dailyvid


1234
x

Latest Post

Showing posts with label ကိုကိုဝင်း. Show all posts
Showing posts with label ကိုကိုဝင်း. Show all posts

ရှမ်းပြည် ပြည်သူ့စစ်များ မူးယစ်ဆေး အဓိက ထုတ်လုပ်လာ

29 Sept 2010...VOA...
အစိုးရရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ရှမ်းပြည်နယ်က ပြည်သူ့စစ် အဖွဲ့တွေဟာ အဓိက မူးယစ်ဆေး ထုတ်လုပ်သူတွေ ဖြစ်လာတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ရှမ်းပြည်နယ်ရဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အရင်က UWSA ၀တပ်ဖွဲ့နဲ့ ခွန်ဆာအဖွဲ့တို့လို တိုင်းရင်းသား လက်နက်ကိုင်တွေက ကြီးစိုးခဲ့ပေမဲ့ လက်ရှိမှာ အစိုးရ ကျောထောက်နောက်ခံ ပြုထားတဲ့ ဌာနေ ပြည်သူ့စစ်တွေက နေရာယူလာတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ပြည်သူ့စစ်တွေ မူးယစ်ဆေး ထုတ်လုပ်ဖို့ အခွင့်အလမ်း ပိုရလာတာဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ဆက်စပ်နေတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်က ဆိုပါတယ်။
“အဲဒါ ၂၀၀၉ နှစ်လယ်ပိုင်းလောက်ကစပြီး အပစ်ရပ် အဖွဲ့တွေကို နယ်ခြားစောင့် အသွင်ပြောင်းဖို့၊ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ဖိအားပေးလာပြီး နောက်ပိုင်း သူတို့လက်အောက်ခံ ဌာနေ ပြည်သူ့စစ်တွေကို ပိုပြီး ဦးစားပေးလာတာပေါ့၊ မီးစိမ်းပြလာတာပေါ့။ ပါးစပ်ကတော့ ပြောတာပေါ့၊ ပိတ်ပင်တယ်၊ တားဆီးတယ်၊ ဖြိုခွင်းတယ်၊ စသဖြင့်ပေါ့။ ဥပဒေအရ အရေးယူမယ်၊ ဘာညာပြောပေမဲ့ အပြောနဲ့ အလုပ်က တခြားစီပဲလေ၊ အဲဒါကြောင့် ဒီ ဌာနေပြည်သူ့စစ်တွေ ပိုပြီးတော့ အခွင့်အရေး ရလာတာပေါ့။”
ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဟာ ရှမ်းပြည်နယ်ထဲ ကွင်းဆင်းလေ့လာပြီး ဒီအစီရင်ခံစာကို ပြုစုထားတယ်လို့ သိရပါတယ်။ ၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီထဲ ရှမ်းပြည်နယ်မှာရှိတဲ့ ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်မှာ ဘိန်းစိုက်ဆဲဖြစ်ပြီး စိုက်ပျိုးဧက တိုးလာပေမဲ့ ရာသီဥတုကြောင့် ဘိန်းအထွက် နည်းတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
အပစ်ရပ် အဖွဲ့တွေလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတုန်းလို့ ဦးစိန်ကြည်က ဆက်ပြောပါတယ်။
“လုံးဝ ကင်းရှင်းသွားပြီလို့တော့ ပြောလို့မရပါဘူး။ တနည်းတဖုံ အနည်းအကျဉ်း၊ တချို့တလေ သွယ်ဝိုက်ဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ် ပတ်သက်နေတာတော့ ရှိတာပဲ။ အင်အား ဆယ်ဂဏန်းရှိတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တောင်မှ မကင်းဘူး။ နအဖတပ်တောင်မှ မကင်းဘူး။ ကိုယ့်တပ် ကိုယ်ထောက်ပံ့ဖို့၊ ၀င်ငွေရဖို့ အဲဒါက တနည်းတလမ်း ဖြစ်တယ်လေ။”
ပြည်သူ့စစ်တွေနဲ့ နီးစပ်တဲ့ လားဟူ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ခေါင်းဆောင် ဦးဂျာဖတ်က ပြည်သူ့စစ်တွေက အခွင့်ထူးခံတွေလို့ ဆိုပါတယ်။
“ဒီ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေက အားလုံးလိုပဲ သူတို့ကို နအဖက အခွင့်ထူး ပေးထားသလို ဖြစ်နေတယ်။ လားဟူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ နအဖကို အထောက်ကူပြုတဲ့ အဖွဲ့တွေကတော့၊ သံလွင် အရှေ့ဘက်ခြမ်းမှာ နယ်ခြားစောင့် အဖွဲ့အစည်းကို မ၀င်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ အဲဒီတော့ ဆန့်ကျင်ဘက် လက်နက်ကိုင်တွေလည်း ရှိနေတော့ သူ့ဘက်မှာ ပါတဲ့လူကိုတော့ အခွင့်အရေးတွေ အများကြီး ပေးတာပေါ့ဗျာ။”
ဒါပေမဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က အရာရှိ တယောက်ကတော့ ပြည်သူ့စစ်တွေကို မူးယစ်ဆေး ထုတ်လုပ်ဖို့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။
“ခင်ဗျားတို့ တာချီလိတ်ဘက်မှာ စုံစမ်းကြည့်လည်း သိနိုင်ပါတယ်။ အဲဒီဘက်မှာ နော်ခမ်းတို့ ဘာတို့ ဆိုတာတွေက အရင်တုန်းက ပြည်သူ့စစ်တွေပါပဲ။ သူတို့နဲ့ ပေါင်းလုပ်တယ် ဆိုတာတော့ မဟုတ်ဘူး။ နှိပ်ကွပ်လွှတ်လိုက်လို့ လာအိုဘက်ပြေးတဲ့ ကိစ္စတွေ ဘာတွေလည်း ရှိတာပဲ။”
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မှာ ဘိန်းဖြူကီလို ၁,၅၀၀ ကျော်နဲ့ စိတ်ကြွဆေးပြား ၂၃ သန်းကျော် ဖမ်းဆီးရမိတယ်လို့လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

Cyber Attack တရုတ် လက်ချက်လား

September 28, 2010...ဧရာဝတီ...
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

under-attackဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

ငါ့သားကင်မရာ ပြန်ပေး

September 27, 2010...ဧရာဝတီ

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း မြန်မာစစ်တပ်ရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတဲ့ ဂျပန်သတင်းထောက် နာဂါအိ ခင်းဂျီ (၂၇.၉.၁၉၅၇ - ၂၇.၉.၂၀၀၇) သေဆုံးခဲ့တာ စက်တင်ဘာ ၂၇ ရက် ဒီနေ့ဆိုရင် ၃ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။

NAGAI_2
မစ္စတာ နာဂါအိ အုတ်ဂူ (ဓာတ်ပုံ-မောင်လတ်နီ)
မစ္စတာ နာဂါအိ ဟာ ဂျပန်နိုင်ငံ အေးဟီမဲခရိုင် အီမဘာရီမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ ငယ်စဉ်က အရမ်းကို ရှက်တတ်ပြီး သတင်းသမားလုပ်မယ်လို့ မထင်ခဲ့ဘူး လို့ သူ့ရဲ့မိဘများက ပြောပါတယ်။

သူသေဆုံးပြီးနောက် ရုပ်အလောင်းကို ဂျပန်နိုင်ငံကို သယ်ဆောင်လာပြီး ဂျပန်ရဲဌာနက ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် “မစ္စတာ နာဂါအိ ဟာ တမီတာအတွင်းမှာ သေနတ်နဲ့ပစ်သတ်ခံရတာ ဖြစ်တယ်” လို့ ကြေညာခဲ့ပါတယ်။

သူ့ရဲ့အုတ်ဂူကိုတော့ သူမွေးဖွားရာမြို့ဖြစ်တဲ့ အီမဘာရီမြို့ရဲ့ အိုတာနီသင်္ချိုင်းမှာ ထားရှိပြီး ထူးခြားတာကတော့ သူ့ရဲ့အုတ်ဂူရှေ့မှာ သေဆုံးသွားစဉ်က ကိုင်ဆောင်ထားတဲ့ ဆိုနီ ဒစ်ဂျစ်တယ်ကင်မရာ ပုံစံတူကို ကျောက်သားနဲ့ ထုလုပ်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့မိတ်ဆွေသူငယ်ချင်းများက ကင်မရာနဲ့ တိတ်ခွေ ပြန်ရဖို့အတွက် လက်မှတ် တသိန်းကျော် စုဆောင်းပြီး တိုကျိုမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့် မြန်မာစစ်အစိုးရထံ တောင်းဆိုခဲ့ပေမယ့် ယနေ့တိုင် မရရှိသေးပါဘူး။ မစ္စတာ နာဂါအိရဲ့ မိဘများနဲ့ ဂျပန်အစိုးရကိုလည်း မြန်မာစစ်အစိုးရက တရားဝင် တောင်းပန်တာ၊ လျော်ကြေး ပေးတာ ဒီနေ့ထိ မရှိသေးပါဘူး။

“အသတ်ခံရတဲ့နေ့ကို ယနေ့တိုင် မမေ့သေးပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနက ရုတ်တရက် ဖုန်းဆက်လာပြီး သားသေဆုံးတဲ့အကြောင်းပြောတော့ ပထမ မယုံကြည်ခဲ့ပါဘူး။ ဒါပေမယ့် တီဗီမှာ သူ သေနတ်နဲ့ပစ်သတ်ခံရပြီး လဲကျသွားတဲ့ပုံကို အကြိမ်ပေါင်းများစွာ ကြည့်ရပြီး အရမ်းကို စိတ်ထိခိုက်ခဲ့ရပါတယ်” လို့ သူ့ရဲ့မိခင် မိချိကို (၇၈ နှစ်) က ပြောပါတယ်။
NAGAI_1
အုတ်ဂူရှေ့မှ ကျောက်သားဖြင့်ထုထားသည့် ကင်မရာပုံ (ဓာတ်ပုံ-မောင်လတ်နီ)


အဲဒီတုန်းက ဗီဒီယို ကင်မရာကို ကိုင်ပြီး လဲကျသွားပေမယ့် အခု အဲဒီကင်မရာ ဘယ်မှာရှိလဲဆိုတာ မသိရပါဘူး။ ဂျပန်အစိုးရကလည်း ပြန်ပေးဖို့တောင်းဆိုပေမယ့် ယနေ့တိုင် မြန်မာစစ်အစိုးရက ပြန်လည်ပေးအပ်ခြင်း မရှိသေး ပါဘူး။

မစ္စတာ နာဂါအိရဲ့ မိခင်က “မြန်မာစစ်အစိုးရကို လုံးဝ ခွင့်မလွှတ်နိုင်ဘူးဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

“ငါ့သား ကင်မရာ ပြန်ပေး” လို့ မြန်မာစစ်အစိုးရကို ပြောဆိုလိုက်ပါတယ်။    ။

အလှပုံအတွက် noise ninja လေးသုံးကြည့်ရအောင်


Written by Moe Pyay Lay...

အလှဓါတ်ပုံရိုက်ရာမှာ အများအားဖြင့် တစ်ကိုယ်လုံးပုံဆို မျက်နှာသေးတဲ့ပုံတွေမှာတော့ လိုင်စင်ပုံလိုသန့်မယ် Background ပြောင်းမယ်။ တစ်ပိုင်းပုံနဲ့ မျက်နှာပုံမှာတော့ မျက်နှာကိုချောအောင် လုပ်ရပါတယ။် မျက်နှာချောရာမှာ တစ်ချို့ကနုထွတ်နေမှကြိုက်ပါတယ် တစ်ချို့က သဘာဝ အသားအရေကိုကြိုက်ပါတယ် ဒါက customer choice ပါ။တစ်ကိုယ်လုံးပုံမှာလည်း ဓါတ်ပုံအနေနဲ့ယူမယ်ဆို 4x6 စာရွက်ပေါ်မှာ မသိသာပေမယ့် ဓါတ်ပုံကို CD ထဲထည့်မယ်ဆိုရင်တော့ တစ်ပုံကို ပုံမှန်အားဖြင့် ၃၅၀၀ လောက်ယူကြပါတယ် ဒီလိုဆိုရင်တော့ မျက်နှာကိုနုအောင်လုပ်ပေးပါတယ်။ အနည်းအများကတော့ setting အတိုးအလျော့ပါပဲ။ မျက်နှာချောအောင်လုပ်တဲ့နေရာမှာ တစ်ချို့ကလဲ brush နဲ့ ပွတ်ပါတယ် တစ်ချို့ကျတော့လည်း blur tool သုံးပါတယ် တစ်ချို့က noise ninja သုံးပါတယ် ဒီမှာတော့ noise ninja နဲ့ ပြပါ့မယ်။ noise ninja ဘာကြောင့်သုံးရသလဲဆိုတော့ brush နဲ့ပွတ်ရင်က အချိန်အတော်ကြာပါတယ် ပြီးတော့ ဘယ်နေရာမှာ ဘယ်လိုပွတ်ရမယ်ဆိုတာရှိပါတယ် အပွတ်မတော်ရင်လည်း ရုပ်က ပြားသွားပါမယ်… output အနေနဲ့လည်း ဘယ်လောက်မှ မကွာတဲ့အတွက် အလွယ်ကူဆုံး noise ninja ကိုသုံးလိုက်ပါတယ်… ဒီတော့ plug in တစ်ခုဖြစ်တဲ့ noise ninja ကို install ထားရအောင်ပါ… အရင်ဆုံး noise ninja ကိုဝယ်ရင်ဝယ် အကုန်ကျများမှာစိုးရင်လည်း ဒေါင်းလိုက်ပါနော် 12MB လောက်ပဲရှိပါတယ်။

Install နည်းလေးကတော့…

အရင်ဆုံး noise ninja folder ကို copy ကူးပြီး C:\Program Files\Adobe\Adobe Photoshop CS2\Plug-Ins ထဲထည့်လိုက်ပါတယ်

ပြီးမှ photoshop ကိုဖွင့်လိုက်ပါတယ် ပြီးရင် ပုံတစ်ပုံပါဖွင့်ပါ။ ပြီးရင် FilteràPictureCodeàNoise ninja ဆိုတာကိုနှိပ်လိုက်ပါ။ ဒါဆိုပုံပေါ်မှာ မျဉ်းကြောင်းတွေပေါ်နေပါလိမ့်မယ်။ဒီတော့ install လုပ်ပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း Noise ninja ထဲက Install or view license ကိုနှိပ်ပါမယ်။

ကြိုက်တဲ့နာမည် ရိုက်ချင်ရိုက်ပါ။ မရိုက်လဲရပါတယ်။ပြီးရင် install ကိုနှိပ်ပါတယ်။ ပြီးရင် Accept ပါ။ ဒါဆို install ပြီးပါပြီ။


ကျန်းမာရေးကောင်းအောင် ဇနီးမောင်နှံ အတူတူနေပါ


23 sep 2010...မြန်မာသတင်း ရပ်ဝန်း...

လိင်ဆက်ဆံမှုဟာ သင်ရဲ့စိတ်ခံစားမှုကို ကောင်းစေတာကိုတော့ သင်သိပြီးသားပါ။ ဒါပေမဲ့ Sex ဟာ သင်နဲ့ သင့်အမျိုးသား ကျန်းမာရေး အတွက် နည်းပေါင်းများစွာနဲ့ ကောင်းမွန်စေတာကိုတော့ သင်သိသေးမှာ မဟုတ်ပါဘူး။ သိပ္ပံ ပညာရှင်တွေရဲ့ အဆိုအရ လိင်ဆက်ဆံမှု ပြုလုပ်စဉ်မှာ ခန္ဓာကိုယ်မှ ဟော်မုန်းတွေ ထွက်လာတာကြောင့် နာကျင်မှု သက်သာကာ ကင်ဆာ ဖြစ်နိုင်ခြေ နည်းတာ၊ ခုခံအားစနစ် ကောင်းမွန်တာနဲ့ မီးယပ်သွေးဆုံး ဝေဒနာပါ သက်သာနိုင်ကြောင်း သိရပါတယ်။

(၁) နာတာရှည် နာကျင်မှုကို လျော့ကျစေပါတယ်
သင်ခေါင်းကိုက်နေစဉ်မှာ လိင်ဆက်ဆံမှု ပြုလုပ်ပါ။ သင်ရဲ့ ယောနိနံရံနဲ့ အစေ့ကို နှိုးဆွပေးတာကြောင့် သင့်ခန္ဓာကိုယ်အတွင်း Endorphins၊ ကော်တီကို စတီးရွိုက်နဲ့ အကိုက်အခဲ သက်သာတဲ့ ပစ္စည်းတွေ ထွက်ရှိလာပါတယ်။ ဒါကြောင့် လိင်ကိစ္စ အထွတ်အထိပ် ရောက်နေစဉ်မှာ နာကျင်မှုကို ခံနိုင်ရည်ရှိမှု နှစ်ဆပိုများသွားတယ်လို့ သုတေသန ပြုသူတွေက ဆိုပါတယ်။

(၂) သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်
လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ်ကို ရောက်နေစဉ်မှာ သင့်ရဲ့ ပျော်ရွှင်မှု ဟော်မုန်းအဆင့်တွေ မြင့်တက်လာပါတယ်။ ပျော်ရွှင်မှု ဟော်မုန်းတွေ ဖြစ်တဲ့ Oxytocin နဲ့ DHEA တွေဟာ သားမြတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

လေ့လာမှု တစ်ခု အရ တစ်လကို တစ်ကြိမ်ထက် ပိုပြီး လိင်ဆက်ဆံမှု ပြုလုပ်တဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု ပြုလုပ်တာ နည်းတဲ့ အမျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနည်းတယ်လို့ သိရပါတယ်။ ဂရိမှ သုတေသန ပြုသူတွေကလည်း အသက်(၅၀) အရွယ်မှာ လိင်ကိစ္စ အထွတ်အထိပ် ရရှိမှု တစ်လကို အနည်းဆုံး ခုနစ်ကြိမ် ရရှိသူ အမျိုးသားတွေဟာလည်း အမျိုးသား သားမြတ်ကင်ဆာ (Male Breast Cancer)ဖြစ်နိုင်ခြေ သိသိသာသာနည်းတာကို တွေ့ရှိခဲ့ပါတယ်။

(၃) သင့်နှလုံး ကျန်းမာစေပါတယ်
လိင်ဆက်ဆံမှု ပြုလုပ်တာဟာ လမ်းမြန်မြန်လျှောက်သလိုမျိုး အတော်အသင့် လေ့ကျင့်ခန်း ဖြစ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်း လုပ်သလိုမျိုးပါပဲ။ ပြင်းပြင်းထန်ထန် လုပ်နိုင်လေ ကျန်းမာရေး အတွက် အကျိုးပိုရှိလေပါ။ လိင်ကိစ္စ အထွတ်အထိပ်ရောက်ရင် သင့်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၁၁၀ အထိ ရောက်နိုင်တာမို့ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ရွရွလေး ပြေးရင် ရရှိတဲ့ နှလုံးခုန်နှုန်းနဲ့ နှိုင်းယှဉ်နိုင်တဲ့ အကျိုးကျေးဇူးပါ။

(၄) ဆီးကျိတ်ကို ကာကွယ်ပေး နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် သုက်လွှတ်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဟာ သုက်လွှတ်နည်းတဲ့ အမျိုးသားတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ နည်းပါတယ်လို့ သြစတြေးလျမှ လေ့လာမှု အရ သိရပါတယ်။ ရေပိုက်ထဲကရေဟာ စီးဆင်းနေရင် ပိုက်အတွင်း ပိတ်ဆို့မှု နည်းနေသလိုမျိုးပေါ့လို့ Alriarado ဆေးရုံမှ MD.Irwin ကပြောပါတယ်။

(၅) စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
စိတ်ဖိစီးမှုများ နိုင်တဲ့ ရက်မတိုင်ခင် နှစ်ပတ်အလိုမှာ ဖိုမဆက်ဆံရေး လုပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ လူအများရှေ့ စကားထွက်ပြောရာမှာ ချောမွေ့နိုင်ပြီး စိတ်တွက် တွက်ချက်ရာမှာလည်း အဆင်ပြေတယ်လို့ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။

လူအများရှေ့မှာ စကားပြောနေစဉ် သူတို့ရဲ့ အပေါ်သွေး ဖိအားမြင့်တက်မှု နည်းပြီး ပုံမှန်အဆင့် ပြန်ရောက်တာဟာလည်း ဖိုမဆက်ဆံမှု မလုပ်သူတွေထက် ပိုမြန်တယ်လို့ ဆိုပါတယ်။ လိင်ဆက်ဆံမှု လုပ်တာကြောင့် ဦးနှောက်လုပ်ငန်းတွေ ပိုမိုအလုပ်လုပ် နိုင်တာကြောင့်ပါ။ တခြားအကြောင်းတစ်ခုက လိင်ဆက်ဆံမှုကြောင့် အရေးကြီးတဲ့ အာရုံကြောတွေကို လှုံ့ဆော်နိုင်လို့ပါ ဆိုပါတယ်။

(၆) သင်ရဲ့ ခုခံအားစနစ်ကို ကောင်းမွန်စေပါတယ်
တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် လိင်ဆက်ဆံမှု ပြုလုပ်သူတွေဟာ မလုပ်တဲ့ သူတွေထက် ရောဂါပိုးကို တွန်းလှန်နိုင်တဲ့ ပဋိပစ္စည်း ၃၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသနပြုသူတွေက တွေ့ရှိခဲ့ပါတယ်။ လိင်စိတ်ကြွဖို့ နှိုးဆွနေစဉ်နဲ့ လိင်ကိစ္စ အထွတ်အထိပ် ရောက်နေတဲ့ အမျိုးသားတွေကို သွေးဖောက်စစ်ကြည့်ရာ ရောဂါပိုးကို တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥတွေ များနေတာကို တွေ့ရှိရပါတယ်။

ဒီအကျိုးသက်ရောက်မှုတွေဟာ လေ့ကျင့်ခန်းလုပ်တာနဲ့ သီချင်းနားထောင်တာလိုမျိုး စိတ်ဖိစီးမှုကို တွန်းလှန်နိုင်တဲ့ လုပ်ငန်းလိုမျိုးပဲ ရောဂါပိုးကို တွန်းလှန်ဖို့ ခန္ဓာကိုယ်မှ အချို့ပရိုတင်းအရည်တွေ ထုတ်လုပ်မှုကို မြင့်တက်စေနိုင်ပါတယ်။

(၇) မီးယပ်သွေးဆုံးစဉ်မှာ မိန်းမကိုယ်ခြောက်သွေ့မှုကို ကာကွယ်နိုင်ပါတယ်
လိင်ဆက်ဆံမှု တစ်နှစ်ကို ၁၀ကြိမ် ထက်ပိုပြီးလုပ်တဲ့ မီးယပ်သွေးဆုံးပြီးသူ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု နည်းတဲ့ အမျိုးသမီးတွေထက် မိန်းမကိုယ် သိမ်သွားခြင်း နည်းတယ်လို့ New Jersey မှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။

လိင်ဆက်ဆံလို စိတ်ပေါ်လာအောင် နှိုးဆွပေးတာကြောင့် မိန်းမကိုယ်အတွင်း သွေးတွေ ရောက်ရှိလာကာ အာဟာရနဲ့ အောက်ဆီဂျင်တွေ ရရှိစေလို့ပါ။ ခန္ဓာကိုယ်ရဲ့ အဲဒီ အစိတ်အပိုင်းကို အသုံးပြုတာကြောင့် အသက်ကြီးလာရင် အဲဒီတစ်သျှူးသိမ်သွားတာနဲ့ ကျုံ့နိုင်အားလျော့သွားတာတွေ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

လူထုသဘောထား


21 Sep 2010...ခေတ်ပြိုင်...

ယခုအခါ နအဖစစ်အစိုးရသည် တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်ပြည်သူလူထုက တခဲနက်ထောက်ခံဆန္ဒမဲပေးကာ ၎င်းတို့ကို ကိုယ်စားပြုမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ရွေးချယ်တင်မြှောက်လိုက်သည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဟု သြဂုတ်လ (၁၃) ရက်နေ့တွင် ကြေညာခဲ့ပေသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည်မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာ စောင့်ကြည့်လေ့လာခွင့်ပြုရန် … စသည့်အချက်များကို စစ်အစိုးရသာ လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားပေသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သည့် ဦးအုန်းကြိုင်က မကြာမီရက်ပိုင်းအတွင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအိမ်၌ ကျင်းပသည့် ပါတီခေါင်းဆောင်များအစည်းအဝေး၌ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့လည်း အစကတည်းက ဒါကိုလက်မခံနိုင်ဘူး၊ ပြုပြင်ပေးပါလို့ ပြောထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နည်းဥပဒေတွေဟာ အဲဒီလမ်းအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာနိုင်ငံပြည်သူလူထုဆန္ဒအတိုင်း မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိစေမယ့်ဆီကို ဦးမတည်နိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြေညာထားပြီးဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင် နည်းဥပဒေများမှာ ဖော်ပြထားတဲ့ ဥပဒေပါ အချက်အလက်များအတိုင်း လုပ်သားပြည်သူ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ ဒီရွေးကောက်ပွဲမှာ ဆန္ဒမဲမပေးဘဲ နေချင်လည်း နေလို့ရတယ်လို့ ကျနော်တို့ သုံးသပ်ကြောင်းလည်း ဆုံးဖြတ်ထားပါတယ်” ဟူ၍ ပြောကြားသွားသည်။

ရွေးကောက်တင်မြှောက်ခြင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တိုင်းသည်လည်း မိမိအား ထောက်ခံဆန္ဒမဲပေးလိုက်သည့် မဲဆန္ဒရှင်များအပေါ် တာဝန်ခံရမည်။ မဲဆန္ဒရှင်များအား ပေးထားသော ကတိကို ပစ်ပယ်၍မရ၊ လေးစားရပေမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြဋ္ဌာန်းထားသော ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ကြေညာစာတမ်းပါ အချက်များကို မေ့ပျောက်ပစ်၍မရသလို မဲဆန္ဒရှင်ပြည်သူလူထုအပေါ် တာဝန်ခံကတိပေးထားသည်များကို မေ့ပျောက်၍မရချေ။

ထို့အပြင် မိမိအား ရွေးချယ်တာဝန်ပေးလိုက်သော အဖွဲ့ချုပ်အပေါ်တွင်လည်း သစ္စာရှိရပေမည်။ ပြီးခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ပြောင်းကြည့်လျှင် စစ်အစိုးရအာဏာပိုင်များသည် ၁၉၈၉ ခုနှစ်က ပါတီစုံအထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခဲ့သော ဥပဒေ၊ နည်းဥပဒေများကို ယုံကြည်ခဲ့ကြ၍ မဲဆန္ဒရှင်လူထုက ဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ပေသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများကလည်း ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ကြခြင်းဖြစ်သည်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲသည် မည်သူတဦးတယောက်ကမျှ ခြိမ်းခြောက်မှု၊ အနိုင်အထက်ပြုမှု လုံးဝမရှိဘဲ မဲဆန္ဒရှင်ပြည်သူလူထုက မိမိ၏ လွတ်လပ်သော သဘောဆန္ဒအရလည်းကောင်း၊ ဒီမိုကရေစီကို လိုက်နာခံယူလိုကြ၍လည်းကောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်ပေသည်။

ပြည်တွင်းပြည်ပနှင့် အာဏာပိုင်တို့ကလည်း ၉၀ ပြည့်နှစ် ရွေးကောက်ပွဲသည် သန့်ရှင်းတရားမျှတသော ရွေးကောက်ပွဲဖြစ်သည်ဟူ၍ တရားဝင် ထုတ်ဖော်ကြေညာခဲ့ပေသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း (၂) လွှတ်တော်ဖွဲ့စည်းခြင်း ခေါင်းစဉ် ပုဒ်မ (၃) တွင် ပြဋ္ဌာန်းထားသည့် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ကို စစ်အစိုးရသည် မျက်ကွယ်ပြုကာ ပယ်ဖျက်လိုက်သည်။

ထို့နောက် ၂၀၀၈ ခုနှစ် မေလ (၂၉) ရက်နေ့တွင် နအဖစစ်အုပ်စုသည် ကြေညာချက်အမှတ် ၇/၂၀၀၈ ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးက အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း ဗိုလ်သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာချက်တွင် မလျော်သြဇာသုံး၍ အတင်းအဓမ္မ မဲထည့်ခိုင်းသည်ကို ဆန္ဒမဲပေးသူများအနက် (၉၂.၄၈) ရာခိုင်နှုန်းက ထောက်ခံဆန္ဒမဲပေးခဲ့ကြကြောင်း အရှက်မရှိ ဖော်ပြခဲ့ပြန်သည်။

နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲလို အဖြစ်ခံမည်မဟုတ်ဘဲ မနိုင်လည်းနိုင်၊ နိုင်လည်းနိုင် လုပ်မည်မှာ သေချာလှပေသည်။ နအဖစစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပ္ပွဲ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေအချာ မသိကြသေးသည့် ပြည်သူများ၊ ကြံ့ဖွံ့ပါတီဝင်များ၊ ကြံ့ဖွံ့ပါတီဝင် အလိုအလျောက် ဖြစ်ပြီးကြသည့် အစိုးရ၀န်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ စီပွားရေးကိစ္စ ကိုယ်ကျိုးစီပွားရေးကိစ္စမှလွဲ၍ တိုင်းပြည်ကိစ္စ နိုင်ငံရေးကိစ္စများကို လုံဝ စိတ်မ၀င်စားသလို ရွေးကောက်ပွဲတွင် ဘယ်ပါတီ မည်သူမည်ဝါအား မဲပေးရမည်ကို ရေလည်စွာ မဆုံးဖြတ်ရသေးသူများ၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ကာ အကျိုးစီးပွားတစုံတရာ ဖြစ်ထွန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုယ်ကျိုးကြည့် အတ္တစီးပွားရေးသမားများ၊ နိုင်ငံရေးအသိပညာ အားနည်ချို့တဲ့သူများ၊ လူနုံလူအများ၏ မဲများကို သေချာပေါက်ရရှိမည်ဟု အပိုင်တွက်ထားပုံရသည်။

မည်သို့ပင်ဆိုစေ နအဖစစ်အစိုးရသည် မိမိတို့ထုတ်ပြန်ခဲ့သော ဥပဒေကို မိမိကိုယ်တိုင် ဗြောင်ချိုးဖောက်နေသည်မှာ ထင်ရှားနေပေသည်။ စင်စစ် နအဖစစ်အစိုးရ၏ တရားဥပဒေဆိုသည်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး တက်ကြွစွာဆောင်ရွက်နေသူများ၊ ဥပဒေအကျိုးဆောင် ရှေ့နေများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ လူငယ်အဖွဲ့ဝင်များ၊ စစ်အစိုးရအား ဆန့်ကျင်သော ရဟန်းရှင်လူပြည်သူများကို အနိုင်ကျင့် အကျပ်ကိုင်၍ နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်စီရင်နေသည့် အကြမ်းဖက်ယန္တရားတခုသာ ဖြစ်ပေသည်။

အဆိုးဆုံးမှာ ၎င်းတို့ကိုယ်တိုင် ကျင်းပပြုလုပ်ပေးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ခြင်းသည် ပြည်သူလူထုအား လိမ်ညာလှည့်ဖြား သစ္စာဖောက်ခဲ့ခြင်းဖြစ်ပေသည်။ တနည်းအားဖြင့် လူထုကို ဗြောင်ကျကျ စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။ ဤသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း … “ရွေူးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့လည်း လိုသေးတယ်ဆိုတဲ့ အချက်ပါပဲ။ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်တာဟာ ထမင်းစားဖိတ်၊ ထမင်းပွဲပြင်၊ စားပွဲမှာ ထိုင်ခိုင်းပြီးမှ မစားရဘူးဆိုပြီး ထမင်းဟင်းတွေ ပြန်ပြီးသိမ်းသွားသလိုပါပဲ။ ဧည့်သည်တွေကို စော်ကားတဲ့ လုပ်ရပ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးတာဟာ ပြည်သူတရပ်လုံးကို လိမ်လည်လှည့်ဖြား စော်ကားရာရောက်ပါတယ်။”

“ပြီးတော့ အာဏာပိုင်တွေဟာ မိမိတို့ သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်နဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတာဟာ ကစားရမယ့် အရာမဟုတ်ပါဘူး။ တလေးတစားနဲ့ စောင့်ရှောက်သွားရမယ့်အရာသာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်မဖော်ဘဲ နောက်ရွေးကောက်ပွဲအသစ် ကျင်းပရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့လေသည်။

နိုင်ငံရေးဆိုသည်မှာ ရှုထောင့်တခုက ကြည့်လျှင် ဆန့်ကျင်ဘက်အင်အားစုချင်း အားစမ်းသည့် ကစားပွဲတခုဖြစ်ပေရာ ရန်သူဘက်က ရှေ့တိုးကြည့်ရန် သွေးတိုးစမ်းပါက မိမိဘက်က နောက်ဆုတ်သွားလျှင် ရန်သူသည် အတင့်ရဲကာ ရှေ့ကို ဆက်တိုးလာမည်ဖြစ်ပေသည်။

“ဒီမိုကရေစီကို တည်ဆောက်ရာ၌ ရွေးကောက်ပွဲကို မလွဲမသွေ ကျော်ဖြတ်ရမည်” “အခြေခံဥပဒေ မရှိတာထက် ရှိတာက ပိုမကောင်းဘူလား” ဟူသည့် အတွေးအခေါ်များသည် မဆလပါတီပြုတ် မိမိကိုယ်ကိုယ်မိမိ ၀ါရင့်နိုင်ငံရေးသမားဟု အမည်ခံထားသော စစ်အစိုးရလက်ကိုင်တုတ်တို့၏ ၀ါဒဖြန့်ချက်တခုသာဖြစ်ပေသည်။ ဒီမိုကရေစီလမ်းဆိုသည်မှာ ပန်ခင်းသောလမ်း မဟုတ်ပေ။ ရဟန်းရှင်လူ ပြည်သူကျောင်းသားများ၏ သွေးများဖြင့် ခင်းထားသော လမ်းသာဖြစ်ပေသည်။ ဒီမိုကရေစီကို လက်ဖြန့်တောင်း၍ ရလည်းမရပေ။ တိုင်းရင်းသားပြည်သူတရပ်လုံး စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်မှသာလျှင် ရပေမည်။ ၀ံပုလွေကဲ့သို့ ကောက်ကျစ်ယုတ်မာလှသော စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် သိုးလိုပုဂ္ဂိုလ်မျိုး စေလွှတ်၍လည်း မရနိုင်ချေ။

ဒီမိုကရေစီတိုက်ပွဲ၌ စစ်အာဏာရှင်တို့၏ ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သွေးစွန်းနေသော ပြည်သူ့တို့၏ မျက်ရည်များ၊ သွေးစွန်းနေသော ဒေါင်းအလံများ၊ သွေးစွန်းနေသော သင်္ကန်းများကို မမေ့သင့်သလို သစ္စာမမဲ့သင့်ပေ။

လောကကြီး၌ မည်သည့်အရာမျှ အလကားမရချေ။ ပြည်သူလူထုတရပ်လုံးသည် ဒီမိုကရက်တစ်နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုက်တန်သည့် ရင်းနှီးမှု၊ ညီမျှသည့် တန်ဖိုးများကို ပေးဆပ်မှသာလျှင် ရပေမည်။ တဘက်ကပေးမှ ယူမည်ဆိုလျှင် ဒီတသက် ကျွန်ုပ်တို့သည် မိမိလိုချင်သည့် ဒီမိုကရေစီကို ဘယ်သောအခါမှ ရလိမ့်မည်မဟုတ်ပေ။

ကျွန်ုပ်တို့သည် နအဖစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်ခံ၍မရသလို နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်း အတည်ပြုပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသား ဆန့်ကျင်သွားရပေမည်။ သို့မှသာလျှင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပေမည်။ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်ပါက စစ်အာဏာရှင်စနစ်အောက်တွင် ထာဝရစစ်ကျွန်အဖြစ် နွံနစ်၍ ဖိနှိပ်ညှဉ်းပန်းမှုကို ကျွန်ုပ်တို့သာမက ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်ခံရပေမည်။

ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်စနစ်ကို သွတ်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်မည်လော … သို့တည်းမဟုတ် ဂုဏ်သိက္ခာမဲ့စွာဖြင့် စစ်အာဏာရှင်စနစ်အောက်တွင် ဒူးထောက်အညံ့ခံမည်လော … ကြိုက်ရာလမ်းနှစ်သွယ်အနက် တလမ်းလမ်းကို မုချမသွေ ရွေးချယ်ရန် အချိန်သိပ်မကျန်တော့ပေ။

ရွှေဝါရောင် ဥဒါန်း (သစ်ကောင်းအိမ်)

တုံဏှိဘာဝေ နိုင်ငံမှာ (In the quiet Land) (ဒေါ်အောင်ဆန်းစုကြည်)


ဒီ တုံဏှိဘာဝေနိုင်ငံမှာ..
ဒင်းတို့ ရောင်းဝယ် ဖောက်ကားနိုင်တဲ့
လိျု့ဝှက်ချက်တွေကို
တစုံတယောက်က နားထောင်နေတယ်ဆိုတာ
ဘယ်သူမှ ပြောမပြနိုင်ဘူး။

သတင်းတွေကို
ဒီနိုင်ငံရဲ့ သွေးတွေနဲ့ ပေးချေ၊
အာဏာရှင်တွေရဲ့ အားနည်းချက်ကိုတောင်
ဘယ်သူမှ မပြောရဲကြဘူး။

ဒီတုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ဘယ်သူမှ မရယ်မောဝံ့ကြသလို
ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးဝံ့ကြဘူး။

ဒီ တုံဏှိဘာဝေ မြန်မာနိုင်ငံမှာ
ရယ်မောမှုတွေကို
လူအုပ်ကြီးရဲ့ ဆိတ်ငြိမ်မှုထဲမှာ
တွေ့မြင်နိုင်ကြပါရဲ့။

ဒီတုံဏှိဘာဝေနိုင်ငံမှာ
သူတို့ကို ခေါ်ဆောင်သွားမယ့်
စစ်သားတွေလာနေတာတောင်
ဘယ်သူတစ်ဦးတစ်ယောက်ကမျှ
ပြောမပြနိုင်ပေဘူး။

တရုတ်တွေက
လမ်းတွေကို လိုချင်တယ်....
ပြင်သစ်တွေကတော့
လောင်စာဆီကို လိုချင်တယ်..
ထိုင်းတွေက
သစ်တွေကို ယူတယ်...
နအဖ ကတော့
အမြတ်အစွန်းတွေကို ယူတယ်လေ...။

ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
ဟော့ဒီ တုံဏှိဘာဝေနိုင်ငံမှာလေ..
လူသတ်သမားတွေကြောင့်
တေမိဇာတ် ခင်းနေရတာ...
စိုးရိမ်မှုတွေ ဖုံးလွှမ်းနေတာကို
မကြားသိနိုင်ပေဘူး။

ဒါပေမဲ့
ဘယ်လိုပဲ အင်အားသုံးသုံး
လွပ်လပ်မှုအသံကိုတော့
လူညာတွေ လိမ်လို့ မရသလို
ဘယ်လိုအသံမျိုးနဲ့မှလည်း
မဖုံးလွှမ်းနိုင်ပေဘူး...။

ဒေါ်အောင်ဆန်းစုကြည်
(အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့)
(မြန်မာပြန်..ဖေသက်နီ)

အကယ်၍............(ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်)


မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ..

ဒါမှမဟုတ်
မင်းဘဝ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် ..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် ..
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် ..
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင် ..

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် ..
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်..
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင် ..

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်..
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင် ..

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် ..
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင် ..

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ..

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးကကြွဘူးဆိုရင် ..

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင် ..

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် ..

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် ..

ငါ့သားရေ ..
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ ..
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့ ..

Rudyard Kipling
ဘာသာပြန် ဒေါ်အောင်ဆန်းစုကြည်

မိခင်၏ နှောင်ကြိုးကို ဖြေပါအံ့ (အောင်ဆန်းစုကြည်)


သည်းစွာသောအနာကို ကုစားပါအံ့
သမီး၏ လုံးလဝီရီယဖြင့် နာလန်ထူပါစေအံ့...

မွေးကျေးဇူးကို မသိတတ်သော
ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင်နိုင်စွမ်းကို
သမီးအားပေးပါလေ...

တွေ့ရအံ့သော ဘေးရန်တို့ကို
သမီးထီမည်မဟုတ်...

တဘဝတွင် တခါသာသေရသည်ဖြစ်၍
အဘယ်နည်းနှင့်သေရသည်ဖြစ်စေ
သမီး၌မထူးခြား...

သမီး၏ စိတ်ကူးတို့သည်
အကယ်အဖြစ်သို့ ရောက်သောအချိန်တွင်
အသင်တို့သည်လည်း ပျော်မြူးကြရမည်...

အခြားအခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီးရွံရှာခြင်း
နာမည်ဖျက်ခြင်းတို့ကို
သမီး အလျဉ်း ဂရုမပြု.

မိခင်ထံမှ ဒါမှငါ့သမီး ဟူသော
ကျုးရင့်သံကိုသာ တောင့်တပါ၏...

လောကတွင် မိခင်၏ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏။ ။

အောင်ဆန်းစုကြည်

သစ္စာ(မင်းကိုနိုင်)


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည်သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေးတော်လှန်ရေးတွင်
ကျွန်ုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ဝိညာဉ်ပူးကပ်ဝင်၍
ကျွန်ုပ်အားထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာပြုမိပါလျှင်
အသင်တို့ ၏မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးအတွက်
ကျွန်ုပ်အသက်လမ်းတဝက်မှ ပေးဆပ်ရလည်း
လူဘုံလမ်းခွဲ ဝမ်းမနည်းဘဲ
တာဝန်တရပ်ကျေပြွန်မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွန်ုပ်လာမည်
ရင်ဖွင့် ကြိုကြပါလေ။

မင်းကိုနိုင်

ကြယ်ကြွေသတို့သား (မင်းကိုနိုင်)


သူငယ်ချင်း
မင်းဟာ ယုံကြည်ရာကို
ရင်သွေးလိုလည်း မွေးခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ဒဏ်ရာတွေကို
ဆီမီးလိုလည်း ထွန်းခဲ့တယ်။

သူငယ်ချင်း
မင်းဟာ ကိုယ့်အနာ
ကိုယ့်လျှာနဲ့ ပြန်သပ်
ရှင်တတ်ခဲ့ပြီးပြီပဲ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကို အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်လို့
ကျကျနန လှခဲ့ပြီးပြီပဲ။

သူငယ်ချင်း
သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေတဲ့
ဟောဒီကမ္ဘာမြေရဲ့ အနာတရတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
လက်ဖဝါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓာတ်ပြားထဲ
မင်းရဲ့ ကဗျာတွေ
မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။

သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတဝိုက်
ဒေါင်းအလံ ပြန်စိုက်တဲ့တစ်နေ့
ငါတို့ .......... ။

မင်းကိုနိုင်
(၂ဝဝ၇ သြဂုတ်လ ၇ရက်နေ့က တာရာမင်းဝေရဲ့ ဈာပနမှာ
၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား မင်းကိုနိုင် ရေးဖွဲ့ ရွတ်ဆိုတဲ့ကဗျာ)

ဥဒါန်း ( ရွှေဘုန်းလူ)



ပြာဝင်းဝိုးဝါးတဲ့
ဆောင်းနှင်းများကသာ
သမိုင်းရဲ့ ဘာသာစကားဖြစ်မယ်ဆိုရင်
တလိမ့်လိမ့် ခယွင်းတဲ့
သွေးနှင်းစက်တွေ
တို့ မြေမှာမှိုင်းမှိုင်းဝေရော့မယ်။

သေသူရဲ့ အရိုးတွေက
ရှင်သူကို ဘာလုပ်ရ မယ်လို့ 
အံ့ချီးဖွဖွ ရည်ညွှန်းကြတာ
သမိုင်းလို့ ဆိုရမယ်။

ရာဇဝင်ဆိုးရဲ့
အရိုးတွန်သံ
ဘယ်သူ့ထံပါး
သယ်ဆောင်သွားမလဲ နှင်းတို့ ရယ်။

ဒီဘက် ကမ္ဘာခေတ်ရဲ့ 
ရဲရင့်တဲ့ သမိုင်းကြောင်းဟာ
တို့ ပြည်က ကျောင်းသားအလောင်းတွေဆီမှာ ရှိတယ်။

သားပျောက်ရှာနေတဲ့ အမေကို
သူ့ အောက်က မြေက
'မေမေ' လို့  တိုးတိုးလေးခေါ်နေတယ်
မေမေရယ် မေမေရယ် မေမေရယ် ။

ဇာဘုရင်ရဲ့ စနစ်ဆိုးကြောင့်
ပြည့်တန်ဆာဖြစ်ရတဲ့
ရုရှားမလေးဟာ
အိပ်ရာထဲမှာ ငိုနေတယ်၊

နေဝင်းရဲ့ စနစ်ကြောင့်
သူပုန်ဖြစ်ရတဲ့ ကျောင်းသားတွေ
လမ်းမပေါ်မှာ တိုက်ပွဲဝင်နေတယ်။

ဒီနေ့ ပွဲဟာ
ရှုံးရှုံး နိုင်နိုင်
ယှဉ်ပြိုင်ခြင်းသာ အဓိက ဆိုတဲ့ ပွဲမဟုတ်ဘူး

သူသေကိုယ်သေ အပြိုင်နွှဲ
ဝိညာဉ်ချင်း ရိုက်ခွဲတဲ့ ပွဲ ဖြစ်တယ်။

'ဟေ့ ကြိုးစင်'
ငါ ရင်ကော့ပြီး လာခဲ့မယ်။

ရွှေဘုန်းလူ

၃ နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနား ဖိတ်ကြားစာ.. (ဂျပန်)

Banana Diets ငှက်ပျောသီး-အာဟာရ


“Blog တခုထဲက Japan မှာ breakfast ကို banana + Pure water နေ့ တိုင်းစားရင် ၆ လ မှာ ၁၃ ကီလို ကျတယ်လို့  ဖတ်ရပါတယ်။ ဘယ်လို မြင်ပါသလဲ၊ ဖြစ်နိုင်ပါသလား ဆရာ။ အရမ်း လွယ်နေလို့ ပါ။”

ဒါက (ဘလော့ခ်) မိတ်ဆွေကနေ “ရှယ်” လိုက်တာ။ သူပြောလာတာ ဆရာပြန်လုပ်ဘို့ ရှာတော့ မနက်စာကို ငှက်ပျောသီး စားနိုင်သလောက် ပြောတာ တွေ့ရသလို တလုံးထဲ စားပါလည်း ဖတ်ရတယ်။ ပြီးရင် အခန်း အပူချိန်သာရှိတဲ့ ရိုးရိုးရေ သောက်ပါတဲ့။ နေ့လည်စာ နဲ့ ညစာ ကြိုက်တာ သုံးဆောင်ပါတဲ့။ ညနေ ၃ နာရီ အဆာပြေလည်း သဘောဘဲတဲ့။ အဲ့ အချိုတည်းတာတော့ မဟဲနဲ့တဲ့။ ပြီးရင် သန်းခေါင် မတိုင်ခင် အိပ်ပါတဲ့။ ဟုတ်ပ လွယ်လိုက်၊ ရှင်းလိုက်တာ။

ရေးထားတာထဲမှာ ဇီဝဖြစ်စဉ် Metabolism ကောင်းစေတယ် ဆိုတာလည်း ပါသေးတယ်။ ဂျပန် ဆေးပညာ-ပါမောက္ခ ကနေ ထုတ်တဲ့ မေးခွန်းကိုတော့ ဂျပန်တွေက မသိချင်ရောင် ဆောင်ကြဆိုဘဲ။ ကိန်းဂဏန်းနဲ့ တိုးတက်လာတာကတော့ တိုင်ဝမ် နဲ့ ဖိလစ်ပိုင်ကလာတဲ့ ငှက်ပျောသီး (အင်ပို့တ်) ဖြစ်တယ်။ အရောင်းက ၈၀% တက်သွားစေလို့တဲ့။

သတင်းထောက် Mary-Liz Shaw ကရေးတော့ ငှက်ပျောသီး-အာဟာရကို ၁၉၇၀ ကတည်းကလို့ သိရတယ်။ တစ္ဆေ၀တ္ထု ရေးတဲ့ စာရေးဆရာ (ကလစ်ဖို့-သာလော) ကနေ ၁၉၉၅ မှာ The Amazingly Simple Banana Diet စာအုပ် ရေးတယ်။ ၂၀၀၈ အောက်တိုဘာ လလယ်ထုတ် (တိုင်းမ်) မှာလဲ Japan Goes Bananas for a New Diet လို့ ပါခဲ့တယ်။ သုံးထားတဲ့ အင်္ဂလိပ် စကားစုက Go crazy နဲ့ အတူတူမို့ ဗမာလိုဆို “အရူးထကြတယ်” လို့ ပြောတာပါ။

မီဒီယာ ဆိုတာက ဘယ်သူ အရူးထထ ရေးစရာ ရတာကိုး။ အကိုးအကားလည်း ပါသေးတာ။ ငှက်ပျောသီးမှာ ကဇီဓါတ် ကနေ အဆီဓါတ် ပြောင်းပေမဲ့ဟာကို တားနိုင်တဲ့ Resistant starch ပါသတဲ့။ ဒါ့ကြောင့် အပိုဆောင်းထားတဲ့ အဆီတွေကို ထုတ်သုံးလိမ့်မယ်ပေါ့။

ရေးတဲ့သူ ရှိတော့ မေးတဲ့-ဖြေတဲ့သူတွေလည်း ပေါ်လာတယ်။
Will the Morning Banana Diet make you thin? ငှက်ပျောသီးနဲ့ (ဘရိတ်ဖတ်) ရင် (၀ိတ်) ကျမယ်ဆိုတာ ဟုတ်ပါလား။
Maybe… ဟုတ်ချင်လဲ ဟုတ်မှာပေါ့လေ။ သုတေသနတွေတော့ တလှေကြီး လိုအုံးမယ်။
Is the Morning Banana Diet hazardous? အဲဒါက အန္ကရာယ်ကင်းရဲ့လား။
Probably not ကင်းလောက်တယ် ထင်တာဘဲ။
Are you going to try it? ဒါဆို ခင်ဗျားက စမ်းတော့မယ်ပေါ့။
Sorry ဟင့်အင်း။

သိပ္ပံနည်းကျကျ ရေးပြတာတွေလည်း ဖတ်ပါအုံး။ ငှက်ပျောသီးမှာ Resistant starch ဆိုတဲ့ (ကလိုရီ) အစား လျှော့စေတာ သာမက (စပါယ်ရှယ်) ကျတာလည်း ရှိသေးသတဲ့။ သူ့ကို အူမကြီးထဲမှာ ကစော်ပေါက်သလို ဖြစ်သွားရင် တခြား (ဖိုင်ဗာ) ပါတဲ့ အစားတွေထက် Butyrate ဆိုတာကို ပိုထုတ်ပေးတယ်။ ဒါကနေ ဟော်မုန်းတမျိုး ဖြစ်စေအောင် လုပ်ပေးတယ်။ Satiety hormones က စားချင်နေတယ်-စားလို့ဝပြီ ဆိုတာ ဖြစ်စေပါတယ်။ သူ့လိုဘဲ ပြောင်းကနေရတဲ့ Hi-maize resistant starch စားရင် ၂၄ နာရီအတွင်းမှာ (ကယ်လိုရီ) ၁၀% လောက် လျှော့စားသတဲ့။ ဘာလီစေ့ကနေ ရတာကလဲ အဲလို သဘောရှိတယ်၊ နောက်နေ့မှာ ခါတိုင်းလောက် မဆာဘူးတဲ့။

ဒါပေမဲ့ အခု (ယူအက်စ်-အိုးပင်း-တင်းနစ်) ဖိုင်နယ်နေ့ ရောက်ပြီ။ တင်းနစ် ကစားသူတွေ ငှက်ပျေားသီး တကိုက်စား၊ နားတာ တွေ့ဘူးကြပါလိမ့်မယ်။ ကိုယ်တွေ့ ပြောရရင် တင်းနစ် ကစားရင် ငှက်ပျောသီးစားတဲ့နေ့ Hypoglycemia ရလို့ သကြားဓါတ် နည်းပြီး ဆက်မကစားနိုင်ပါ။ တခါမကပါ၊ အခါခါ အဲလိုသာဖြစ်တယ်။

Banana Diets ကို ဆန်းစစ်ရအောင်။ အာဟာရ-ဥပဒေသ Food Rules အရ မနက်စောစောစာ ငှက်ပျောသီး ၁ လုံးစားပါ။ ၁ လုံးမကဖြစ်ဖြစ် တခြား အသီးဖြစ်ဖြစ်လည်း စားလို့ရတယ်။ ၁၅-၃၀ မိနစ် စောင့်ပြီး၊ ဆာသေးရင် တခုခုစားလို့ ရပါတယ်။ နေ့စာ-ညစာ ကြိုက်ရာမှာစား၊ အချိုပွဲသာ မပါနဲ့။ အခန်းအပူချိန်ရှိ ရေသာသောက်၊ ၀ိုင်-ဘီယာ ဘာမှ မသောက်ပါနဲ့။

Other Rules ထပ်ဆောင်းဥပဒေ၊ ညကိုတော့ သန်းခေါင်ထက် ညဥ့်မနက်စေနဲ့။ ညစာကျေချက်အောင် လိုတဲ့ ၄ နာရီထက် ပိုရင် ပြန်ဆာလာမှာ စိုးလို့။ လေ့ကျင့်ခန်းတောင် လုပ်မနေနဲ့။ အဲ့ နေ့တိုင်း နဲနဲ လမ်းလျှောက်တာတော့ ကောင်းတယ်။

CBS News မှာ အာဟာရကျွမ်းကျင်သူ Kerri Glassman ကနေ Morning Banana Diet ဆိုတာ Fad diet ပါလို့ ပြောချ လိုက်တယ်။ သူပြောချင်တာက ဒါမှ ဒါလို့ ပြောပြီး တခုထဲ အပေါ်သာ ဦးစေားပေးတဲ့ (ပေါ်ပြူလာ) ၀ိတ်ချနည်းဘဲတဲ့။ ရေရှည်မှာ မှေးမှိန်သွားလိမ့်မယ်တဲ့။ သေခြာတာက ငှက်ပျောသီးမှာ ဖိုင်ဗာ ပါတယ်။ ပိုတက်ဆီယမ် ပါတယ်။ ပရိုတင်း ပါတယ်။ ဒါတွေက အင်မတန် ကောင်းတယ်။ ဒါပေမဲ့ တခြား Grapefruit fad diet နဲ့ Cabbage Soup diet တွေလို အတူတူဘဲ မျက်လှည့်လို တမဟုတ်ခြင်း ပြောင်းသွား-ကောင်းသွားမှာ မဟုတ်ဘူးလို့ အမျိုးသမီးက ဆိုပါတယ်။

ဒါ့ပြင် တကယ်လို့ ငှက်ပျောသီးလေး ၁ လုံးစားပြီး၊ Pizza တို့ Fries တို့ ကြိုက်တာ စားမဲ့သူတွေအတွက်က Disaster ဒုက္ခ အကြီးအကျယ် ကျရောက်စေနိုင်ပါသတဲ့။

ရုပ်ရှင်မင်းသမီး ဒီနည်းနဲ့ ၂၆ ပေါင် ကျသွားလို့ ဂျပန်မှာ နာမည်ကြီးသွားရတာ ဖြစ်နိုင်ပါတယ်။ ဂျပန်မလေးတွေ လိုက် အတုခိုးကြတယ်။ ခေတ်မီပြီး Trendy ဖြစ်တာကိုး။ ၃၇ ပေါင်ကျသွားတဲ့ Watanabe အကြောင်းကို ရေးပေးတဲ့ Mixi (ဆိုရှယ်-နက်တ်ဝပ်ခ်) ကျေးဇူးလို့လည်း ပြောနိုင်ပါတယ်။ ဆရာတို့ခေတ်က Trend တွေ အတော် အောက်သွားပြီ မဟုတ်လား။

Dr. တင့်ဆွေ

Photo sticker လုပ်နည်းလေးပါ

Written by Moe Pyay Lay...ဓါတ်ပုံ sticker လေးတွေက အတော်များများရိုက်တတ်ကြပါတယ် လုပ်ဖို့ခက်သလားဆိုတော့လည်း မခက်ပါဘူး ကိုယ့်ဓါတ်ပုံရိုက်ပြီးသားကို sticker လှလှလေးလုပ်ချင်ရင်လည်းအဆင်ပြေတာပေါ့... ခုနောက်ပိုင်း ကင်မရာအသေးလေးတွေမှာ frame လေးတွေပါပြီးသား ပါလာပါတယ် ဒါပေမယ့် ဒါကလည်း သိပ်ပြီး update လုပ်မရတာမို့ photoshop နဲ့မကင်းကြသေးပါဘူး ကဲ ... ဒါဖြင့် frame လှလှလေးတွေလိုတာပေါ့ ဘယ်ကရမလဲ သွားဝယ်လိုက်ပါ Laughing DVD တစ်ခွေမှ 1000 ပဲပေးရပါတယ် ကို့ဆီမှာ အင်တာနက်ကြီး ရှိနေလို့ ဒေါင်းမယ် ဒါမှမဟုတ် ဆိုင်ကဟာတွေနဲ့မတူချင်လို့ စိတ်ကြိုက်ရှာချင်တယ်ဆိုရင်လည်း

http://www.downturk.info
http://www.softpk.com/graphics/
http://all-free-download.com/
အစရှိတဲ့ဆိုဒ်တွေမှာ photoshop နဲ့ပက်သက်တာတွေကို ဒေါင်းနိုင်ပါတယ် ဒါကိုမှမကြိုက်သေးရင်လည်း google မှာ free photoshop frame လို့ရှာလိုက်ရင် အများကြီးတွေ့ရမှာပါ..  ဒီလောက်လွယ်နေမှတော့ sticker ပုံလေးလုပ်ကြည့်ရအောင်..အရင်ဆုံး ဓါတ်ပုံတစ်ပုံဖွင့်လိုက်ပါတယ် size က 3x2 ဖြစ်တဲ့အတွက် cropရာမှာ Width 3 Height 2 resolution 300 ထားပြီးcropလိုက်ပါတယ်။ လိုင်စင်ပုံလိုပါပဲ။ မျက်နှာသန့်ပါတယ် မျက်နှာသန့်တယ်ဆိုတာက Patch လုပ်တာကိုပြောတာပါ ပြီးရင် Curve(Ctrl+M) နဲ့ဖွေးအောင်လုပ်လိုက်ပါတယ်။ ဒါက ဓါတ်ပုံတိုင်း ပုံမှန်အလုပ်ပါ (အလင်းအမှောင် ဦးစားပေးသောPhoto မှလွဲပြီး)။ ဒါက sticker ဖြစ်တော့ 3x2 ပဲရှိတဲ့အတွက် သိပ်တော့ မလုပ်ရပါဘူး။ sticker ပုံတွေဟာ အောက်ခံစက္ကူကလဲ လင်းပါတယ် အပေါ်မှာ ကပ်ရမယ့် ပလပ်စတစ်ကလဲ နှင်းမှုန်ဆိုရင် ဖွေးပါတယ် ဒီလိုဆိုရင်တော့ ဓါတ်ပုံကို သိပ်မဖြူပါဘူး sticker သားနဲ့မလိုချင်ဘူး ရိုးရိုး ဓါတ်ပုံသားနဲ့ဆိုရင်တော့ အလင်းနဲနဲပိုတင်ထားပါ။ ပုံထုတ်ခါနီးမှ စိတ်ပြောင်းသွားတယ် ဆိုရင်လည်း Printer Setting ထဲ အလင်းအတိုး အလျော့လုပ်နိုင်ပါသေးတယ်..

Patch , Curve မလုပ်မီ                                                                                      Patch , Curve လုပ်ပြီး

ပြီးရင်တော့ frame ထဲထည့်ပါမယ် ဒါကတော့နှစ်သက်တဲ့ထည့်မယ့် frame အမျိုးအစားပေါ်မူတည်ပါတယ် အခု Psd အမျိုးအစား Frame တစ်ခုရွေးလိုက်ပါတယ် ဒါကိုလည်း 3x2  resolution 300 သတ်မှတ်လိုက်ပါတယ်။ ပန်းချီကားပေါ်မှာ သူ့မျက်နှာကိုတင်ချင်ပါတယ်။ဒါကြောင့်ပန်းချီကားရှိတဲ့ layer ကဘယ်လောက်လဲကြည့်လိုက်ပါတယ် layer 6 ပါ ဒါဆို သူ့မျက်နှာကို layer 6 နဲ့ layer 7 ကြားထဲထည့်ပါမယ်။

မျက်နှာပုံရှိတဲ့ jpg file ကိုပြန်သွားပြီး Select all (Ctrl+A) နှိပ်လိုက်ပါတယ် ပြီးရင် psd file ကိုပြန်ဖွင့်ပြီး layer 6 ကို select လုပ်ပါတယ် ပြီးရင် Edit--->Paste(Ctrl+V) နှိပ်လိုက်ပါတယ် ဒါဆို ပန်းချီကားပေါ် သူ့မျက်နှာရောက်လာပါပြီး size ပြင်ဖို့အတွက် Transform (Ctrl+T) နှိပ် အနေအထားမပျက်အောင် shift key ကိုဖိပြီး ပန်းချီကားနဲ့အနေတော်ဖြစ်အောင် size ကိုသေးလိုက်ပါတယ်။

ပြီးရင် ထောင့်တစ်နေရာရာကနေကိုင်ပြီး အနီးစပ်ဆုံးအနေအထားရအောင်လှည့်လိုက်ပါတယ်။

ပန်းချီကားပေါ် နေရာတကျဖြစ်အောင်လုပ်ဖို့ Transform (Ctrl+T) ထပ်နှိပ်ပါတယ် ဒီနေရာမှာ Edit--->Transform---->Distort ကိုနှိပ်ပြီး ထောင့်တွေကို အဆင်ပြေသလို ဆွဲယူနိုင်ပါတယ် အလွယ်တကူ Ctrl key ဖိထားပြီး ထောင့်တွေကို ရွှေ့ယူလဲရပါတယ် ကြိုက်တဲ့နည်းနဲ့သာလုပ်ပါ

အဆင်ပြေအောင်နေရာချပြီးရင်တော့ sticker တစ်ပုံရလာပါပြီ ဒီပုံမှာ ပန်းချီဆန်ချင်ရင်တော့ layer 6 အပေါ်ကိုမပို့ဘဲ layer 6 အောက်မှာ ဓါတ်ပုံကိုထားပြီး layer 6 ကို ပါးထားလိုက်ရင်လည်း တစ်မျိုးဆန်းတဲ့ပုံလေးရမှာပါ layer တွေ ပါးတာကိုတော့ နောက်ပုံတွေမှပဲ ပြပါ့မယ် ဒီမှာတော့အလွယ်ပဲ လုပ်လိုက်ရအောင်ပါ။


နောက်တစ်ပုံလုပ်တော့မယ်ဆိုတော့ အစောကလို psd file မရွေးတော့ပါဘူး ပုံမှန်အားဖြင့် သုံးနေကျဖြစ်တဲ့ png file ကိုပဲသုံးပါတော့မယ်
ဒီတစ်ခါ ပုံကအရှည်ဖြစ်နေပါတယ် ဒီတော့ crop လုပ်ရာမှာ 3x2 မဟုတ်ပဲ 2x3 ထားရမှာဖြစ်တဲ့အတွက် ပုံမှာပြထားတဲ့ swaps Height and Width ကိုတစ်ချက်နှိပ်ပါတယ် ဒါဆိုရင် 2x3 ဖြစ်ပါပြီ ဒီတော့ မှပုံကို crop လုပ်ပါတယ် ဒီတစ်ခါ ပုံက တစ်ကိုယ်လုံးဖြစ်နေတဲ့အတွက် Patch မလုပ်တော့ပါဘူး Curve(Ctrl+M) ပဲ တင်လိုက်ပါတယ် ပြီးရင်အသုံးပြုမယ့် frame ကိုလဲ crop လုပ်လိုက်ပါပြီ

ဒီတစ်ခါ copy paste (လုပ်ရင်လည်းရပါတယ်) မလုပ်ပဲ image ကို drag ဆွဲပြီး သုံးမယ့် frame ထဲထည့်လိုက်ပါတယ်

သုံးမယ့် frame အောက်ဖက်မှာ ဓါတ်ပုံရှိနေရပါမယ် မရှိရင် ပုံကို အပေါ်တင်လိုက်ပါ ပြီးရင် နေရာတကျဖြစ်အောင် ရွှေ့ပေးလိုက်ပါတယ်

ဒါဆိုရင်တော့ sticker လေးတစ်ပုံရလာပြီပေါ့ လွယ်လိုက်တာနော် Tongue out

ဒီတစ်ခါလည်း အပေါ်ကလိုပဲ png လေးနဲ့ sticker တစ်ပုံလုပ်ပါတယ်
Frame ထဲထည့်လိုက်တဲ့အခါမှာ တစ်ဖက်က ပန်းပါနေတဲ့အတွက် ဓါတ်ပုံကို အခြားတစ်ဖက်ကို ကပ်လိုက်ပါတယ် အဲဒီမှာ စတွေ့တာပဲInnocent ဓါတ်ပုံသားက တစ်ဖက်ကို ကပ်လိုက်တဲ့အတွက် ဘေးမှာလိုသွားပါပြီ ဖြည့်ရပါတော့မယ့် ဒါကတော့ တစ်ရောင်တည်းဖြစ်နေတဲ့အတွက် တော်ပါသေးတယ် နောက်ခံက ကာလာတွေရောနေရင် ဆေးပုံလောင်းဖြည့်လို့လဲရမယ် မဟုတ်ပါဘူး ဒီတော့ ဒီလိုလုပ်လိုက်ပါတယ် သူ့ရဲ့ ဘေးကနောက်ခံ အသားအနည်းငယ်ကို select လုပ်ပါ။

သူ့ရဲ့ ဘေးကနောက်ခံ အသားအနည်းငယ်ကို select လုပ်ပါ။

ပြီးရင် Transform (Ctrl+T) နှိပ်ပြီး ဘေးကိုလိုသလောက်ဆွဲလိုက်ပါတယ်

ဒါဆိုရင် sticker လေး တစ်ခုရသွားပြန်ပါပြီ

ဒီလိုနဲ့ sticker ၄ခု ပြည့်သွားပြီဆိုရင်တော့ 4x6 resolution 300 ရှိတဲ့ အသစ်တစ်ခုယူပြီး sticker ၄ခုပြည့်အောင် စီလိုက်ပါတယ် ပုံထုတ်လို့ရပါပြီနော်

မှတ်ချက်။    ။ပုံတစ်ပုံချင်း Save လုပ်တာမဟုတ်ပဲ တစ်ခါတည်းတန်းလုပ်တဲ့သူများအတွက်ပါ Layer တွေပေါင်းချင်ရင် Layer box ထဲ right click နှိပ်ပြီး Merge down/ up လုပ်လို့ရပါတယ် ဒါမှမဟုတ် Ctrl+Eပါ။ ကိုယ်ပေါင်းချင်သလောက် layer တွေကို select လုပ်ပြီး Ctrl +E နှိပ်ရင်လည်း Select လုပ်ထားသလောက်ပေါင်းသွားမှာပါ။
Photoshop နဲ့မဟုတ်ပဲ internet မှာ sticker ပုံလေးတွေရယ် ကိုယ်ဓါတ်ပုံလေးတွေ လက်ဆော့လို့ရတဲ့ site လေးတွေပါ။
http://www.photofunia.com/
http://imikimi.com/
http://www.dumpr.net/
http://www.faceinhole.com/us/
http://www.clubdud.com/widgets/photos/celebrities
http://www.faceonbody.com/
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger