dailyvid


1234
x

Latest Post

ကယ်သူမဲ့ နားကျည်းခံပြင်းဖွယ် ရွှေမြန်မာ တို့၏ဒုက္ခများ

ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ပြီး သွားရောက်အလုပ် လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အများစုသည် တရားမဝင်သွားရောက် အလုပ်လုပ်ကိုင် ကြသူများ ဖြစ်ကြသည်။ ထိုသို့တရားမဝင် အလုပ်လုပ်ကြရသဖြင့် တရားဝင် ထိုင်းအလုပ်သမား များနည်းတူ အခြေခံအလုပ်သမား အခွင့်အရေး မရ ကြ။ ထိုင်း အလုပ်သမား ဥပဒေ အရလည်း အကာအကွယ် မရကြသည့်အပြင် နယ်စပ်မှ ဖြတ်ကျော်ပြီး သွားရောက်စဉ် တွင်သော်လည်းကောင်း၊ ရောက်ရှိပြီး တရားမဝင် အလုပ်လုပ်ကြရာတွင် လည်းကောင်း အသက်အန္တရာယ် နှင့် ကြုံပြီး အသက်ဆုံးရှုံးမှုများလည်း ရှိခဲ့သည်။

(၂ဝဝ၈)ခုနှစ်၊ ဧပြီလ(၉)ရက် တွင် ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှ ဖူးကက်သို့ သွားရောက်သည့် အအေးခန်း ကွန်တင်နာယာဉ်တွင် အသက်ရှူ မွန်းကြပ်သဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅၄)ဦး သေဆုံးခဲ့ရသည်။ နှစ်နိုင်ငံ တာဝန်ရှိသူများ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ကိုယ်ရေးအချက်အလက် ပြည့်စုံသည့် (၄၁)ဦး အတွက် လျော်ကြေးငွေ စုစုပေါင်း ထိုင်းဘတ်ငွေ (၁.၄၃၅)သန်း ရရှိခဲ့ကြသည်။

အသက်ဆုံးရှုံးမှုမျိုး အလားတူဖြစ်သည့် ဖြစ်စဉ်တစ်ရပ် အဖြစ် (၂ဝဝ၉)ခုနှစ်၊ သြဂုတ်လ (၂၈)ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်း အဝင်လမ်းအနီးမှာ အလောင်း(၃)လောင်း တွေ့ရှိခဲ့ကြသည်။ စိစစ်ကြည့်သောအခါ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ အလောင်းများဖြစ်ကြောင်း၊ တင်ဆောင် လာသည့်ကားတစ်စီးမှ အသက်ရှူမွန်းကြပ် သေဆုံးကြသည့်အတွက် ပစ်ချသွားခြင်း ဖြစ်ကြောင်း၊ ဆေးရုံဆေးစစ်ချက် မှတ်တမ်းများက ဆိုသည်။ တင်လာသည့်ကားက လူသေမှုအပြင် လူကုန်ကူးမှုနှင့်ပါ အရေးယူခံရမည်ကို စိုးရိမ်သည့်အတွက် အခုလို အလောင်းကို အလျှင်အမြန် လာပစ်သွားခြင်းဖြစ်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

(၂ဝဝ၉)ခုနှစ်၊ မေလအတွင်း ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့နယ်၏ ရွာတစ်ရွာရှိ အိမ်တစ်အိမ်သည် တရားမဝင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် ပတ်သက်သည်ဟု ကျော်စောသတင်းရှိမှုကြောင့် ထိုင်းနိုင်ငံအာဏာပိုင်များက ဝင်ရောက်စီးနင်းမှု ပြုလုပ်ခဲ့သည်။ ထိုအိမ်သည် နယ်စပ်မှတရားမဝင် ဝင်ရောက်လာသူများကို အခြားနေရာဒေသများသို့ ပို့ဆောင်ပေးသည့် ကြားစခန်းအဖြစ် အသုံးပြုထားသည်ကို တွေ့ရသည့်အပြင် ရေခဲပုံးများထဲတွင် ထည့်ထားသော မြန်မာအလုပ်သမား (၃၄)ဦးကို တင်ဆောင်ထားသည့် ကုန်တင်ကားနှစ်စီးကို တွေ့ရှိခဲ့ကြသည်။ ထိုကားနှစ်စီးစလုံးသည် ဖန်ငနှင့် ဖူးခက်ဘက်သို့ ထွက်ရန် ပြင်ဆင်နေစဉ် တွေ့ရခြင်းဖြစ်သည်။ အချိန်မီ ဖော်ထုတ်တားဆီးနိုင်ခဲ့ကြ၍သာ အသက်ဆုံးရှုံးမှုမရှိခြင်း ဖြစ်သည်။

ထိုသို့သွားလာစဉ်တွင် အသက်အန္တရာယ်ရှိသည်သာမက ထိုင်းနိုင်ငံအတွင်း အိမ်ဖော်အလုပ် လုပ်ရသည့် အမျိုးသမီးများသည် ပြင်ပနှင့် ဆက်သွယ်ခွင့် မရကြသည့် အတွက် အိမ်ရှင်များ၏ အနိုင်အထက်ပြုမှုခြင်း အမျိုးမျိုးကို ခံနေရကြဆဲဖြစ်သည်။ (၂ဝဝ၉)ခုနှစ်၊ ဇွန်လ(၇)ရက်ညပိုင်းတွင် ဘန်ကောက်မြို့၊ ဘန်ကပိရပ်ကွက်၊ လဖလောင်း (၁ဝ၁)လမ်းရှိ အိမ်တစ်အိမ်တွင် အိမ်ဖော်လုပ်ကိုင်စဉ် အိမ်ရှင်များမရှိသည့် အခိုက် သေနတ်ဒဏ်ရာနှင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခုကို ရဲမှအမှုစုံစမ်းဆဲဖြစ်သည်။

အလားတူဖြစ်စဉ်မျိုး (၂ဝဝ၉)ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက် ထိုင်းနိုင်ငံတောင်ပိုင်း စူရဌာနီခရိုင်၊ ကော့စမွေမြို့တွင် မြန်မာအိမ်ဖော်တစ်ဦး အသတ်ခံရသည့်ဖြစ်စဉ် ရှိခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဘန်ကောက်သို့ သွားရောက်လည်ပတ်နေစဉ် အိမ်ဖော်တစ်ဦး တည်းရှိနေခိုက် အမျိုးသားတစ်ဦးက အဓမ္မကျင့်ရန် ကြံစည်စဉ် ခုခံရင်း အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအမျိုးသား အများစုသည် ပင်လယ်ပြင်သွား ထိုင်းငါးဖမ်းလှေများတွင် အလုပ်လုပ်ကိုင်ကြရာ ကမ်းသို့ ဆိုက်ကပ်ခြင်းမရှိသဖြင့် နှစ်လကြာ အလုပ်လုပ်ရခြင်း နှင့် လုပ်အားခမရခြင်း တို့ကြောင့် လွတ်မြောက်ရန် ရေကူး၍ ကမ်းသို့ ကူးခတ်ရင်း ရေနစ် သေဆုံးကြသူများလည်း ရှိသည်။ (၂ဝဝ၉)ခုနှစ်၊ ဧပြီလ(၄) ရက်၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရဌာနီ၊ ခနောင်လှေဆိပ် ပင်လယ်ပြင်တွင် ထိုင်းပလာ တူးလှေမှ မြန်မာရေလုပ်သား နှစ်ဦး ရေကူးထွက်ပြေးရင်း ရေလယ်တွင် ရေနစ်သေဆုံးခဲ့သည်။ ရေမကူးတတ်သူများမှာမူ ထိုလှေပေါ်တွင် ဆက်လက် ကျွန်ခံနေရဆဲ ဖြစ်သည်။

ဒေသခံလှေလုပ်သားတစ်ဦး ပြောပြချက်အရ ထိုင်းလူပွဲစားများသည် ထိုင်းရဲများနှင့် ပေါင်းကာ အချုပ်ခန်းထဲမှ လူများကိုရွေးပြီး ငါးဖမ်းလှေများသို့ ရောင်းစားကြကြောင်း၊ ထိုလှေများသည်ကမ်းသို့ ပြန်မကပ်တော့ဘဲ ပင်လယ်ပြင်တွင် ဖမ်းလို့ရသည့် ငါးများကို တခြား လှေတစ်စီးပေါ်သို့ ပြောင်းကဲ့ယူသွားကြကြောင်း ပင်လယ်ပြင်တွင် နာမကျန်းဖြစ်က ဆေးကုသပေးမှုမရှိဘဲ ပင်လယ်ထဲသို့ ပစ်ချလေ့ရှိကြောင်း သိရသည်။

(၂ဝဝ၉)ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်၊ နံနက်စောစောပိုင်းတွင် Chawsanlam အမှတ် (၁) ငါးဖမ်းလှေသည် မဟာချိုင် Palarsaphan ငါးဖမ်းလှေဆိပ်မှ အင်ဒိုနီးရှားပင်လယ် ပြင်တွင် ငါးဖမ်းရာ ဖမ်းမိသည့် ငါးအလေးချိန် အလွန်များကာ လှေမှောက်နစ်မြုပ်သဖြင့် လှေပေါ်ရှိ မြန်မာ အလုပ်သမား၊ ထိုင်းအလုပ်သမား(၁၉)ဦး ပျောက်ဆုံးခဲ့သည်။ ထိုင်းနှစ်ဦး၊ ဗမာနှစ်ဦးနှင့် မွန်တစ်ဦးတို့သာ အသက်ရှင် ကျန်ရစ်သည်။ လှေပိုင်ရှင်မှ ¤င်း၏လှေလည်း ဆုံးရှုံးရသဖြင့် ပျောက်ဆုံးခဲ့သူများ၏ မိသားစုများသို့ ထိုင်းဘတ်ငွေ (၃ဝဝဝဝ)စီ လျော်ကြေးအဖြစ်သာ ပေးခဲ့သည်။
Source : http://www.hanthawaddy.org/2009/12/blog-post_5770.html

ရံပုံငွေအတွက် ပျော်စရာအငြိမ့် ဖျော်ဖြေပွဲ ဂျပန်နိုင်ငံတွင် ပြုလုပ်သွားမည်

Photobucket

မြန်မာ့ဘိန်းထုတ်လုပ်မှု ကြောက်စရာကောင်းလောက်အောင် တိုးပွါးလာဟု ကုလပြော

ဘန်ကောက် (မဇ္ဈိမ) ။ ။ မြန်မာ့ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ ကတဲကစ၍ ၅၀%နီးပါး မြင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံး (UNODC) အစီရင်ခံစာကဆိုသည်။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ၃ နှစ်ဆက်တိုက် တိုးပွါးလာခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေး အေဂျင်စီက ပြောသည်။

`ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းမဲထုတ်လုပ်မှုကို ထိန်းချုပ်ဟန့်တားရန် ယခင်ကြိုးပမ်းခဲ့မှုများသည် ယခုအခါ ပျက်စီးရတော့မည့် အလားအလာကများနေသည်´ ဟု UNODC ရုံး ဒေသဆိုင်ရာ အကြီးအကဲ ဂယ်ရီလူးဝစ္စ (Garry Lewis)က နောက်ဆုံးထုတ်ပြန်လိုက်သော အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးမှု လေ့လာချက်နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် သတင်းထောက်များကို တနင်္လာနေ့က ပြောကြားလိုက်သည်။

`မြောက်ပိုင်းမှာ နိုင်ငံရေးအရ လုံခြုံမှုမရှိတာနဲ့ စီးပွါးရေး ဖိအားတွေရယ်ကြောင့် အခြေအနေကပိုပြီး သိသိသာသာ ဆိုးလာဖို့သာရှိတယ်´ ဟု သူက ဆက်ပြောသည်။

သို့သော် ၁၉၀၀ စုနှစ်များကနှင့် နှိုင်းစာလျှင်မူ မြန်မာနိုင်ငံသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ၏ အစိတ်အပိုင်းတရပ်အဖြစ် ကမ္ဘာ့အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံအဖြစ်ကမူ အပုံကြီးကွာလှမ်းခဲ့ပြီ ဖြစ်သည်။

လေ့လာချက်အရ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးသောမြေမှာ ဟက်တာပေါင်း ၃၁၀၀၀ ရှိပြီး ယင်းသည် ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ၁၁% တိုးတက်လာခြင်း ဖြစ်သည်။ ယမန်နှစ်ကနှင့် နှိုင်းစာလျှင် ဘိန်းထုတ်လုပ်မှုသည် မြင့်တက်လာသည်ဟု အစီရင်ခံစာက ဆိုသည်။


`ဘိန်းထုတ်လုပ်မှုက မြင့်တက်လာသည်။ သို့သော်အထွက်နှုန်းမှာမူ ရာသီဥတု မကောင်းသောကြောင့် ကျဆင်းခဲ့သည်´ ဟု လာအိုအခြေစိုက် UNODC ရုံး အခြားနည်းဖွံ့ဖြိုးမှုထိပ်တန်းကျွမ်း ကျင်သူ Leik Boonwaat က မဇ္ဈိမ ကိုပြောသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကျေးရွာသား ၂ သိန်းခန့် ဘိန်းစိုက်ပျိုးနေကြပြီး ယင်းပမာဏသည် အဓိက ဘိန်းစိုက်ပျိုးသူဖြစ်ခဲ့သည့် ဝ' က သူတို့နယ်မြေကို ဘိန်းကင်းစင်သည့် ဒေသအဖြစ်ကြေငြာခဲ့သည့် ၂၀၀၆ ခုနှစ်ကနှင့် နှိုင်းစာလျှင် နှစ်ဆနီးပါးတက်လာခြင်း ဖြစ်သည်။

သူတို့၏ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် အဆိုပါကျေးရွာသားများမှာ တနှစ်လျှင် အမေရိကန်ဒေါ် လာ ၁၆၀ မျှသာ ဝင်ငွေရရှိခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဘိန်ဈေးနှုန်းမှာ တကီလိုလျှင် ၁၆ ဒေါ်လာဈေး ပိုရလာပြီး တကီလိုလျှင် ၃၁၇ ဒေါ်လာအထိ ဈေးရှိနေသည်။ ထို့ကြောင့် ယခင် ဘိန်းစိုက်တောင်သူများကို ဘိန်းပြန်စိုက်ရန် စီးပွါးရေးအရ မက်လုံးပေးသလို ဖြစ်နေသည်။

`ဒီလို ဘိန်းပြန်စိုက်တဲ့ လယ်သမားတွေက ဝေးလံခေါင်းပါးတဲ့ မြန်မာပြည်မြောက်ပိုင်းဒေသ တွေမှာနေကြတာ။ သူတို့မှာ စားနပ်ရိက္ခာ လိုအပ်ချက်နဲ့ဆေးဝါးလို အခြေခံ လိုအပ်ချက်တွေအတွက် ငွေရဖို့ ဘိန်းစိုက်ဖို့ကလွဲပြီး တခြားရွေးစရာလမ်းသိပ်မရှိဘူး´ ဟု မစ္စတာ Leik က ပြောသည်။

`စီးပွါးရေးဖိအားက ဘိန်းစိုက်တောင်သူတွေကို ဘိန်းပြန်စိုက်အောင် လုပ်တဲ့နေရာမှာ အလွန်အစွမ်းထက်တယ်´ ဟု သူက ပြောသည်။ ဘိန်းအစားထိုး သီးနှံတွေရဲ့ ဈေးနှုန်းတွေက ဒီနှစ်တွေ အတွင်းကျလာသည်။ လွန်ခဲ့သော နှစ်က အစားထိုးသီးနှံ ပြောင်းနှင့်ရာဘာတို့၏ဈေးနှုန်းမှာ ၅၀% နီးပါး ကျဆင်းသွားခဲ့သည်။ အခြားသီးနှံများ အထူးသဖြင့် စီးပွါးဖြစ် သစ်သီးခြံ နှင့် ဆေးရွက်ကြီးတို့မှာ တရုတ်ပြည် ဈေးကွက်အပေါ် မှီခိုနေရသည်။

ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းနှင့် ချေးငွေ အကြပ်အတည်းကြောင့် တရုတ်ပြည်ဈေးကွက် ဝယ်လိုအားမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

`တရုတ်အာဏာပိုင်တွေက ဒီကုန်စည်တွေအပေါ် အခွန်ကောက်ခံနေတုံးဘဲ။ ဒီသီးနှံတွေ စိုက်ပျိုးတဲ့ တောင်သူတွေအတွက် ဆက်ပြီး ရပ်တည်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်လာတယ်´ ဟု အမည်မဖော်လိုသူ မြန်မာမူးယစ်ဆေးဝါး နှိမ်နင်းရေး ထောက်လှမ်းရေး အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံရှိ လက်ရှိဘိန်းစိုက်ပျိုးသည့် မြေထက်ဝက်ကျော်မှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှိပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ စုစုပေါင်း ဘိန်းစိုက်ပျိုးမြေ၏ ၄၀% နီးပါးဖြင့် ဒုတိယလိုက်သည်။ ကုလသမဂ္ဂ အစီရင်ခံစာ အဆိုအရ ကချင်နှင့် ကရင်ပြည်နယ်များတွင်လည်း ဘိန်းစိုက်ပျိုးမြေ အနည်းငယ် တိုးတက်လာခဲ့သည်ဟု ဆိုသည်။ သို့သော် ဝ'နှင့် ကိုးကန့်ဒေသများတွင် ဘိန်းစိုက်ပျိုးမှု တိုးတက်လာခဲ့သည်ဟူသော မှတ်တမ်းများမတွေ့ရဟု မစ္စတာလူးဝစ်စ်က မဇ္ဈိမကို ပြောသည်။

သို့သော်မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် တရုတ်မြန်မာနယ်စပ်တလျှောက်တွင် နိုင်ငံရေးအရ မတည်ငြိမ်မှုများ ရှိနေခြင်းကြောင့်လည်းကောင်း၊ မြန်မာအစိုးရက တိုင်းရင်းသား သူပုန်တပ်ဖွဲ့များကို ယခုနှစ်မကုန်မီ လက်နက်ချရန် တောင်းဆိုခဲ့ခြင်းကြောင့် ယင်းတို့အကြား စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လာနေပြီး သူတို့၏အနာဂါတ်အတွက် မရေရာမှုများ ပေါ်ထွက်ခဲ့သည်ဟု ကုလ အဖွဲ့ကပြောသည်။

`အပစ်ရပ်အဖွဲ့များဖြစ်သော တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လက်နက်ကိုင် အဖွဲ့များဖြစ်သော ဝ'နှင့် ကချင်တို့က လက်နက်ဝယ်ဖို့ မူးယစ်ဆေးဝါးတွေကို ရောင်းချနေကြတယ်။ သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ရှာမတွေ့အောင် နေရာရွှေ့ပြောင်းတာတွေ လုပ်နေကြတယ်´ဟု သြစတြေးလျားနိုင်ငံမြို့တော် ဗီယင်နာ အခြေစိုက် ကုလ မူးယစ်ဆေးဝါး အေဂျင်စီ အကြီးအကဲ အန်တိုနီယိုမာရီယာ (Antonio Maria) က သူတို့အဖွဲ့၏ နောက်ဆုံး အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

သို့သော် ကုလကိုယ်တိုင်ပြုလုပ်သည့် ဘိန်းလေ့လာချက်တရပ်ကမူ ဤကောက်ချက်ချမှုကို ထောက်ခံသည့် ပြောဆိုမှုများမရှိပါ။ အနောက်တိုင်း မူးယစ်နှိမ်နင်းရေးအရာရှိများကမူ ဤကိစ္စအလို့ငှါ မက်တာအက်ဖီတမင်း ဆေးဝါးများကို ပို၍သုံးဖွယ်ရှိသည်ဟုဆိုသည်။

ကုလအေဂျင်စီ က ဤဒေသသည် ကမ္ဘာ့အကြီးဆုံး အက်ဖီတမင်း (amphetamines) ကဲ့သို့သော လူလုပ် မူးယစ်ဆေးဝါးများကို ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သည့် နေရာဖြစ်လာသည်ဟု မကြာမီက သတိပေး ပြောကြားခဲ့သည်။ ဤဒေသတွင် မြန်မာနိုင်ငံသည် အဓိကထုတ်လုပ်သူ နိုင်ငံတနိုင်ငံ ဖြစ်သည်။

`လုံခြုံမှုနှင့် တည်ငြိမ်မှုသည် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် မရှိမဖြစ် ကနဦး လိုအပ်ချက်များဖြစ်သည် ဆိုသည်ကို သမိုင်းက ပြသခဲ့ပြီး ဖြစ်သည်´ ဟု Mr. Leik က မဇ္ဈိမ ကိုပြောသည်။

ထို့ကြောင့် နိုင်ငံရေးအရ မသေချာမရေရာမှု အခြေအနေများသည် တောင်သူများအား ဘိန်းပြန်စိုက်အောင် စီးပွါးရေးအရ ဖိအားများကို တွန်းလှန်ရာတွင် မလွယ်ကူသည့် အနေအထားသို့ ရောက်နေသည်။ `တောင်သူတွေဟာ အတော်ဒုက္ခရောက်နေကြတာ၊ ဒါကြောင့် ဘိန်းပြန်စိုက် ကုန်ကြတာ´ ဟု သူက ပြောသည်။

မြန်မာအစိုးရကြောင့်လည်း ဤသို့မလွယ်သည့် အခြေရောက်ရသည် ဆိုသည်ကိုလည်း သူက သဘောတူသည်။

အဆိုပြုတင်ပြခဲ့သော စီမံကိန်းပေါင်းများစွာမှာ ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေသည့်အတွက် ပယ်ချခြင်းသော်လည်းကောင်း၊ ဆိုင်းငံ့ထားခြင်းသော်လည်းကောင်း ခံခဲ့ရသည်ဟု သူက ဆက်လက်ပြောဆိုသည်။

မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်။

ဗိုလ်ချုပ်မှူးကြီး ကိုယ်ရံတော်အထူးတပ်ဖွဲ့ ထူထောင်ထား

အံ့ဘုန်းမြတ် (DVB) | နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သက်တော်စောင့်အထူးတပ်ဖွဲ့ကို ထူထောင်ထားပါတယ်။ ဒီအထူးတပ်ဖွဲ့ကို လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက စစ်ပညာသင်ပေးခဲ့တဲ့ ကလေးစစ်သားတွေနဲ့ ဖွဲ့စည်းထားတာလို့ တပ်မတော်အဆင့်မြင့်အရာရှိအသိုက်အ၀န်းနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ် တချို့က ပြောပါတယ်။
အသံဖိုင်နားဆင်ရန်APM-SPERICAL ARMY-12122009 by ahuntphonemyat
လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်နဲ့ တပ်မတော်ကို ဗိုလ်ချုပ်မှူးကြီးက ကြိုးကိုင်ရာမှာ အထောက်အကူဖြစ်စေဖို ဒီလိုဖွဲ့စည်းထူထောင်ထားတာလို့ ဆိုပါတယ်။ ဒီတပ်ဖွဲ့အတွက် နအဖစစ်တပ် ထိုးစစ်ဆင်ခဲ့တဲ့ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် မိဘဆုံးရတဲ့ တိုင်းရင်းသားကလေး ငယ်တွေကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီးရွေးချယ် စုဆောင်းခဲ့တာလို့လည်း သူတို့က ပြောပါတယ်။

ဒီကလေးတွေကို ပဲခူးတိုင်း၊ အုတ်တွင်းမြို့နားက တိုင်းဗဟို ၆ လေ့ကျင့်ရေးစခန်း၊ ရန်ကုန်တိုင်း ရဲမွန်လေ့ကျင့်စခန်းနဲ့ ဒီ့ပြင် လျှို့ဝှက်လေ့ကျင့်ရေးစခန်းတွေမှာ စခန်းသွင်းစစ်ပညာတွေသင်ပေးခဲ့ပြီး အထူးတပ်ဖွဲ့အနေနဲ့ ပြုစုပျိုးထောင်ခဲ့တာလို့ တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

“မိဘမဲ့လိုဟာမျိုးတွေ နေရာပေါင်းစုံကနေပြီးတော့ စုဆောင်းထားတဲ့ဟာတွေက တော်တော် ကြီးနေပြီ၊ သုံးလို့ ကိုင်လို့ ရနေပြီလေ။ ဘယ်သူမှ ပြောလို့မှ သိပ်အရာမ၀င်ဘူး။ သူပြောမှ ပြီးတဲ့ကိစလေ။ အဲဒါမျိုး ထားတာဗျ၊ ထရိန်နီက ရိုးရိုးတပ်မတော်စစ်သားစုဆောင်းရေးထက် အများကြီးသာတယ်။ လက်နက် ပစည်းကိရိယာအစုံအလင်နဲ့ တကယ့်အဆင့်မြင့်ထရိန်နင်တွေဘာတွေ ပေးတယ်။”

ကလေးစစ်သားတွေအရေး အိုင်အယ်အို (နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်) ကို တိုင်းကြားရာမှာ ကူညီဖြေရှင်းပေးနေတဲ့ လမ်းပြကြယ် ဦးအေးမြင့်ကလည်း ဗိုလ်ချုပ်မှူးကြီးဟာ အထူးသက်တော် စောင့်တပ်ဖွဲ့ကို ထူထောင်ထားတာဟာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဖြစ်မယ်လို့ သုံးသပ်ပါတယ်။

“ဗိုလ်ချုပ် ဗိုလ်မှူးတွေကလည်း တယောက်ကိုတယောက် ယုံကြည်မှုရရှိတယ်ဆိုတဲ့အဆင့် မရရှိတဲ့အတွက် ကလေးတွေကိုမွေးတယ်။ ကိုယ်ပိုင် မိသားစုစစ်တပ်သဖွယ် အခုလို အဆင့်မြင့်တိုင်းဗဟို ၆ လို နီးစပ်ရာကလေးတွေ မွေးစားပြီး အရွယ်ရောက်လာတဲ့အခါ သူတို့ကို စောင့်ရှောက်ဖို့အတွက် စစ်သားတွေ မွေးယူတယ်လို့ ယူဆလို့ရတယ်၊ ဟုတ်လည်းဟုတ်နေပါတယ်။”

ကလေးပျောက်ဆုံးမှုတွေမှာ လိုက်ပြီးစုံစမ်းတဲ့အခါ စစ်သားစုဆောင်းရေးနဲ့ လေ့ကျင့်ရေးစခန်းတွေကို မရောက်ဘဲ လမ်းမှာပျောက်ဆုံးသွား မှုတွေ ရှိနေတယ်လို့လည်း ဦးအေးမြင့်ကပြောပါတယ်။

“ဒီကလေးမျိုးတွေဟာ မိသားစုကို ကာကွယ်မယ့်၊ မိသားစုတပ် ဖြစ်ဖို့အတွက် ဆောင်ရွက်နေတဲ့ တပ်တနေရာရာမှာတော့ ရှိတယ်လို့ ယူဆလို့ရတယ်။”

မြန်မာစစ်ဥပဒေမှာ အသက် ၁၈ ပြည့်ပြီး မိဘအုပ်ထိန်းသူရဲ့ ခွင့်ပြုချက်ရမှ စစ်မှုထမ်းခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် လက်တွေ့မှာတော့ တပ်မတော်အကြီးအကဲတွေကိုယ်က ဒီဥပဒေကို မလိုက်နာတာ တွေ့ရတယ်လို့ ဦးအေးမြင့်ကပြောပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Right Watch ) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကလေးစစ်သား ၇၀၀၀၀ လောက် ရှိနေပြီး ရန်ကုန်အခြေစိုက် အိုင်အယ်အိုရုံးကို ၂၀၀၇ ဖေဖော်ဝါရီကနေ အခုအထိ တရားဝင်တိုင်ကြားလာတဲ့ ကလေးစစ်သား အမှုပေါင်းကတော့ ၁၀၂ မှုရှိနေပါတယ်။

Source : http://burmese.dvb.no/news.php?id=9263
http://www.dawnmanhon.com/2009/12/blog-post_6821.html

၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ကိုမိုးသီးဇွန် ၏ ပြောကြားချက်

၁၉၈၈ ခုနစ် မှာ နိုင်ငံရေး အခြေ အနေ က လူထု တွေက အပြောင်း အလဲ ကိုလို လားနေ ကြပါတယ်။ ဆိုရှယ်လစ် စနစ် နဲ့  တိုင်းပြည်ကို တံခါး ပိတ်ထား ပါတယ်။ အဲဒီ အချိန်တွင် တိုးတက် ပြောင်းလဲ မှုကို လိုလား သော လူငယ် တွေက တိုင်းပြည် ကို ပိုမို ပွင့် လင်း တဲ့ စနစ်ကို သွားချင် နေကြပါတယ်။ ဒီအချိန်မှာ မဆလ အစိုးရက စီးပွားရေး နိုင်ငံရေး လူမှုရေး ပညာရေး တွေက အစ အဖက်ဖက်က ယိုယွင်း ပျက်ဆီး နေခဲ့ တဲ့ အချိန် လဲ ဖြစ်ပါတယ်။ ထိုအချိန်မှာ မဆလ အစိုးရ မှ ငွေစက္ကူ တွေကို တရား မ၀င် ဖျက်သိမ်း လိုက်ပါတယ်။ အဲဒီလို ဖျက်သိမ်း လိုက်တာ ကို လူထု နဲ့  ကျောင်းသား တွေက မခံ နိုင်ခဲ့ ပါဘူး။ ထိုအချိန် မှာ ကိုဘုန်းမော် ရုတ်တရက် အသတ်ခံရတဲ့ ကိစ္စကို အကြောင်း ပြုပြီး ကျောင်းသား လှုပ်ရှားမှု တွေက တက္ကသိုလ် တွေမှာ ဖြစ်လာ ပါတယ်။ ဒီကျောင်းသား လှုပ်ရှား မှုတွေ မှ စတင် ဦးဆောင် ပါဝင်ခဲ့ကာ နိုင်ငံရေး လောကထဲကို ရောက်လာ ခဲ့ပြီး ယနေ့တိုင် စစ်အစိုးရအား တိုက်ပွဲ ၀င်နေတဲ့ ကိုမိုးသီးဇွန် မှ စစ်အစိုးရမှ ပြုလုပ်မဲ့ ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်ပြီး ပြောကြားချက် -

ကိုမိုးသီးဇွန် - နအဖ က ခုထိသွားနေတဲ့ အခင်းအကျင်း အရတော့ ၂၀၁၀ ရွေးကောက်ပွဲ ကိုတော့ လက်မခံနိုင်ဘူး။ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာမယ်လို့ မယူ ဆဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က ၂၀၀၈ အခြေခံ ဥပဒေ အပေါ်မှာ အခြေခံ ထားတယ်။ ဒီဥပဒေက ဒီမိုကရေစီကို ဦးမတည်ပဲ စစ်တပ် ကို ထာဝရ အာဏာ ပေးထားတဲ့ဥပဒေ ဖြစ်နေလို့ပါ။ စစ်တပ်က ရွေးကောက်ပွဲ မလုပ်ရသေးဘူး တရားဝင် အာဏာသိမ်းထားပြီးပြီ ဖြစ်ပါတယ်။ သူတို့ ကတော့ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ချင် လုပ်မှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ရွေးကောက်ပွဲကနေ တရားဝင်မှု ရလာမယ်လို့ ယူဆ နေတယ်။ နအဖက ဒီနေ့ မြန်မာ ပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေက တရားဝင်မှု အကြပ် အတည်း - legatimatie Crisis လို့ ယူဆတယ်။


ဒါကြောင့် ရွေးကောက်ပွဲ ကို ဘယ်လိုပဲ လိမ်လိမ် ရလဒ် ထွက်လာရင် ဒီနေ့ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံး ကျော်လွား နိုင်မယ်လို့ ယူဆနေတယ်။ ဒါမှားတယ်။ အခုလည်းသူတို့ဟာ အာဏာ ရနေတာပဲ။ သူတို့ အကျပ် အတည်းကို မကျော်လွား နိုင်ပါဘူး။ သူတို့စီးပွားရေး ပိတ်ဆို့တာ၊ ဗီဇာတွေ ကန့်သတ် ခံထား ရတာ တွေကို သူတို့  မဖြေရှင်း နိုင်ဘူး။ ဒီနေ စီးပွားရေး မဟာ အကြပ်ဆိုက် မှုကို မဖြေရှင်း နိုင်ဘူး။ ဒါဟာ ရွေးကောက်ပွဲ လုပ်ရုံနဲ့ မပြီးဘူး ဆိုတာကို ပြနေပါတယ်။


ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့  နည်းလမ်း တခု ဆိုတာကို လက်ခံ ပါတယ်။ ဒါပေမဲ့ နအဖ ရွေးကောက်ပွဲက ဒီနေ့ မြန်မာ နိုင်ငံရေးရဲ့ အဓိက ဇတ်ကောင်တွေ ဖြစ်တဲ့ ဒီချုပ်တို့ တိုင်းရင်းသား အဖွဲ့တွေကို ဘေးထုတ် ထားတာ မရိုးသားမှု ဖြစ်ပါတယ်။ ဒါကို ရွေးကောက်ပွဲ ၀င်မဲ့ ပါတီတွေ သတိပြု သင့်တယ်။ အသုံးချ မခံစေ ချင်ဘူး။ ပါလီမန် ၊ ရွေးကောက် ပွဲကြောင့် အပြောင်း လဲတို့ ဖြစ်လာ မဟုတ်ပါဘူး။


ကျွန်တော် နောက်ဆုံး ပြောချင် တာကတော့ အလှည့် အပြောင်း တခု ဖြစ်လာ လိမ့်မယ်။ ဒီလို ပြောင်းလဲ မှုကို ဗိုလ်ချုပ်သန်းရွေက လုပ်ကို လုပ်လာ ရလိမ့်မယ်။ ဒါကိုသူမလုပ်ပဲ နေရင်တော့ သူကိုနိုင်ငံရေး လှိုင်းတပိုးက ရိုက်ပုတ် ချသွား မှာပါ။ ဦးနေ၀င်း ၊ ဦးစိန်လွင်၊ဒေါက်တာမောင်မောင်၊ ဗိုလ်ချုပ်ခင်ညွန့် တို့ ဟာ သက်သေပါ။


ဒီလို ဖြစ်လာမဲ့ရက်က မဝေးတော့ဘူး။ ကျောင်းသားတွေ ၊ ပြည်သူတွေ အဆင်သင့် ရှိဖို့ လိုတယ်။ အခွင့်ကောင်း ကို ဆုပ်ကိုင် တတ်ဖို့ လိုတယ်။ ပွဲသိမ်း တိုက်ပွဲက မဝေးတော့ ပါဘူးလို့ ကျွန်တော် ပြောချင် ပါတယ်။
http://www.hanthawaddy.org/ မှကူးယူဖော်ပြသည်။

မတရားစီရင်ချက်ချခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် တောင်းဆိုဆန္ဒပြ



ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများဦးဆောင်၍ ဒီဇင်ဘာ ၁၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီအရေး၊ ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဂျပန်အစိုးရမှ ပြတ်ပြတ်သားသား ဆောင်ရွက်ရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုမှ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတစ်ဦး ၀င်ရောက်မှုဖြင့် သြဂုတ်လ ၁၁ ရက်နေ့က နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ ချမှတ်ခဲ့သည်။ ထိုစဉ်ကတည်းက ဂျပန်ရောက် မြန်မာ့ဒီမိုသမားများက သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး၊ ဒုတိယလ(၁၁)ရက်နေ့တွင် ဂျပန်နိုင်ငံရှိ ကုလအဆောက်အဦရှေ့သို့ တောင်းဆိုချီတက်ဆန္ဒပြခြင်း၊ တတိယလတွင် ဂျပန်လွှတ်တော်ရှေ့ ၌ တောင်းဆိုဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ လစဉ်(၁၁)ရက်နေ့တိုင်း တောင်းဆိုဆန္ဒပြပွဲများပြုလုပ်သွားမည်ဟုလည်း သိရှိရပါသည်။
(နန်းအိမွန်ချစ်)

သံဃာ့အရေးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း တိုကျိုတွင်ဖွင့်လှစ်

ဖြိုးဝေ-mmp | သံဃာ့တော်များနှင့်သက်ဆိုင် သော အရေးကိစ္စအဝဝကို ဂျပန်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်နိုင်ရန်အတွက် တိုကျိုမြို့၊ ဆုဂါမို (Sugamo) ဘူတာအနီးတွင် အပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်း (International Sangha Office-Japan) ကို ဖွင့်လှစ်ထားရှိလိုက် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းအား ယိုးဒယာနိုင်ငံမှ ၂ဝဝ၉ ခုနှစ်၊ သြဂုတ်လတွင် ဂျပန် နိုင်ငံသို့ ကြွရောက်လာသော ဆရာတော်ဦးဓမ္မဇောတိမှ သံဃာ့ကိုယ်စားလှယ်အဖြစ် လက်ရှိ တာဝန်ယူဆောင်ရွက်ပေးနေလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၊ (၂၁)ရက်နေ့တွင် ဆရာတော်ဦး ဓမ္မဇောတိနှင့်အတူ နယူးဇီလန်နှင့် အင်္ဂလန်တို့မှ ကြွရောက်လာကြသော ဆရာတော်များအပါအဝင် စုစုပေါင်းသံဃာတော်(၅)ပါးဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အရှင်ဓမ္မဇောတိမှမိန့်ဆိုသည်။

''သံဃာအရေးကိစ္စတွေကို ဂျပန်မှာလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုအပ်တယ်လေ။ နောက်ပြီး သာသနာ့ဥသျှောင်ကဲ့ သို့ နိုင်ငံတကာနဲ့ဆက်သွယ်မှုတွေ လိုလာမယ်ဆိုရင် ဒီမှာဖြစ်သင့် တယ်၊ ရှိသင့်တယ်လို့ ဘုန်းဘုန်း အနေနဲ့လည်း ယူဆမိပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ဒီမှာ(ဂျပန်) အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကို ဖွင့်လှစ်ရခြင်းဖြစ်တယ်...''ဟု ဆရာတော်ဦးဓမ္မဇောတိမှ ဆက်လက်မိန့်ကြားသည်။

ဆရာတော်ဦးဓမ္မဇောတိသည် ၂ဝဝ၇ ခုနှစ် သံဃာသပိတ်တွင် ပြည်တွင်းသံဃာ့တပ်ပေါင်းစုအဖွဲ့၌ စည်းရုံးရေးမှူး တာဝန်ဆောင်ရွက်ခဲ့သည်။

လွတ်လပ်စွာလုပ်ကိုင်ခွင့်ရသော အင်္ဂလန်၊ အမေရိကန်နှင့် အခြား နိုင်ငံများတွင်ထားရှိသော သာသနာ့ဥသျှောင် ရုံးခန်းခွဲများ ထားရှိသကဲ့သို့ ဂျပန်နိုင်ငံတွင် ထားရှိစေလိုကြောင်း၊ ယခုအပြည်ပြည်ဆိုင်ရာ သံဃာ့ရုံးခန်းကိုလည်း နောက်ပိုင်းတွင် သာသနာ့ဥသျှောင် ဆရာတော်ကြီးများ၏ မိန့်ကြားချက်များ နှင့်အညီ နိုင်ငံတကာနည်းတူ ဖွင့်လှစ်နိုင်အောင်ကြိုး ပမ်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်းသိရသည်။

ယခုဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်းကို 'Itabashi'တွင်ရှိနေသာ 'မြန်မာ ယဉ်ကျေးမှုနှင့်လူမှုရေးအရေး (MCWA)'အမည်နှင့်တည်ရှိသည့် ဘုန်းကြီးကျောင်းနှင့်ခွဲထွက်ကာ စင်ပြိုင်ဖွင့်လှစ်ခြင်းမဟုတ်ကြောင်း သိရသည်။

'Itabashiမှာဖွင့်ထားတဲ့ မြန်မာဘုန်းကြီးကျောင်းကြီးလည်း ရှိပါတယ်။ သို့ပေမယ့် သံဃာ့အရေး၊ နိုင်ငံရေးနှင့် ဆက်စပ်တဲ့ကိစ္စတွေမှာ အခက်အခဲတွေအများကြီးရှိပါတယ်။ အဲ့ဒီ့အခက်အခဲတွေကို ပြေလည် စေချင်တဲ့အပိုင်းလည်းပါ,ပါတယ်။ နောက်ပြီးသံဃာ့အရေးကိစ္စဆောင် ရွက်နေတဲ့ ဆရာတော်သံဃာတော် တွေ ဂျပန်ကိုကြွလာတဲ့အခါမျိုးမှာ တည်းခိုဖို့အခက်အခဲလည်းမဖြစ် တော့ဘူးပေါ့...''ဟု ယခုလိုမိန့် ဆိုသည်။

သံဃာ့ရုံးခန်းဖြစ်မြောက်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာတကာ/ တကာမတချို့မှ ဝိုင်းဝန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။

ဆရာတော်မှဆက်လက်၍ 'သံဃာနှင့်ဒကာ'ဆိုသည်မှာ ''သာဂါရာ အနာဂါရာစ ဥဘောအညေါ ည နိဿိတာ''ဆိုသည့် တရား တော်အတိုင်း ''ကိုင်းကျွန်းမှီ ကျွန်းကိုင်မှီ''ဆိုသလို အပြန်အလှန် အမှီ သဟဲပြုနေကြတာဖြစ်ကြောင်း မှတ်သားဖွယ်မိန့်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာသံဃာ့ရုံးခန်း ကိုဆက်သွယ်လိုပါက-

T၁၇ဝ-ဝဝဝ၂

ROOM - 501, TOKYO, TOSHIMA-KU, SUGAMO DEAR PLAZA, 3-24-5

(ဆရာတော်ဦးဓမ္မဇောတိ)

ဖုန်း - ဝ၈ဝ-၃၂၅ဝ-၆၇၁၂

မေးလ်လိပ်စာ - iso.jpb@gmail.com
iso.jp2009@gmail.com

သို့လည်းကောင်း၊ လက်ရှိ ကူညီဆောင်ရွက်ပေးနေသော ဒကာဒကာမများကို လည်းကောင်း ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

ဖုန်းနံပါတ်များမှာ -

ဝ၉ဝ-၉၉၇၂-၆ဝဝ၁၊ ဝ၈ဝ-၃၃၈ဝ-၅၈၄၇၊ ဝ၈ဝ-၃၁၂ဝ-၉ဝ၈၄၊ ဝ၉ဝ-၁၆၉၅-၂၄၅၅၊ ဝ၉ဝ-၄၈၄၄-၇ဝ၉၂၊ ဝ၈ဝ-၃ဝ၂၆-၁၆၁ဝ၊ ဝ၈ဝ-၅၃၇၃-၂၅၂၄ စသည့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger