Monday, 14 June 2010 21:47 သျှမ်းသံတော်ဆင့်
တာချီလိတ်မြို့နယ်အတွင်း လှုပ်ရှားသွားလာနေသော လိုင်စင်မဲ့ကားများအား နအဖအာဏာပိုင်များက ဖမ်းဆီးမှု ပြန်လည်ပြုလုပ်နေကြောင်းစုံစမ်းသိရှိရပါသည်။ “လိုင်စင်မဲ့ ကားတွေဖမ်းနေတာ ၃-၄ ရက်လောက်ရှိပြီ၊ တချို့ ကြိုတင်သတင်းရတာနဲ့ ကိုယ်ပိုင်ကားတွေ ဆိုင်ကယ်တွေမသုံးရဲတော့ဘူး၊ လုံခြုံတဲ့နေရာသွားဖွက်ထားကြတယ်” - ဟု တာချီလိတ်မြို့ခံ စိုင်းနွဲ့ က ပြောပါသည်။
လွန်ခဲ့သည့်သောကြာနေ့မှစ၍ ဆိုင်ရာအာဏာပိုင်များစုပေါင်းပြီး တာချီလိတ်မြို့အတွင်း မော်တော်ကားမျိုးစုံ အစီး ၅၀ ကျော်နှင့် မော်တော်ဆိုင်ကယ် အများအပြား ဖမ်းဆီးခဲ့ကြကြောင်း အမည်မဖေါ်လိုသည့် တာချီလိတ် ၀န်ထမ်းတဦးက- “တာချီလိတ် ဗျူဟာမှူးကတော့ အဲဒီ့ကိစ္စသူကိုင်တာမဟုတ်ဘူးတဲ့၊ အဖမ်းအဆီးလုပ်နေတာ နေပြည်တော် ကနေ တိုက်ရိုက်ကိုင်တာတဲ့” - ဟု ပြောပါသည်။
ဖမ်းဆီးခံရသည့် ကားများအနက် နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ အဖြစ် တိုးချဲ့ဖွဲ့စည်းခြင်းခံရသည့် မိုင်းကိုး လားဟူပြည်သူ့စစ်ခေါင်းဆောင်၏သားပိုင် ခ မော်ဒယ်လ် ကားတစီးလည်းပါဝင်ကြောင်း ကြားသိရပါသည်။
“ဒီနေ့မနက်ပိုင်းလဲ ဖမ်းနေတုန်း၊ ထိုင်း - ဗမာ ချစ်ကြည်ရေး တံတားထိပ် လမ်းဆုံနားမှာ ဌာနပေါင်းစုံက အာဏာပိုင်တွေ တွေ့ရတယ်၊ ကား ၃ စီး၊ မော်တော်ဆိုင်ကယ် ၅ စီး ဖမ်းထားတယ်”- ဟု မယ်ဆိုင်ဘက်ခြမ်းဈေးရောင်းသူ ဗမာ အမျိုးသား တဦးကလည်းပြောပြပါသည်။
မော်တော်ဆိုင်ကယ် နှင့် မော်တော်ကား ပိုင်ဆိုင်မှုလိုင်စင်ခွန် ထပ်မံပြုလုပ်ပေးမည့် သတင်းကြောင့် တာချီလိတ် မြို့ခံများက လွန်ခဲ့သည့် ၁ နှစ် ၂ နှစ် ကတည်းက မော်တော်ကားများဝယ်ယူစုထားကြသော်လည်း လိုင်စင်ခွန် မော်တော်ဆိုင်ကယ်မှလွဲပြီး အသစ်ထပ်မံပြုလုပ်ခြင်းမရှိဘဲ ယခုကဲ့သို့ဖမ်းဆီးလိုက်ခြင်းမှာလိုင်စင်မဲ့ကား တိုးလာ စေရန် အကွကဆင် ၀ါဒဖြန့်ခြင်းသာဖြစ်နိုင်ကြောင်း ထိုင်းဘက်ခြမ်းသို့မော်တော်ကားဝှက်ထား သူတဦးက ပြောပါသည်။
“ပြီးခဲ့တဲ့ ၃ - ၄ နှစ်က ဖမ်းထားတဲ့ကားတွေကို နေပြည်တော်ဆောက်လုပ်ရေးအတွက်မနှစ်က ထုတ်ရောင်း တယ်။ အခုထပ်ဖမ်းတာလဲ တခုခု/တနေရာရာမှာ ၀င်ငွေအတွက်ရဖို့ဘဲဖြစ်မယ်။ ပြည်သူ့ မျက်ရည်ကို သူတို့ ဂရုမစိုက်ပါဘူး”- ဟု တာချီလိတ်ရောက် တောင်ကြီးသားစီးပွားလုပ်ငန်းရှင်တဦးက ပြောပါသည်။
လွန်ခဲ့သည့် ၃ နှစ်က ဖမ်းထားသည့် တာချီလိတ်မြို့ခံများ၏ လိုင်စင်မဲ့ကား အစီး ၂၀၀၀ ကျော်အနက် ထက်ဝက် ခွဲ၍ ၂၀၀၉ အောက်တိုဘာက ကျိုင်းတုံမြို့၌ ပထမဆုံးအကြိမ် မော်တော်ကား လေလံပစ်ပွဲပြုလုပ်ရောင်းချရာ အစီး ၇၀၀ ကျော် ရောင်းထွက်ခဲ့သည်။
No comments:
Post a Comment