၁၆ ဇွန် ၂၀၁၀...ခေတ်ပြိုင်
မြ၀တီမြို့တွင် ထိုင်းဘက်မှ တရားမ၀င် တင်သွင်းထားသည့်
ကုန်ပစ္စည်းများကို ရန်ကုန်မှ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးနေသည့်အတွက် ထိုင်းကုန်တင်သွင်းသည့်
မြန်မာကုန်သည်များ လုပ်ငန်းများ ရပ်ဆိုင်းထားကြသည်။
ထိုင်းဘက်မှ မော်တော်ကား၊ ဆိုင်ကယ်နှင့် ဂျပန်စက်ဘီးများ တင်သွင်းနေသည့် မြန်မာကုန်သည်တဦးက “မနေ့က စ၀င်တာ၊ ဒီနေ့ပါဆိုရင် နှစ်ရက်ရှိပြီ။ ရက်အကန့်အသတ် မရှိဘူးလို့ပြောတယ်။ အဲဒီအထူးအဖွဲ့က မြ၀တီမှာရှိတဲ့ လက်ကြီးကုန်သည်တွေ လှောင်ထားတဲ့ ပစ္စည်းဂိုဒေါင်တွေကို လိုက်စစ်ပြီး စာရင်းတွေယူသွားတယ်။ ဒါကြောင့် ကျနော်တို့လည်း ဘာကုန်မှမသွင်းဘဲ ရှောင်နေရတယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆေးရေးအဖွဲ့ ၀င်ရောက်မှုကြောင့် မြ၀တီတွင် ကုန်သည်များ တင်သွင်းထားသည့် တရားမ၀င် လိုင်စင်မဲ့ကားများနှင့် ကုန်ပစ္စည်းအချို့ကို မြို့ပြင်ရှိ (ဒီကေဘီအေ) စခန်းများနှင့် ဂိုဒေါင်များတွင် သွားရောက်အပ်နှံမှုများ ပြုလုပ်ခဲ့ကြပြီး ကုန်သည်ကြီးများသည် မဲဆောက်တွင် တိမ်းရှောင်နေကြရသည်ဟုလည်း ပြောသည်။
အထူးအဖွဲ့က ထိုသို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးရခြင်းမှာ မြ၀တီနယ်စပ်ကုန်သွယ်ရေးတွင် သွင်းကုန်မှရရှိသည့် အကောက်ခွန် ငွေပမာဏသည် လျာထားသတ်မှတ်ချက်ထက် များစွာ နည်းနေသည့်အတွက်ဖြစ်ကြောင်း စစ်ဆေးရေးလုပ်ငန်းများတွင် ကူညီပေးရသည့် ဒေသခံဝန်ထမ်းတဦးက ပြောသည်။
ယခင်ကလည်း မြ၀တီတွင် အလားတူ ၀င်ရောက်စစ်ဆေးမှုများ ရှိခဲ့ပြီး ထိုင်းပစ္စည်းများ တရားမ၀င် တင်ပို့နေသည့် မြန်မာကုန်သည်ကြီးအချို့ လုပ်ငန်းရပ်နားထားခဲ့ကြရသည်။
ယခုအခါ စစ်ဆေးရေးအဖွဲ့က တရားမ၀င်ကုန်ပစ္စည်း သိုလှောင်သည့် ဂိုဒေါင်များကို အသေးစိတ်စာရင်းများ ကောက်ယူပြီးသော်လည်း အဖမ်းအဆီး ပြုလုပ်ခြင်းမရှိသေးဟု သိရသည်။
မြ၀တီမြို့ခံတဦးက “ဘာပဲဖြစ်ဖြစ် ကုန်သည်တွေ အခုလို အရင်ရှောင်နေလိုက်တာ အသေချာဆုံးပဲ။ အရင်နှစ်တွေကလည်း ဒီလိုပဲ စစ်ဆေးရေးအဖွဲ့က စာရင်းကောက်ပြီးမှ ကုန်သည်တွေကို လိုက်ဖမ်းတာ။ အဲဒီတုန်းက ကုန်သည်တွေ အတော်အထိနာသွားတယ်။ ဒီအထူးအဖွဲ့က ရှောင်တခင်လာတာဆိုတော့ မြ၀တီအာဏာပိုင်တွေလည်း ဘာမှမတတ်နိုင်ဘူး” ဟု ပြောသည်။
ကုန်သည်များ၏ ဂိုဒေါင်များကို ၀င်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း တရားမ၀င် ထိုင်းကုန်ပစ္စည်း အများအပြား သိုလှောင်ထားသည့် ဒီကေဘီအေအဖွဲ့ပိုင် ဂိုဒေါင်များကိုမူ ၀င်ရောက်စစ်ဆေးခြင်း မရှိပေ။
No comments:
Post a Comment