06.Sept.2010...RFA...
မနက်ဖြန် အင်္ဂါနေ့ကစပြီး တရုတ်နိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေးခရီး ရောက်လာမယ့် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးတယူ ဖြေရှင်းရေးနဲ့ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတအောင် ကျင်းပရေး ဖိအားပေး ပြောကြားဖို့ အမေရိကန်ပြည်ထောင်စု နယူးယောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တရုတ်အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် အနေနဲ့ မြန်မာနိုင်ငံမှာ အတုအယောင် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ပြဿနာတွေကို ဥပေက္ခာ ပြုခြင်းအားဖြင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို အားပေးအားမြောက် မလုပ်သင့်ကြောင်း၊ တရုတ်အစိုးရ အနေနဲ့ မြန်မာကိစ္စကို ဟန်မပျက် ဆက်ဆံနေတာထက် တခြား နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ရေရှည်တည်တံ့မယ့် နိုင်ငံရေး အပြောင်းအလဲ ဖြစ်အောင် ဆောင်ရွက်သင့်ကြောင်း HRW အဖွဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး ဆိုဖီရစ်ချတ်ဆန်က ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ မူဝါဒ ရပ်တည်ချက်ဟာ တာဝန်သိ သိက္ခာရှိတဲ့ ကမ္ဘာ့ အင်အားကြီးနိုင်ငံ ဖြစ်ရစေမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ အပြောတွေနဲ့ မညီတာ တွေ့ရကြောင်း၊ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ထောက်ခံတာကနေ မြန်မာ ပြည်သူတွေကို ပြောင်းလဲ ထောက်ခံခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား ပိုခိုင်မာစေနိုင်ကြောင်းလည်း HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment