြစ်တယ်” ဟု စာတမ်းတစောင်တွင် ထွန်းအောင်ကျော် (MSR) ဆိုသူက ရေးသားခဲ့ကြောင်း အဆိုပါ သတင်းစာဆရာကြီးက ဆိုသည်။ ဆိုလိုသည်မှာ အထက်ပါ ထွန်းအောင်ကျော် (MSR) ဆိုသူသည် ယခု ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ဖြစ်နေသည့်အတွက် မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး တပတ်ပြန်လည်အောင် အသက်သွင်းမည့်သူဟု မဲဆန္ဒရှင် ပြည်သူတို့ကို စိတ်ထင့်စေသည်။

အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်

“အနာဂတ်အုပ်ချုပ်ရေးမှာ တပ်မတော်က ဆက်လက်ပါဝင်ခြင်းဟာ အာဏာကို လက်ဝါးကြီးအုပ်ဖို့ မဟုတ်ဘဲ အနာဂတ် အစိုးရသစ်ကို အားဖြည့်ကူညီမယ့် သဘောပါ” ဟု ဥက္ကဋ္ဌဖြစ်သူ ဦးအုန်းလွင်၏ နိုင်ငံရေးအယူအဆများကို ပြည်တွင်းထုတ် VENUS သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

အပြောင်းအလဲကို မျှော်လင့်နေသော ပြည်သူတို့နှင့် စစ်အုပ်ချုပ်ရေးကို အသက်သွင်းမည့် ဥက္ကဋ္ဌ ဦးအုန်းလွင် ဆိုသူ၏ အယူအဆ ကတ္တားခြားနေသည်ဟု နိုင်ငံရေးအကဲဖြတ်များက ဆိုကြသည်။ အထူးသဖြင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်းမှ အစ သေချာအကွက်ချပြီး မနိုင် နိုင်အောင် စီစဉ်ထားသော နအဖ၏ ရွေးကောက်ပွဲမဟာဗျူဟာ နည်းဗျူဟာတွင် အသုံးချခံ (သို့မဟုတ်) ခိုင်းစား၍ရမည့် တစ္ဆေတကောင်ဟု ဦးအုန်းလွင်ကို နိုင်ငံရေး အသိုင်းအ၀ိုင်းက သမုတ်ထားကြသည်။

ဒီမိုကရက်တစ်ပါတီ၏ ဘေးကျပ်နံကျပ် အနေအထား

ရွေးကောက်ပွဲ ကျင်းပပေးခြင်းသည် တပ်မတော်က စနစ်တကျ နောက်ဆုတ်ပေးခြင်းသာဖြစ်သည်။ တိုင်းပြည်၏ အချုပ်အခြာအာဏာကို တပ်မတော်က လုံးဝချုပ်ကိုင်ထားရာကနေ အရပ်သားတွေပါလာမယ့် စနစ်တခုကို ပြောင်းလဲပေးခြင်း ဖြစ်သည်ဟု ခံယူထားသူ ၎င်းပါတီအနေဖြင့် နအဖ၏ အဟန့်အတား ကန့်သတ်မှုများကို လက်တွေ့ရင်ဆိုင်နေရသည်။

အမတ်လောင်း (၁၀၀) ခန့် ရွေးချယ်ပြီးဖြစ်သော်လည်း တဦးလျှင် (၅) သိန်း ကော်မရှင်သို့ ပေးသွင်းရန် အခက်အခဲရှိနေသည်ဟု ဥက္ကဋ္ဌ ဦးသုဝေက ဆိုသည်။ ၎င်းပါတီဝင်တို့၏ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံများကို နအဖကင်ပေတိုင် စအဖ (စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့) မှ ခြိမ်းခြောက်တောင်းခံနေခြင်းကို ပါတီဝင်အင်အား တင်ပြနေစဉ် ရင်ဆိုင်ခဲ့ရသည်။

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးတွင် ယခုလို အကန့်အသတ်များကို ဖယ်ရှားပေးရန် ဩဂုတ် (၉) ရက်နေ့က ကော်မရှင်သို့ တိုင်ကြားစာ ပို့ထားသည်။ “ခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်” ဟူသော စအဖအရာရှိတဦး၏ ချွေးသိပ်စကားမှလွဲ၍ ၎င်းပါတီမှာ မည်သည့်ရလဒ်ကောင်းမှ မရရှိခဲ့။

ပါတီများစွာ လှိုင်းပုတ်ပြီ

(ယခင်) ၀န်ကြီးချုပ်ဟောင်း ဦးနု၏ သမီး ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ-မြန်မာပြည်) က “အမတ်လောင်းတဦး တင်သွင်းရမှာက (၅) သိန်း။ ရွေးကောက်ပွဲစရိတ်၊ စည်းရုံးရေးစရိတ်တွေနဲ့ အမတ်လောင်းတဦး ခြိုးခြံသုံးရင်တောင် (၁၂) သိန်းခန့် ရင်းနှီးရမယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ တင်းကျပ်တဲ့ အကန့်အသတ်တွေကိုတော့ သည်းခံနားလည်ပေးနိုင်ပါတယ်” ဟု ပြည်တွင်းမီဒီယာများကို ဖွင့်ချသည်။

မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်ကလည်း “ဩဂုတ် (၁၆) ရက်ကနေ နိုဝင်ဘာ (၇) ရက်နေ့အထိ ကာလသည် စစ်ရေးကာလဖြစ်နေပြီ။ ၂၀၁၀ မှာ ကမ္ဘာပျက်မယ်ဆိုတာ မဟုတ်ပါဘူး။ ၂၀၁၀ မှာ မြန်မာပြည် ပျက်သွားနိုင်ပါတယ်။ ဩဂုတ် (၁၈) ရက် နံနက် (၆) နာရီ ဗွီအိုအေမှာ ကျနော့်အင်တာဗျူး ထုတ်လွှင့်ပါလိမ့်မယ်။ ဒီအတွက် ဖမ်းချင်ဖမ်းပါလိမ့်မယ်။ ကျနော်ကလည်း အဖမ်းခံဖို့ အဆင်သင့်ပါ။ ရွေးကောက်ပွဲကော်မရှင်ရော၊ ကြံ့ဖွံ့လုပ်ပုံတွေ မဟုတ်တော့ဘူး။ ဒါကြောင့် ကျနော်တို့ ငြိမ်နေလို့ မရတော့ဘူး” ဟု ရင်ဖွင့်ခဲ့ဖူးသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကမူ “ကျနော်တို့ပါတီကို ဟိုတယ်လိုနေရာမျိုးမှာ စည်းရုံးရေးအတွက် အခန်းမပေးကြဘူး။ စာနယ်ဇင်းတွေ့ဆုံပွဲ လွတ်လပ်စွာ လုပ်ခွင့်မရဘူး။ နေပြည်တော်အထိ လမ်းလျှောက်ချီတက်ပြီး လူထုစည်းရုံးရေးအသွင် လုပ်ဖို့ဆိုတာလည်း အိပ်မက်ဖြစ်သွားပြီ။ အချိန်၊ ငွေကြေး၊ အာဏာယန္တရား ပုံအောသုံးနေတဲ့ ကြံ့ဖွံ့ကို ကျနော်တို့ ဘယ်လိုမှ မကျော်နိုင်တော့ဘူး။ ဒါကြောင့် ပါတီရပ်တည်ခွင့် ရုပ်သိမ်းခြင်းမခံရအောင် မဲဆန္ဒနယ် (၃) ခုပဲ ၀င်ပြိုင်တော့မယ်” ဟု သတင်းထောက်တဦးသို့ ပြောသည်။

ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိမ်းကမူ “၂၀၀၈ ဥပဒေအပေါ် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီမိုကရေစီစံချိန်စံညွှန်း မကိုက်ညီတာတွေ တွေ့နေရတယ်။ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးဆိုတာ လက်တွေ့သိခဲ့ရပါပြီ။ ကြံ့ဖွံ့၊ တစညတွေကဲ့သို့ ဘယ်ပါတီမှ လုပ်ပိုင်ခွင့်မရပါဘူး။ ဒါကြောင့် ပါတီဥက္ကဋ္ဌနေရာကရော၊ ရွေးကောက်ပွဲအခင်းအကျင်းကရော နောက်ဆုတ်လိုက်တဲ့အကြောင်း ဩဂုတ် (၅) ရက်နေ့စွဲနဲ့ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

အဆိုပါ သဘောထားထုတ်ပြန်ချက်အပေါ် NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှ “ကိုဖြိုးမင်းသိမ်းနဲ့ ကျနော် ထောင်ထဲ အတူနေဖူးတယ်။ သူ့သဘောထား မှန်တယ်။ မတိမ်းဘူး။ မယိမ်းဘူး” ဟု သုံးသပ်ခဲ့သည်။

အပိုင်း (ဂ)

ရွေးကောက်ပွဲအခင်းအကျင်းမှ ကိုဖြိုးမင်းသိမ်း နုတ်ထွက်ပြီး မကြာမီ ၎င်းပါတီ၏ အရေးပါသူတဦးဖြစ်သည့် ဦးညိုထွန်းသည်လည်း ရွေးကောက်ပွဲတွင် ၎င်းအနေနှင့် ပါဝင်တော့မည်မဟုတ်ကြောင်း အတိအလင်း ကြေညာလိုက်သည်။

နအဖ၏ ကလိန်ကျ ချဉ်းကပ်မှုကို လက်တွေ့ရင်ဆိုင်လိုက်ရသော NDF ပါတီမှ ဒေါက်တာသန်းငြိမ်းကလည်း “ဂျာနယ်တစောင်နာမည်နဲ့ NDF ကို အင်တာဗျူးချင်တယ်ဆိုပြီး လူငယ်တဦး ပြောင်းရှည်ကင်မရာနဲ့ ရောက်လာတယ်။ သိလိုတာ မေးတယ်။ မှတ်တယ်။ ကျနော်က Journalist တွေကို လေးစားတယ်။ မခြွင်းမချန် ပြောတတ်တယ်။ သူ မေးမြန်းတာတွေကို ဖြေဆိုအပြီးမှာ သူက သတင်းတပ်ဖွဲ့ဝင် (SB) ကဖြစ်ကြောင်း ပြောတယ်။ ကျနော် အတော် စိတ်ကွက်ခဲ့ရတယ်။ ပါတီတခုရဲ့ မူဝါဒကို ခုလို ခိုးကြောင်ခိုးဝှက် ချဉ်းကပ်ယူတာ လူကြီးလူကောင်းအလုပ် မဟုတ်ဘူး” ဟု ၎င်း၏ အတွေ့အကြုံကို ပြည်တွင်းသတင်းထောက်တဦးအား ရှင်းပြခဲ့သည်။

တိုင်းရင်းသားပါတီတခု၏ မူဝါဒများကို 7 Days ဂျာနယ်သတင်းထောက်တဦးမှ တွေ့ဆုံမေးမြန်းနေစဉ် “ကျနော် စအဖ ကပါ” ဟု လူငယ်တဦးမှ ဗြောင်ကျကျ အနီးကပ်စောင့်ကြည့် သတင်းရယူနေသည့်အပေါ် လူ့ကျင့်ဝတ် ဖောက်ဖျက်ခြင်းဟု အဆိုပါ သတင်းထောက်က ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီ ခေါင်းဆောင်များ၏ ဆွေမျိုးများအား စအဖ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူစစ်ဆေးနေခြင်းကို တားမြစ်ပေးပါရန် ၎င်းပါတီက ရွေးကောက်ပွဲကော်မရှင်သို့ ဩဂုတ် (၂၀) ရက်နေ့က တိုင်ကြားခဲ့သည်ဟု သိရသည်။

ဦးခင်မောင်ဆွေ (NDF) လည်း ကျောခိုင်းပြီ

၁၉၉၀ ခုနှစ်က နိုင်ငံတော်ပုန်ကန်မှုဟု အမည်တပ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် NDF ပါတီ CEC များဖြစ်ကြသော ဦးခင်မောင်ဆွေ၊ ဦးတင်အောင်အောင်၊ ဦးသာဆိုင်၊ ဦးစိန်လှဦးတို့အား ရွေးကောက်ပွဲဝင်လိုက အသနားခံစာ တင်ပြရန် ကော်မရှင်မှ တောင်းဆိုခဲ့သည်။

ပထမအကြိမ် အသနားခံစာ တင်ပြပြီးဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြန်ကြားခြင်း မရှိခဲ့။ ထပ်မံတင်ပြရန်သာ ညွှန်ကြားလာသဖြင့် ဦးခင်မောင်ဆွေမှ ပြစ်ဒဏ်ကျခံပြီးဖြစ်ကြောင်း၊ ထပ်မံ၍ အသနားခံစာ တင်ပြရန် မလိုကြောင်း၊ ထို့အတွက် ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ဩဂုတ် (၂၄) ရက်နေ့တွင် ပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ၎င်းပါဝင်တော့မည်မဟုတ်ကြောင်း ဩဂုတ် (၂၅) ရက်နေ့တွင် ဦးခင်မောင်ဆွေမှ နောင်တကြီးစွာရသူတဦးလို မီဒီယာများကို ပြောတော့သည်။

NLD၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်း

နေအိမ်အကျယ်ချုပ် ကျခံနေရသည့်  NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေကြီး ဦးဉာဏ်ဝင်းတို့ ဩဂုတ် (၂၄) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခွင့်ရခဲ့သည်။ ဩဂုတ် (၂၅) ရက်နေ့ နေ့လယ် (၂) နာရီခွဲ ရွှေဂုံတိုင်ရုံးချုပ်တွင် ကျင်းပသော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ဦးဉာဏ်ဝင်းက ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောခဲ့ကြောင်း၊ NLD သည် ရွေးကောက်ပွဲမ၀င်သည့်အတွက် မည်သည့်ပါတီကို မဲပေးရမည်မသိ ဖြစ်နေသည်ဟူသော ပြည်သူတို့၏ အမေးအတွက် ပေးစရာလူမရှိရင် မပေးဘဲ နေလိုက်ရုံပဲ ရှိတယ်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ဖြေကြားခဲ့ကြောင်း တဆင့်ခံပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်း လွတ်ရက်အား သတင်းထောက်တဦးမှ မေးမြန်းခဲ့ရာ ရွေးကောက်ပွဲ ကျင်းပအပြီး (၆) ရက်အကြာ နိုဝင်ဘာ (၁၃) ရက်နေ့မှာ လွတ်ရက်စေ့မည်ဟု ဦးဉာဏ်ဝင်းမှ ဖြေကြားခဲ့သည်။

စာစု၏ နိဂုံး

“လူတယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်ကို သူ ဘယ်လောက် သယ်ပိုးထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ” ဟူသော စာသားကို ၎င်း၏အုတ်ဂူပေါ်တွင် ရေးထိုးစေရန် စာရေးဆရာ ဗန်းမော်တင်အောင်က ၎င်းမကွယ်လွန်မီကတည်းက မှာကြားခဲ့သည်။

ထို့ကြောင့် ယနေ့ ရွေးကောက်ပွဲဝင်မည့် ပါတီတို့အနေဖြင့် အောက်ပါအခြေအနေများကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ အချိန်တန်နေပေပြီ။

- မဲလိမ်နေစရာမလိုအောင် အကွက်ချစီစဉ်ပြီးဖြစ်နေသော၊ ကြံ့ဖွံ့၏ တဖက်သတ်နိုင်ငံရေး အလဲထိုးပွဲမှန်း သိနေလျက် နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်လိုခြင်း၊

- ဩဇာပြိုင် ခိုင်းစား၍ရမည့် တစ္ဆေများကို အာဏာရှင်ပေါက်စ၊ အာဏာရှင်လောင်းများအဖြစ် မွေးထုတ်မည့် ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းပြည်၏ အခြေအနေအရပ်ရပ်အား ပြောင်းလဲစေနိုင်မည်ဟု အမြင်လွဲမှားနေခြင်း၊

- လွှတ်တော်အတွင်း ဥပဒေပြုခွင့်၊ ဥပဒေပြောင်းလဲခွင့်၊ လုပ်ပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်များကို ဝေ့လည်ကြောင်ပတ် ဆောင်းအိပ်မက်ပမာ မြင်မက်နေခြင်း၊

- မုသားကတိက၀တ်များနှင့် လူထုကို မှိုင်းတိုက်နေသော နအဖ၏ လက်တွေ့မကျသည့် အိပ်မက်များကို ပြန်လည်ဆန်းစစ်ကာ နအဖလှည့်ကွက်တွင်းမှ လွတ်အောင်ရုန်းဖို့ (တနည်း) သမိုင်း၏ တရားခံတွေအဖြစ်ခံပြီး ရွေးကောက်ပွဲကို မျက်စိစုံမှိတ်လက်ခံခြင်းထက် နိုင်ငံရေးဂုဏ်သိက္ခာ ရယူကာ ရွေးကောက်ပွဲကို အမြန်စွန့်ခွာဖို့ အချိန်တန်နေပြီဟု ဆန္ဒပြုလိုက်ရပါသည်။

မြန်မာနိုင်ငံ အမျိုးသ္မီးများအပေါ် စစ်အစိုးရမှကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာ နိုင်ငံတကာတွေ့ဆုံဆွေးနွေးပွဲ

အမျီုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် Japan နိုင်ငံ Humam Right Now (HRW) တို့မှတာဝန်ယူ ကျင်းပသည့် မြန်မာနိုင်ငံ မှ အမျီုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်သော ရာဇ၀တ်မှူများနှင့် ပတ်သက်သည့် ဟောပြောပွဲ နှင့် နိုင်ငံတကာပြည့်သူခုံရုံးကို Japan နိုင်ငံ Aoyama Gakuin University တွင်ပထမဦးဆုံးကျင်းပသည့် အခမ်းအနား ဓါတ်ပုံမှတ်တမ်း။

စစ်အုပ်စု၏ အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ ဂျပန်နိုင်ငံတွင် ပြည်သူ့ခုံရုံးတက်မည်

မြန်မာစစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင်ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၄င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် တိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှုတရပ်အနေဖြင့် တားဆီးရန် ၂၀၁၀ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ်ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံး ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ပြည်သူများအပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ခုံရုံးမှ စီရင်ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ ပြည်သူ့ခုံရုံးဖွင့်၍ ဒုတိယခြေလှမ်းအဖြစ် ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန်နိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးများအပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ခုံရုံးဖြစ်ကြောင်း BCJP သို့ ပြောကြားလာပါသည်။

အဆိုပါ ပြည်သူ့ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘတ်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘတ်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုက်ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)

မော်တော်ကား တိမ်းမှောက်မှုကြောင့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ သေဆုံး

နေပြည်တော် အစည်းအဝေးသို့ သွားရောက် ပြီး ရန်ကုန်မြို့သို့ ပြန်အလာ ရန်ကုန်မြို့  အမှတ် ၃ လမ်းမကြီး နွယ်ခွေရွာ အနီးတွင် စနေနေ့ မနက်ပိုင်းက မော်တော်ကား တိမ်းမှောက်မှု ကြောင့် ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း မှာ ဒဏ်ရာ ရရှိပြီး မင်္ဂလာဒုံ စစ်ဆေးရုံ တွင် တက်ရောက် ကုသခံရသည်ဟု သတင်း ရရှိသည်။ ထိုကားပေါ်တွင် အတူပါလာသည့် မြို့ တော်ဝန်၏ မြေးဖြစ်သူ အသက် ၁ နှစ် နှင့် လေးလ အရွယ် မောင်ဆက်နိုင်လင်း (ခေါ်) ဖိုးတီလုံး မှာ ထိုနေ ည ၇ နာရီ အချိန်ခန့်တွင် မင်္ဂလာဒုံ စစ်ဆေးရုံကြီး၌ ကွယ်လွန် သည် ဟု သတင်း ရရှိသည်။

မြေးဖြစ်သူ သေဆုံးပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည် ရန်ကုန်မြို့ တော်ဝန်

မောင်ဖိုးတီလုံးမှာ မော်တော်ကား တိမ်းမှောက် ချိန်တွင် ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည် ။ ရန်ကုန်မြို့တော်ဝန် စီးနင်းလာသည့် မော်တော် ကားမှာ တိုယိုတာ ဆိုင်ဂနပ်စ် အနက် ရောင် (၂၀၀၈) ဖြစ်သည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာ ၀န်ထမ်း တစ်ဦးက Freedom News Group သို့ ပြောသည်။

ရန်ကုန် မြို့တော်ဝန် သည် မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်ရှိ မင်္ဂလာဈေး မီးလာင်မှု၊ သီရိ မင်္ဂလာဈေး ရွှေ့ပြောင်း နေရာချထားမှု၊ နှစ် ခြောက်ဆယ် မြေဂရမ်များ ပြန်လည် စီစစ်ရန် အတွက် နေပြည်တော်သို့ သွားရောက် အစီခံရင် စာတင်ရန် နှင့် ရွေးကောက်ပွဲ မဲဆွယ် မှု ကိစ္စများ အတွက် ဗိုလ်ချုပ် ဌေးဦး နှင့် တွေ့ဆုံအပြီး (လေးလပတ် အစည်းအဝေး) ပြန်အလာ တွင် မော်တော်ကား တိမ်းမှောက်ခြင်း ဖြစ်သည်ဟု အမည် မဖော်လိုသည့် စည်ပင် အရာရှိတစ်ဦးက ပြောသည်။

တနင်္ဂနွေနေ့ထုတ် ကြေးမုံ သတင်းစာမှ မောင်ဆက်နိုင်လင်း ၏ နာရေး ကြော်ငြာ
မော်တော်ကား တိမ်းမှောက်မှု ဖြစ်စဉ်တွင် ထိုတိမ်းမှောက်ရာ နေရာ၌ လက်ကိုင်ဖုန်းများ မှ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိ နေခြင်း၊ စတစ်ကာ ကပ်ထားသော မော်တော်ကား ဖြစ်၍ ရွာသားများက ချက်ခြင်း အနားကပ် ပြီး ကူညီ ကယ်ဆယ် မှု ပြုခြင်း တို့ကို မလုပ်ရဲ ဟု သိရသည်။

မြို့တော်ဝန်၏ မော်တော်ကား ရန်ကုန်မြို့ထဲ ၀င်လာ ချိန် တွင် ရန်ကုန်မြို့၌ မိုးသည်းထန် စွာရွာသွန်းနေချိန် ဖြစ်သည်။ ဦးအောင်သိန်းလင်းမှာ သင်္ဃန်းကျွန်း ဈေး မီးလောင်မှုတွင် ၎င်းကိုယ်တိုင် မီးရှို့ခိုင်းသည် ဆိုသည့် ဂယက် များကြောင့် ဈေးသူ၊ ဈေးသားများက ငြိုငြင်ခြင်းကို ခံနေရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က သီရိမင်္ဂလာဈေး ပြောင်းရွှေ့မှု တွင် စည်ပင်ရဲနှင့် ဈေးသူ ဈေးသားတို့ ပြဿနာ ဖြစ်ရာ ဈေးသည် တစ်ဦးက နင်တို့တွေ အသေဆိုး နဲ့ သေပါစေဟု ဆုတောင်း ခဲ့သည်ဟု ဆိုသည်။

သေဆုံးသွားသည့် ရန်ကုန် မြို့တော်ဝန်၏ မြေးဖြစ်သူ မောင် ဆက်နိုင်လင်း အား ယနေ့ ၁၂ နာရီ တွင် ရန်ကုန်မြို့၌ သဂြိုလ်မည် ဖြစ်သည်။

source by : FREEDOM NEWS GROUP

ကလေးစစ်သား စုဆောင်းမှု့တွေကြောင့် ကလေးငယ်တစ်ဦးအသက်ဆုံးရှုံးခဲ့ရ

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပြွန်တန်စာ ၀ါးရုံကုန်းကျေး၇ွာအုပ်စု စံဖဲ၇ွာမှအသက် ၁၅ နှစ်အရွယ်မောင်တင်မင်းနိုင်ဆိုသူအား မေလ ၁၆ ရက်နေ့က ခမရ (၅၈၆)မှတပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ရပြီး ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ခံခဲ့ရကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ မောင်တင်မင်းနိုင်နှင့်တချားလူငယ်တစ်ဦးတို့ ကြွက်ထိုးနေစဉ် အဆိုပါအနီးနားမှာရှိသော (ဒေသအခေါ်)သံလမ်းကင်း (မီးရထားလမ်းဘေးတွင်ရှိသောအစောင့်တဲ) မှတာဝန်ကျ နအဖ စစ်သားသုံးယောက်က (ဟေ့ကောင်တွေလာအုံးဟု) လှမ်းခေါ်ပြီး မောင်တင်မင်းနိုင်နှင့်သူ၏အဖော်အား မင်းတို့စစ်ထဲဝင်မလား မဝင်ရင်မင်းတို့ပြန်လို့မရတော့ဘူး ဆိုပြီးခြိမ်းခြောက်ကြတဲ့အတွက် မောင်တင်မင်းနိုင်ဆိုသူထွက်ပြေးစဉ် တာဝန်ကျသုံးဦးအနက်မှ တပ်သားမိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့ပြီး အသက်ရှင်နေသေးသော မောင်တင်မင်းနိုင်အား ကြွက်ထိုးသောမှိန်းနှင့် ရက်စက်စွာ ထိုးသတ်ပြီး ကျန် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ကြောင်းသိရပါသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံး စာတစောင်ရေး

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်းသည် ရာထူးမှ နုတ်ထွက်မည့် နေ့တွင် ၎င်း၏ အစိုးရ နေအိမ်မှ နောက်ဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံ စာတစောင် ရေးသားခဲ့ကြောင်း သိရသည်။

gordon_brown

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း

လန်ဒန်မြို့ရှိ အမှတ် ၁၀၊ ဒေါင်းနင်းလမ်း နေအိမ်မှ ဂေါ်ဒွန် ဘရောင်းက လက်ရေးဖြင့် ရေးထားသည့် စာတွင် “ကျနော် ရေးသမျှထဲမှာ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် နောက်ဆုံးရေးတဲ့စာပါ၊ မြန်မာပြည်အတွက် ခင်ဗျားရဲ့ ဒီမိုကရေစီအရေး စွမ်းဆောင်မှုကို ရပ်တည်ကာကွယ်ပေးဖို့ပါ။ ခင်ဗျားကို ကျနော် တတ်နိုင်သမျှ အားလုံး ထောက်ခံသွားမယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားဟာ ကျနော့်ကို အားတက်စေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေ လွတ်မြောက်ဖို့ ကျနော် တိုက်ပွဲဝင်သွားပါမယ်” ဟု ပါရှိကြောင်း New Statesman မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

တောင်အာဖရိကမှ နယ်လ်ဆင် မင်ဒဲလားနှင့် နေအိမ်အကျယ်ချုပ်ဖြင့် အထိမ်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်တို့သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျကြသူများဖြစ်ပြီး ဂေါ်ဒွန် ဘရောင်းအတွက် အကြီးအကျယ် စိတ်ခွန်အားပေးခဲ့သူများ ဖြစ်သည်ဟု စာထဲတွင် ဆက်လက်ရေးသားထားကြောင်း ဂေါ်ဒွန် ဘရောင်း၏ မိတ်ဆွေတဦးကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်တွင် ရေးသားထားသည်။

ဂေါ်ဒွန် ဘရောင်းသည် ၂၀၀၇ ဇွန်လတွင် ဗြိတိန် ဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး ကွန်ဆာဗေးတစ် ပါတီ အနိုင်ရပြီးနောက် မေလ ၁၁ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်လိုက်သည်။
ဧရာဝတီ သတင်းဌာန
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger