dailyvid


1234
x

Latest Post

မြန်မာစစ်ဗိုလ်ချုပ်သမီး သြစတြေးလျ မောင်းထုတ်

30 ဇွန် 2010...VOA
မြန်မာစစ်တပ်က စစ်အရာရှိကြီးတဦးရဲ့ သမီးဖြစ်သူကို သြစတြေးလျ အစိုးရက မြန်မာနိုင်ငံ ပြန်ပို့ဖို့ တရားဥပဒေကြောင်းအရ စီစဉ်နေပါတယ်။ မြန်မာ့လေတပ်က ဗိုလ်မှူးချုပ်ဇင်ယော်ဟာ သြစတြေးလျ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့ စာရင်းထဲမှာ ပါနေတာကြောင့် သြစတြေးလျနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူ့ရဲ့ သမီးဖြစ်သူကို နိုင်ငံရင်း ပြန်ပို့ဖို့ကိစ္စ ဖြစ်လာတာပါ။


ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဘန်ကောက်ကနေ စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
တပ်မတော်လေတပ်စခန်း ဌာနချုပ်မှူး တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးဖြစ်သူ အသက် ၂၅ နှစ်အရွယ် မဇင်မွန်အေးဟာ ကိုယ့်ရဲ့ မိသားစု အချက်အလက် အမှန်တွေကို ဖုံးကွယ် ပြောင်းလဲပြီး သြစတြေးလျနိုင်ငံ အနောက်ပိုင်း ဆစ်ဒနီ တက္ကသိုလ်မှာ တက်ရောက်နေတာကို သြစတြေးလျ အာဏာပိုင်တွေက သိသွားတဲ့အကြောင်း၊ ဒီလို အခြေအနေတွေ ဖြစ်အောင် သြစတြေးလျရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း အစိုးရကို မကြာခဏ တိုက်တွန်းခဲ့တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားတဲ့ ဘားမားကမ်ပိန်း သြစတြေးလျအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက ရှင်းပြပါတယ်။
“မြန်မာနိုင်ငံကလာတဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေရဲ့ သားသမီးတွေက မိဘနာမည်တွေ ပြောင်းထားတာ ရှိတယ်၊ လိပ်စာတွေ ပြောင်းထားတာရှိတယ်၊ စသည်ဖြင့် သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေ ပြောင်းပြီးတော့ ဒီမှာလာပြီး ကျောင်းတက်နေကြတာ ရှိတယ်၊ စီးပွားရေး လုပ်နေကြတာ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ရဲ့ နောက်ကြောင်းကို လိုက်စုံစမ်းဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ ဒါပေမဲ့ အဲဒီ အခက်အခဲ ကြားထဲမှာပဲ ကျနော်တို့က သြစတြေးလျ အစိုးရကို ရအောင် ထောက်လှမ်း စုံစမ်းပြီး အရေးယူပါလားဆိုပြီး ကျနော်တို့က မကြာမကြာ သူတို့ကို ဆက်သွယ်ပြီးတော့ အမြဲတမ်း ဖိအားပေးပါတယ်။
“အဲဒီတော့ ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက ဆစ်ဒနီမြို့မှာရှိတဲ့ တက္ကသိုလ်ကြီးတခုမှာ ကျောင်းတက်နေတယ်။ အဲဒါကို သူတို့ သိသွားလို့ သြစတြေးလျ ထောက်လှမ်းရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဌာနတို့ ပေါင်းပြီးတော့ အခုလို ဖော်ထုတ်ပြီး အရေးယူတာပါ။”
၂၀၀၇ ခုနှစ်တုန်းက မြန်မာပြည်မှာ သံဃာတော်တွေ ဦးဆောင် ဆန္ဒပြခဲ့တဲ့ အရေးအခင်းနောက်ပိုင်း သြစတြေးလျ အစိုးရက မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စစ်အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ စုစုပေါင်း ၄၁၈ ဦးကို သြစတြေးလျကို မလာရအောင် ပြည်ဝင်ခွင့် ဗီဇာတွေကို ပိတ်ပင်ထားပြီး သူတို့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်တာတွေကို လုပ်ခဲ့တာပါ။ အခု ဗိုလ်မှူးချုပ်ဇင်ယော်ရဲ့ သမီးက သူ့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ချေပခဲ့ပေမဲ့လည်း တရားရုံးက လက်မခံလို့ မြန်မာပြည် အမြန်ဆုံးပြန်ရေး ဒီကနေ့ပဲ အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“အကြောင်းပြတာက တရားရုံးမှာ ရင်ဆိုင်ပြီးတော့ သူ့မိဘနဲ့ သူနဲ့ ဘာမှမဆိုင်ဘူး၊ သဘောထားလည်း မတူဘူး၊ သူက ပညာသင်တဲ့ ကျောင်းသူပဲဖြစ်တယ် ဆိုပြီးတော့ သူ့အနေနဲ့ လူသားချင်း စာနာတဲ့ဘက်က လျှောက်လဲတာမျိုးတွေ ရှိပေမဲ့ တရားသူကြီးတွေက အဲဒီအပေါ်မှာ လက်မခံဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက ပညာလာသင်ကြတယ်ဆိုတဲ့ နေရာမှာ ရိုးရိုးသားသား လာသင်တဲ့လူတွေကတော့ အားပေးရမှာပေါ့။
“သို့သော် မြန်မာပြည်သူတွေရဲ့ ချွေးနည်းစာတွေကို ခေါင်းပုံဖြတ်ပြီး ဒေါ်လာတွေကို သုံးဖြုန်း ပညာလာသင်နေတဲ့ ဗိုလ်ချုပ်သားသမီးတွေကျတော့ အစိုးရဘက်က လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီအကြောင်းပြချက်နဲ့ သူတို့ကို ပြန်ပို့တာ ဖြစ်ပါတယ်။ ချက်ချင်း ထွက်သွားဖို့တော့ မပြောပါဘူး။ အမြန်ဆုံး ထွက်ခွာဖို့တော့ ပြောထားပါတယ်။ အချိန်တော့ သူတို့ ပေးပါလိမ့်မယ်။”
တကယ်တော့ အခု မဇင်မွန်အေးက သြစတြေးလျကနေ မြန်မာပြည်ကို ပြန်ပို့ခံရသူတွေထဲမှာ ပထမဆုံးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ရှေ့မှာလည်း တချို့ ရှိခဲ့တဲ့အကြောင်း ဒေါက်တာမြင့်ချိုက ဆက်ပြီး ရှင်းပြပါတယ်။
“သူ့ရှေ့မှာ ၂ ယောက် ၃ ယောက် ရှိခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်သားသမီးတွေပဲ။ သူတို့ ကျောင်းတက်နေရင်းနဲ့ နောက်ဆုံး ပေါ်သွားတဲ့ အခါကြတော့ မြန်မာပြည်ကို ပြန်ပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက်တုန်းက ဖြစ်ခဲ့တာပါ။ အဲဒါမျိုးတွေ အများကြီး ရှိသေးတယ်ခင်ဗျ။ ကျနော်တို့ မြန်မာအသိုင်းအ၀ိုင်းကတော့ နီးစပ်ရာ နီးစပ်ရာ ထောက်လှမ်းစုံစမ်းပြီး အစိုးရကို အသိပေးနေတာပဲ။”
ဘားမားကမ်ပိန်း သြစတြေးလျက ဒေါက်တာမြင့်ချို ပြောပြသွားတာ ဖြစ်ပါတယ်။
တကယ်တော့ သြစတြေးလျနိုင်ငံ တခုတည်းက မြန်မာစစ်ခေါင်းဆောင်တွေရဲ့ မိသားစု အသိုင်းအ၀ိုင်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ထားတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပ နိုင်ငံတွေကလည်း ပြည်ဝင်ခွင့် ဗီဇာတွေ ပိတ်ပင်ထားတာပါ။ ဒါပေမဲ့လည်း သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေကတော့ သူတို့ရဲ့ ကိုယ်ပိုင် အချက်အလက် အထောက်အထားတွေကို ဖုံးကွယ်ပြောင်းလဲပြီး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေထဲမှာ ၀င်ရောက် နေထိုင်နေကြတာတွေ၊ ပညာသင်ကြားနေတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေက မကြာခဏ ထွက်ပေါ်နေတာပါ။ ဒါပေမဲ့ ဖော်ထုတ်ဖို့ ခက်ခဲနေလို့ အရေးယူမှုတွေ ဖြစ်မလာသေးတာလို့ မြန်မာ့အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောကြပါတယ်။

နျူကလီးယား အစီရင်ခံစာဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်

၃၀ ဇွန် ၂၀၁၀...(မဇ္ဈိမ)
နျူကလီးယား စစ်ဆေးရေးမှူးဟောင်း ရေးသား ပြုစုသည့် စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက် ဆိုင်ရာ အစီရင်ခံစာကို ဖတ်ပြီး ဗိုလ်ချုပ်မှူးကြီး ဒေါသ ထွက်လျက် ရှိကြောင်း သိရသည်။


ပြည်ပသို့ တိမ်းရှောင်လာသော ဗိုလ်မှူး စိုင်းသိန်းဝင်း သယ်ဆောင်လာသည့် အထောက်အထားများအပေါ် မူတည်၍ နိုင်ငံ တကာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီ ဦးဆောင်ပြုစုပြီး ဒီမိုကရက်တစ်  မြန်မာ့အသံ (DVB) က ယခုလ အစောပိုင်းတွင် အစီရင်ခံစာတခု ထုတ်ပြန်ခဲ့သည်။
“မြန်မာ့ နျူကလီးယား ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်မှုများ” အမည်ရှိ အစီရင်ခံစာတွင် စစ်အစိုးရ၏ နျူကလီးယား အစီအစဉ် များသည် “ကျွမ်းကျင် သေသပ်မှု မရှိ”၊ “အကြမ်းထည် ဆန်လွန်းသည်” ဟု ရောဘတ် ကယ်လီက ကောက်ချက် ချထားသည်။

“နျူကလီးယား ထုတ်လုပ်ရေးနှင့် ဆက်စပ်သည့် စစ်ဌာနချုပ် များတွင် လက်တွေ့ သုတေသန ဆောင်ရွက်မှု ရှိပုံမရ။ အနည်းဆုံး အားဖြင့် နျူကလီးယား ဆိုင်ရာ အစိတ် အပိုင်းများ၊ စမ်းသပ်မှု များကိုပင် လုပ်နိုင်ပုံ မရသေး”ဟုလည်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

စနစ်တကျ အသေးစိတ် သုံးသပ်ထားသော အစီရင်ခံစာကို ဖတ်ရှုပြီးနောက် နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် နီးစပ်လာပြီဟု အစဉ်တစိုက် သတင်းပို့နေခဲ့သော သိပ္ပံနှင့်နည်းပညာ ဝန်ကြီး ဦးသောင်း စသည့် ထိပ်တန်းအစိုးရအရာရှိများ၏ လိမ်ညာ ထား ချက်များကို သိမြင်လာသဖြင့် ဗိုလ်ချုပ်မှူးကြီးက ဒေါသထွက်နေခြင်းဖြစ်သည်ဟု နေပြည်တော် စစ်အသိုင်းအဝိုင်းက ဆိုသည်။

စစ်ဗိုလ်ချုပ်များ အနေဖြင့် နျူကလီးယားပိုင်ဆိုင်သည့် အင်အားကြီးနိုင်ငံဖြစ်ရေး အောင်မြင်ရန် မျှော်လင့်ချက် အနည်းငယ်သာ ရှိကြောင်း၊ စစ်အစိုးရသည် နျူကလီးယားဗုံး ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်မှာ ထင်ရှားပြီး နိုင်ငံတကာ သဘောတူညီချက်များ ကို ချိုးဖောက်နေကြောင်း ရောဘတ် ကယ်လီက အစီရင်ခံစာထဲတွင် သုံးသပ်ထားသည်။

“အထောက်အထားများကို ကြည့်ခြင်းအားဖြင့် နျူကလီးယားတပ်ဖွဲ့က ရေးဆွဲထားသည့် ပုံစံမူကြမ်းများမှာ ကျွမ်းကျင်မှု မရှိ ခြင်းကို ပြနေသည်။ အချက်အလက်များ စိစစ်မှုအရ မြန်မာစစ်အစိုးရ၏ နျူကလီးယား အစီအစဉ်မှာ ခေတ်နောက်ကျလွန်း လှပေသည်”ဟု ရောဘတ် ကယ်လီက ဆိုထားရာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက အာဏာရှင် ဦးနေဝင်းကို အောက်ခြေ အရာရှိများက လိမ်ညာ ဖုံးဖိထားသည့် အစီရင်ခံစာများ၊ အာဏာရှင် အကြိုက်ဖြစ်မည့် သတင်းလွဲများသာ  တင်ပြခဲ့ကြသဖြင့် နောက်ဆုံးတွင် မည်သည့်စီမံကိန်းမျှ အကောင်အထည် မပေါ်ခဲ့ခြင်းကို ဗိုလ်ချုပ်မှူးကြီး စေ့စေ့တွေးရင်း အံတကြိတ်ကြိတ် ဖြစ်နေမည်မှာ မလွဲဟု ဝေဖန်သုံးသပ်သူများက ဆိုကြသည်။

ကျောင်းသားခေါင်းဆောင်များ နေအိမ်သို့ NLD သွားရောက်

၃၀ ဇွန် ၂၀၁၀...(မဇ္ဈိမ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ အပါအဝင် ပါတီခေါင်းဆောင် ၂ ဦးနှင့် လူငယ်အဖွဲ့ဝင်များက အကျဉ်းကျနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များထံ ယမန်နေ့က သွားရောက်ကာ အားပေးစကားများ ပြောကြားခဲ့သည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ပါတီလူငယ် ၉ ဦးက ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကိုမာကီတို့၏ နေအိမ်များသို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

“အင်မတန်မှ အနစ်နာခံကြတဲ့ ကလေးတွေ ဖြစ်ကြတယ်။ သူတို့ရဲ့ စိတ်ဓာတ်ရေးရာအရ၊ သူတို့ရဲ့ ကျန်းမာရေးအရ၊ သူတို့ အကျဉ်းကျခံရတဲ့ အချိန်မှာ လူသားတယောက်ရဲ့ ဂုဏ်သိက္ခာရှိတော့၊ လူသားတယောက်အနေနဲ့ ထိုက်သင့်အားလျော်စွာ ခံစားစံစားခွင့် ရနိုင်တဲ့ ဟာတွေနဲ့ ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း စေတနာ၊ စိတ်ဓာတ်ရေးရာအရ မြှင့်တင်ပေးချင်တဲ့ ဆန္ဒအရ သွားရောက်တွေ့ဆုံခဲ့တယ်” ဟု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့ရှိ ကိုမင်းကိုနိုင်နှင့် ကိုမာကီတို့၏ နေအိမ်များနှင့် တောင်ဥက္ကလာပရှိ ကိုကိုကြီး၏ နေအိမ်များဆီသို့ NLD ခေါင်းဆောင်များ သွားရောက်ခဲ့ရာ မိသားစုဝင်များက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြသည်။

ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက “အိမ်အထိလာပြီး အားပေးစကားပြောတဲ့အတွက် ဝမ်းသာတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ်။ အကို အထဲရောက်နေတယ်ဆိုတော့ အကျိုးအကြောင်း လာမေးတဲ့ သဘောပါ။ နေကောင်းလား၊ မကောင်းလား။ နေရာကလည်း ဝေးတော့ ရောက်လား၊ မရောက်လား ဆိုတာတွေကို မေးတာပါ’’ ဟု မဇ္ဈိမကို ပြောသည်။

ဦးတင်ဦးသည် ၂ဝဝ၃ မေလ ဒီပဲယင်းတိုက်ခိုက်မှု ပြီးကတည်းက ဖမ်းဆီးခံနေရစဉ်၊ ကျောင်းသား ခေါင်းဆောင်များမှာ ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းတွင် အကျဉ်းထောင်များမှ လွတ်မြောက်လာခဲ့သည်။ ၎င်းတို့လွတ်မြောက်နေစဉ် ဦးဝင်းတင်မှာလည်း အကျဉ်းထောင်မှ မလွတ်မြောက်သေးပါ။

ထို့အပြင် ကျောင်းသားခေါင်းဆောင်များသည် ၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း အဖမ်းခံရပြန်ပြီးမှသာ ဦးဝင်းတင်သည် ၂ဝဝ၈ စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်းကောင်း၊ ဦးတင်ဦးမှာ ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်းကောင်း လွတ်မြောက်လာခဲ့သည်။

’’သူတို့တွေက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး စသဖြင့် နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို လှုပ်ရှားခဲ့၊ ရှိခဲ့ဖူးတော့ သူတို့ကျေးဇူးတွေ ရှိကြတာကိုးဗျ။ ကျနော်တို့ကလည်း အကျဉ်းကျနေတော့ တယောက်နဲ့တယောက် မဆုံဖြစ်ဘူးပေါ့ဗျာ။ အဲဒီအပေါ် အကြောင်းပြုပြီးတော့ ဦးဝင်းတင်နဲ့ ညှိနှိုင်းပြီး သွားလိုက်ကြတာ” ဟု ဦးတင်ဦးက ပြောသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်း ကျဆင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုအေးသန်း (ခ) ကိုသန့်တင်၊ ကိုကျော်ကျော်ထွေး၊ ကိုဇော်ဇော်မင်း၊ ကိုအံဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီ၊ မနီလာသိန်း၊ မမာမာဦး၊ မစန္ဒာမင်း၊ မမီးမီး (ခ) မသင်းသင်းအေး၊ မသက်သက်အောင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦး ထပ်မံဖမ်းဆီးခံရကာ ထိုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ၆၅ နှစ်စီ ပြစ်ဒဏ်ချခံခဲ့ရသည်။

မဆလ စစ်အစိုးရ ပြုတ်ကျမသွားခင် ၁၉၈၈ နှစ်လည်ပိုင်းအထိ မြေအောက်လှုပ်ရှားမှုများဖြင့်သာ ရပ်တည်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ကွန်ဂရက် ကျင်းပနိုင်ခြင်း မရှိခဲ့သော်လည်း ၁၉၈၈ သြဂုတ်လ ၂၈ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီးဇွန်တို့ ဦးဆောင်ကာ ဗကသ ပြန်လည်ဖွဲ့စည်းရေး ကျောင်းသားထု အစည်းအဝေးကြီးကို သတ္တမ ကွန်ဂရက်အဖြစ် ကျင်းပခဲ့ကြသည်။

သို့သော် ကျောင်းသားခေါင်းဆောင် အများအပြားမှာမူ ထိုနှစ် စက်တင်ဘာ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ၁၅ နှစ်ကျော် ၁၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသေးသည်။

၎င်းတို့ ပြန်လည်လွတ်မြောက်လာသည့် ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းမှ စတင်ကာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အမည်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်

အရွယ်မရောက်သေးသူ မိန်းကလေးငယ်အား အနိုင်ကျင့် စော်ကားသူကို ရုံးတင်တရားစွဲ

၃၀ ဇွန် ၂၀၁၀...ခေတ်ပြိုင်
အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။

မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။
မြန်မာနိုင်ငံမှ အမျီုးသမီးများအပေါ် စစ်အစီုးရမှ ကျူးလွန်သော ရာဇ၀တ်မှူများနှင့်ပတ်သော နိုင်ငံတကာ ပြည်သူတရားရုံး (ဂျပန်)
27-June-2010 နေ့ Aoyama Gakuin University (Shibuya-Tokyo-Japan) တွင် ကျင်းပသည့်ပြည်သူတရားရုံးမြင်ကွင်းဓါတ်ပုံမှတ်တမ်း။

NEWS AND PHOTO BY THAR HTET (BCJP/NEWS)
27-6-2010

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာပြည်သူ့ခုံရုံးတွင် တရားစီရင်


27 June,2010...BCJP NEWS

နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများ၊ အကြမ်းဖက်ကျူးလွန်မှုများအားအရေးယူ ဆောင်ရွက်သွာနိုင်ရန်  ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၃ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်မှု ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),တွင်  နေ့လည် ၁း၀၀ နာရီမှ ညနေ ၅း၃၀ ထိပြုလုပ်ခဲ့ပြီး  ၅း၃၀ မှ ၆း၃၀ ထိသတင်းစာရှင်းလင်းပွဲများကိုပြုလုပ်ခဲ့ပါသည်။


နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင်  တရားစီရင်

မှုအားဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်တွင် တာဝန်ယူကြသူများမှာ Hamada Kunio - ရှေ့နေ (တရားရုံးချုပ် တရားသူကြီးဟောင်း)၊ Kubori Hideaki - ရှေ့နေ (ဂျပန်နိုင်ငံ ရှေ့နေများအသင်းချုပ် ဒုတိယ ဥက္ကဌဟောင်း)၊ Goto Hiroko – Chiba University ဥပဒေပါမောက္ခ (ဂျပန်အစိုးရအဖွဲ့ အမျိုးသမီး-အမျိုးသား တန်းတူ ညီမျှရေး ဌာန၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်)၊Niikura Osamu – Aoyama Gakuin University ဥပဒေ ပါမောက္ခ၊Shikita Miho - ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူ့တရားသူကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘက်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားခဲ့ပါသည်။

မြန်မာအမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အဓမ္မ လုပ်အားပေးခိုင်းစေမူများ၊ လူ့အခွင့်အရေး

ဆုံးရှုံးနေမှုများနှင့် ဆိုးရွားနေသည့် အမျိုးသမီးရေးရာကိစ္စများတို့ကို တရားသူကြီးများ၏ ရှေ့မောက်၌ လျှောက်လဲသွားပါသည်။ နှစ်ဘက်ရှေ့နေများတို့မှ အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့တရားသူကြီးများအဖွဲ့မှ ဆုံးဖြတ်ချက်(၈)ချက်ကို စီရင်ချက် ချမှတ်ခဲ့ပါသည်။

ထို့နောက် တရားသူကြီး ၅ဦးမှ  မိမိတို့၏ တသီးပုဂ္ဂလခံစားချက်များကိုလည်း  ရှင်းလင်းပြောကြား
သွားခဲ့ကြပါသည်။


ပြည်သူ့ခုံရုံးတွင် တရားစီရင်မှုအစီအစဉ်များကို  http://burmacampaign.net/တွင် ကြည့်ရှုနိုင်ပါသည်။ သက်သေ ထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။
 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger