မလေးရှားနိုင်ငံ Kedah ပြည်နယ်၌ မြန်မာလူငယ် ၄ ဦးသည် ကိုထွန်းဆိုသူ ပွဲစား၏ ခြိမ်းခြောက်ငွေညှစ်ခံနေရ သဖြင့် မြန်မာဒုက္ခသည်များအစည်းအရုံး(ဘီအာအို) မှ ငွေပေးချေပြီး ကယ်ဆယ်ခဲ့ရသည်ဟု သတင်းရသည်။
ဖြစ်ပွားပုံမှာ ကိုထွန်းဆိုသူ မွန်အမျိုးသားပွဲစားတစ်ဦးသည် ကိုအောင်(အသက် ၂၉နှစ်)၊ မမျိုး(အသက် ၂၉ နှစ်)၊ ကိုနိုင်(အသက် ၂၄ နှစ်)၊ မအေး(အသက် ၂၉ နှစ်) အပါအ၀င် အခြား ၃ ဦးကို အလုပ်ပေးမည်ဟုဆိုကာ ဧပြီလ ၁၆ ရက်နေ့တွင် ပူခတ်ဘရာ အရပ်မှ ခေါ်ဆောင်ခဲ့သည်။
ထို ဧပြီလ ၁၆ ရက်နေ့တွင်ပင် စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်ဆောင်သွားခဲ့သည်။ ဧပြီ ၂၁ ရက်နေ့တွင် Lataing ကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ ထိုညမှာပင် ထို ကိုထွန်းဆိုသူက သူတို့လေးဦးနှင့်အတူပါလာသော ကိုမင်း၏ ဇနီးဖြစ်သူ မစိုး (အသက် ၂၉ နှစ်) ကို ခေါ်ထုတ်သွားခဲ့သည်။ ဧပြီ ၂၄ ရက်နေ့တွင် မစိုးက မလေးရှား တွင် မနေချင်တော့သဖြင့် ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ကိုထွန်းမှ ကျန် ၆ ဦးအား ပြောခဲ့သည်။
ဧပြီ ၃၀ ရက်နေ့တွင် မယားပျောက်သွားသဖြင့် ကိုမင်းနှင့် သူ၏အမေဆိုသူ အမျိုးသမီးကြီးသည် အလုပ်မှထွက် ပြေးသွားခဲ့သည်။ မေလ ၁ ရက်နေ့တွင် ပွဲစားကိုထွန်းမှ အခြားအလုပ်တစ်ခုကို ပြောင်းပြီး အလုပ်လုပ်ရမည်ဟု ပြောသည်။ မေလ ၃ ရက်နေ့တွင် ကျန် ၄ ဦးမှ စုံတွဲတစ်တွဲကို သူဌေးနဲ့တွေ့ရန် ခေါ်ထုတ်သွားပြီး လမ်းတွင် ၎င်း တို့ ၂ ဦးအား ထွက်ပြေးသွားသော ၂ ဦး နှင့် ပတ်သတ်ပြီး တာဝန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက်ပြီး စိုက်ပျိုးရေး ခြံတစ်ခြံသို့ ခေါ်သွားပြီး ၄ ရက်ကြာ ထိန်းသိမ်းထားခဲ့သည်။
ထို မေလ ၃ ရက်နေ့ညတွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဆိုသူနှင့် သူတို့ကိုယ်သူတို့ ရဲဟုပြောသော လူ ၂ ဦးတို့သည် ထိန်းသိမ်းထားသော ကိုအောင် နှင့် မမျိုးတို့အား လျှော်ကြေး ရင်းဂစ် ၂၀၀၀ ကျော်ပေးရန် လက် ထိပ်ပြခြိမ်းခြောက်သည်။ ငွေကို မြန်မာပြည်လှမ်းမှာရန်လည်း ပြောသည်။
မေလ ၇ ရက်နေ့တွင် သူတို့ အလုပ်လုပ်နေခဲ့သော ရာဘာခြံသို့ ပြန်ခေါ်သွားခဲ့သည်။ ထို့နောက် ကိုထွန်းမှ ၄ ယောက်စလုံးအား သူ့သူဌေးနဲ့လိုက်တွေ့ရန်နှင့် ငွေလျှော်ရန်ပြောသည်။
မေလ ၇ ရက်နေ့ နေ့လည် ၁၀ နာရီခန့်တွင် ကိုထွန်း၏ သူဌေးဆိုသူရောက်လာပြီး အလုပ်လုပ်ပြီးဆပ်ရန် နှင့် ကိုထွန်းခေါ်ရာသို့ လိုက်သွားရန်ပြောခဲ့သည်။ ထို့နောက် ၄ ယောက်စလုံးအား စိုက်ပျိုးရေးခြံတစ်ခြံသို့ ခေါ်သွား ခဲ့သည်။ ကိုထွန်းရဲ့ လူယုံ ၂ ဦးက ရင်းဂစ် ၂၈၂၀ ကို ၂ ရက်အတွင်း ပေးရန်ပြောခဲ့သည်။ ၇ ရက်နေ့ည ၁၂ နာရီခန့်တွင် ကိုထွန်းအပါအ၀င် ကိုထွန်း၏သူဌေးဟုဆိုသူနှင့် ရဲဟုသူတို့ဘာသာပြောသော လူ ၃ ဦးက အမျိုး သား ၂ ဦးစလုံးကို လက်ထိပ်ခတ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ အမျိုးသမီးအား ၂ ရက်အတွင်း ငွေရှာကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မမျိုးမှာ အလွန်ကြောက်လန့်ပြီး မေ့မြောသွားသဖြင့် သူတို့အားလုံး ပြန်သွားခဲ့ သည်။ မေလ ၈ ရက်နေ့တွင် ကိုထွန်းရောက်လာပြီး ၂ ရက်အတွင်း ငွေပေးရန် ထပ်ပြောပြန်သည်။
မေလ ၉ ရက်နေ့တွင် ၎င်းတို့ လေးဦးသည် မလေးရှားရှိ ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦးထံ ဖုန်းဆက်အကူအညီ တောင်းခဲ့သည်။ ထိုမိတ်ဆွေက မြန်မာဒုက္ခသည်များအစည်းအရုံး(BRO) သို့ အကူအညီပေးပါရန် ဖုန်းဆက် တောင်းခံခဲ့သည်။
မေလ ၁၂ ရက်နေ့တွင် ဘီအာအိုမှဥက္ကဌ ဦးမောင်လှ ကူညီရန်သွားခဲ့သည်။ ၁၄ ရက်နေ့တွင် ကိုထွန်းဆိုသူနဲ့ ဖုန်းဖြင့်ဆက်သွယ်ပြီး ညှိနှိုင်းကာ ရင်းဂစ် ၄၀၀၀ ပေး၍ ကယ်ဆယ်ခဲ့သည်။
ထို ကိုထွန်းဆိုသူမှာ မွန်အမျိုးသားဖြစ်ပြီး အသက် ၄၀ ပတ်ဝန်းကျင်ရှိသည်။ ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ကားမှာ WBM 9699 အနက်ရောင်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံသား ဒုက္ခသည်များမှာ ရောက်ရှိရာနေရာဒေသအသီးသီးတွင် ခက်ခက်ခဲခဲလုပ်ကိုင်နေကြ ရသည်။ ပြန်ပေးဆွဲခံရခြင်း၊ လူသတ်မုဒိန်းကျင့်ခြင်းခံနေရခြင်း၊ ခြိမ်းခြောက်ခံနေရခြင်း၊ ဓါးပြတိုက်ခြင်းများ ခံနေ ရသည်။ ထို့ပြင် မလေးရှားအာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းများကိုလည်း ခံနေရသည်။ အဆိုးဆုံးမှာ မလေးရှား UNHCR မှ မြန်မာလူမျိုးများအပေါ် ဖိနှိပ်ခွဲခြားဆက်ဆံမှုများကြောင့် မလေးရှားရောက် မြန်မာဒုက္ခ သည်များ၏ ဘ၀လုံခြုံမှုကင်းမဲ့နေသည့်အပြင် လူ့အခွင့်အရေးများ အလွန်အမင်း ဆုံးရှုံးနစ်နာနေကြရသည်။
မောင်မြန်မာ(BRO)
22 May 2010
မှတ်ချက်။ ပွဲစားအမည် ကိုထွန်း ဆိုသူမှာ အမှန်ဖြစ်ပြီး အနိုင်ကျင့်ခံခဲ့ရသူများ၏ နာမည်များကို ပြောင်းလဲထား သည်။
http://kamikaze-2010.blogspot.com/

No comments:
Post a Comment