၁၇ ဇွန် ၂၀၁၀...ခေတ်ပြိုင်
အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းသည် မြန်မာစစ်အစိုးရအနေဖြင့် အီရန်နှင့်ဆက်ဆံရေး ခိုင်မြဲစေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံအရေး လေ့လာသုံးသပ်နေသူများက ပြောဆိုသည်။
နျူကလီးယားလက်နက် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများနှင့် ရင်ဆိုင်နေရသော အီရန်နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုခိုင်မြဲစေရန် မြန်မာစစ်အစိုးရက အစဉ်တစိုက် ကြိုးပမ်းနေကြောင်း နျူကလီးယားနှင့် ပတ်သက်သည့်ဆောင်းပါးများ ရေးသားသူ ရဲဘော်ဖိုးသံချောင်းက ပြောသည်။
၎င်းက “လက်ရှိအခြေအနေမှာ ဗမာဗိုလ်ချုပ်တွေဟာ နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ အားငယ်၊ အထီးကျန်နေတယ်။ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကိုလည်း အမျိုးမျိုးခံနေရတယ်။ အဲဒီအခါမှာ အထီးကျန်နေကြတဲ့ ဘဝတူ နိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်လာအောင် လုပ်ဆောင်လာတဲ့သဘောလောက်ပဲ ရှိတယ်။ အီရန်ကို ဆက်ဆံတာကလည်း နိုင်ငံရေး၊ စီးပွားရေးအမြတ်အတွက် မဟုတ်ဘူး။ နောက်ပြီး နျူကလီးယားနဲ့ ပတ်သက်တဲ့ ပံ့ပိုးမှုတွေကို ရနိုင်တဲ့အထိ ဖြစ်လာမယ်လို့လည်း ကျနော်မထင်ဘူး” ဟု ပြောကြားသည်။
အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီးသည် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် ဇွန် (၁၆) ရက် နေ့လယ်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံခဲ့သည်။
အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီး မစ္စတာ မိုဟာမက် အလီဖာသိုလာဟီအား တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ဒု-ညွှန်ချုပ် ဦးဟောက်ဒိုဆွမ်းနှင့် ဝန်ကြီးရုံးအဖွဲ့မှူး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသော်လည်း ဆွေးနွေးမှုနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။
နျူကလီးယား ပိုင်ဆိုင်ရေး စီမံကိန်းနှင့် ဆက်စပ်သော မြောက်ကိုရီးယားနိုင်ငံ၏ ပံ့ပိုးမှုများအကြောင်း ဖော်ပြထားသည့် ထိပ်တန်းလျှို့ဝှက်စာရွက်စာတန်းများနှင့် ဓာတ်ပုံအထောက်အထားများကို ပြည်ပမီဒီယာများက ဖွင့်ဟဖော်ထုတ်ခဲ့ပြီးသည့်နောက် မြန်မာစစ်အစိုးရက စွပ်စွဲချက်များကို “နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်သော အခွင့်အရေးရှိသည့်အချက်ကို မြန်မာနိုင်ငံမှ အစဉ်တစိုက် ထောက်ခံပါသည်” ဟု ပြန်လည်ချေပခဲ့သည်။
အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တဦးကမူ မြန်မာစစ်အစိုးရသည် အမေရိကန်နိုင်ငံကို ရန်သူကဲ့သို့ သဘောထားပြီး အမေရိကန်နှင့်မတည့်သည့် နိုင်ငံများကို ပေါင်းနေသည်ဟု ပြောဆိုသည်။
၎င်းက “နအဖစစ်အစိုးရဟာ အမေရိကန်နဲ့မတည့်တဲ့ ဘယ်နိုင်ငံနဲ့မဆို နှစ်နိုင်ငံ ဆက်ဆံရေးကောင်းအောင်၊ မဟာမိတ်နိုင်ငံအဖြစ် သတ်မှတ်ပြီး ပေါင်းဖို့ဝန်မလေးဘူး။ မြောက်ကိုရီးယား၊ အီရန်၊ ဆူဒန်၊ သီိရိလင်္ကာ၊ ဆီးရီးယားတို့လို နိုင်ငံတကာမှာ သဘောထားတင်းမာပြီး ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်တဲ့နိုင်ငံမျိုးနဲ့ နအဖက နေချင်နေတာ။ ဒါကြောင့် ဒီလို အဲဒီနိုင်ငံတွေနဲ့ ရအောင် ပေါင်းတယ်။ ဒီလိုပေါင်းနေတယ်ဆိုတာကိုလည်း အတိအလင်း ဖော်ပြတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း မြန်မာစစ်အစိုးရ၏ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော အဖွဲ့သည် အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီး မိုဟာမက် အလီဖာသိုလာဟီ၏ ဖိတ်ကြားချက်အရ အီရန်နိုင်ငံသို့ (၄) ရက်ကြာခရီး သွားရောက်ခဲ့သေးသည်။
Home »
ကိုကိုဝင်း
» အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီး မြန်မာနိုင်ငံသို့ အလည်ရောက်ရှိ
အီရန် နိုင်ငံခြားရေး ဒု-ဝန်ကြီး မြန်မာနိုင်ငံသို့ အလည်ရောက်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment