Pages

ဒီချုပ် အလွန် “ကံ” ကောင်းတယ် (ဆောင်းပါး-ကိုဂျူး)


နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ကြည့်မကောင်း တော့ပါဘူး။ ပြည်သူတွေအတွက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ စိတ်ဝင်စား စရာမရှိ လုပ်လဲ အရေးမကြီး မလုပ်လဲ အရေးမကြီးတဲ့ ရွေးကောက်ပွဲပါ။ နအဖရဲ့ ရည်ရွယ်ချက်နဲ့ အဖြေကို သိသွားလို့ လွတ်လပ် တရားမျှတယ် ပြောဘို့တော့ ဝေလာဝေးပါဘဲ။

ဟိုအရင် ၁၉၉၀ ရွေးကောက်ပွဲ လုပ်ပေးခဲ့တုံးက တပ်မတော်က ပါတီတွေရဲ့ အထက်က နေပါတယ်၊ တစ်ယောက်မှ ၀င်အရွေးမခံဘူး၊ နိုင်ငံရေးပါတီ မထောင်ပါဘူး၊ နိုင်ငံရေး စကားမပြောပါဘူး၊ စည်းကမ်းရှိ မွန်မြတ်တဲ့ အမျိုးသား တပ်မတော်၊ သမာသမတ် ကျကျ ကြားနေမဲ့ ဒိုင်လူကြီး role ပါ၊ အခု ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်မှာ အမတ်နေရာ ၂၅% အမြဲယူထားမယ်၊ ပြိုင်ဘက် ပါတီကိုလဲ ရှင်းပစ်တယ်၊ ကိုယ်တိုင်လဲ ပါတီလဲ ထောင်မယ်၊ စစ်ဗိုလ်ကြီးတွေက ရွေးကောက်ပွဲ မဲဆန္ဒနယ် မှန်သမျှလဲ ၀င်အရွေးခံကြဦးမယ်၊ ပြည်သူ့ ဘဏ္ဍာငွေကြေး အင်အားတွေလဲ ယူသုံးဦးမယ် ဆိုတော့ အဆင့်အတန်းက အနှစ် နှစ်ဆယ် အတွင်းမှာ အစွယ်ဖွေးဖွေးနဲ့ မန်ဖြီနေတဲ့ ကျားကြီး တစ်ကောင် ဖြစ်သွားပါတယ်။ မယုံနိုင်စရာပါဘဲ။

အဲ - နအဖစစ် အစိုးရကို ယုံကြည်တယ်၊ စစ်တပ်ရဲ့ mind set ကိုသိရမယ်၊ ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော်ထဲ ရောက်မှ အခြေခံဥပဒေ ဘောင်ထဲကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲအောင် ပေါင်းလုပ်နိုင်မယ် ထင်နေ ပြောနေသူတွေတော့ ပွဲထဲက လူပျက်လို ၀ိုင်းအုံကြည့်ခံ နေရပါပြီ။ တက်ကြွနေတဲ့ ကိုယ့်လူတွေ ပါတီတွေထောင်၊ ဗျူးဆရာတွေနဲ့ အာဘောင်အာရင်းသန်သန် “ဗျူး” လို့မှ ပါးစပ်တောင် မပိတ်ရသေးဘူး နအဖက တဆုံးလုပ်တာ ခံလိုက်ရပါတယ်။ ရီရမလို ငိုရမလို ဖြစ်နေပေမဲ့ ဦးကျိုး နေသူတွေပီပီ တယောက်မှ ဒီငွေတွေနှဲ့ ကြံ့ဖွတ်က ပါတီ ထောင်တာကို မတရားဘူးလို့ ကျယ်ကျယ် မကန့်ကွက်ရဲပါ။

မြန်မာပြည်မှာ စစ်အစိုးရတွေ ဘေးကျပ် နံကျပ် ဖြစ်လာတိုင်း တိုင်းပြည်ကို let down လုပ်တတ်လို့ ပြည်သူတွေ နစ်နာရတာ ဒါပါနဲ့ဆို လေးငါးခါ မကတော့ဘူး၊ ပြည်သူတွေရဲ့ အယုံအကြည် ပျက်တာ ခံရတဲ့ မြန်မာ့ တပ်မတော် ကတော့ အနစ်နာဆုံးဘဲ။ မှတ်မိ သလောက် ရေးပြရရင် -

- ၁၉၈၈ အရေးအခင်းမှာ အာဏာသိမ်း တက်လာခါစက ပြည်သူနဲ့ မဆလအစိုးရအကြား ဘယ်ဘက်မှမပါဘူး ကြားနေ ပါ့မယ် အာမခံပြီး တကယ်တမ်းမှာ ကြားမနေဘဲ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တွေကို အရေးယူ ဖမ်းဆီးလာတာ တွေကြောင့် ပြည်သူတွေကျောင်းသားတွေ တဘက်နိုင်ငံတွေဆီ နယ်စပ်က ထွက်ပြေး ဘ၀ပျက် ခဲ့ကြ ရပါတယ်။

- ၁၉၉၀ ရွေးကောက်ပွဲ ပြီးရင် နိုင်တဲ့သူကို အစိုးရဖွဲ့ပေးပြီး ဘားတိုက်ပြန်မယ် ဆိုတဲ့ တပ်မတော် ခေါင်းဆောင်ရဲ့ လူသိရှင်ကြား ပြောစကားကို ဖျက်ပြီး အစိုးရဖွဲ့ မပေးဘဲ ရွေးကောက် တင်မြှောက် ခံရသူတွေကို ဖမ်းဆီး နှိပ်စက်ခဲ့တယ်။ ဒီလောက် ရှင်းနေအောင် ပြောခဲ့ရဲ့နဲ့ မျက်နှာပြောင်တိုက် လိမ်တယ် ဆိုပြီး တိုင်းပြည်ကရော ကမ္ဘာကပါ အထင်သေး ခံခဲ့ရပါတယ်။ ပြည်သူတွေက သူတို့ မဲပေးလိုက်လို့ သူတို့ ကိုယ်စားလှယ်တွေကို အစိုးရက နှိပ်စက် ငြှင်းပမ်းတာ ခံရရှာတာဆိုပြီး အတိုက်အခံကို ပိုဂရုဏာ သက်ကုန်ကြလို့ အတိုက်အခံက နိုင်ငံရေး အမြတ် ထွက်သွားပါတယ်။

နောက်သုံးနှစ်ကြာတဲ့ အချိန်မှာ အခြေခံဥပဒေ မဆွဲပါဘူး၊ တပ်မတော်ကို သမိုင်းတရားခံဖြစ်အောင်မလုပ်ပါနဲ့လို့ ယူနီဖောင်း အဆောင်အရောင် အပြည့်အစုံနဲ့ TVမှာ ပြောခဲ့တဲ့ ဗိုလ်ချုပ်စောမောင်ရဲ့ ဂတိစကားကိုပြင်ပြီး အမျိုးသား ညီလာခံခေါ် စိတ်ကြိုက် အခြေခံဥပဒေ အသစ်ဆွဲခဲ့တယ်။ ၂၀၀၈ဟာ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ် အများစုရဲ့ ဆန္ဒ သဘောထားမပါခဲ့ဘူး။ အာဏာလွှဲ ပေးရမဲ့အစား တပ်မတော်ကို သမိုင်း တရားခံဘ၀ ရောက်အောင် လုပ်ခဲ့ပါတယ်။

အခု လုပ်လာပြန်ပြီ “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” . . ဆိုပါလား။ ကြားခါစ ကိုယ်နားတောင် ကိုယ်မယုံနိုင်ပါဘူး။ ဒီလောက်ကြီး ဖြစ်လိမ့်မယ် မထင်ထားဘူး၊ လူမှုရေး အသင်း သက်သက်ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းက ဘယ်လိုက ဘယ်လို နိုင်ငံရေးပါတီ ဖြစ်သွားပါလိမ့်၊ ပြည်သူအားလုံး မျက်စိ လည်သွားပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀လုံးလုံး ဒီ အသင်းစဖွဲ့ ကတည်းက နိုင်ငံတော် အထောက်အပံ့နဲ့ ရပ်တည်လာတဲ့ အသင်း၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ အလှူငွေတွေ လုပ်အားတွေ ပေးခဲ့ ထည့်ဝင်ခဲ့တဲ့ အသင်းကြီး၊ နိုင်ငံရေး မလုပ်ပါဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ဘူး၊ မွန်မြတ်တဲ့ လူမှုရေး အသင်းကြီး သက်သက် ဖြစ်ကြောင်းကို နိုင်ငံတော် အကြီးအကဲ၊ အစိုးရ အကြီးအကဲတွေ ကိုယ်တိုင်က အကြိမ်ကြိမ် အခါခါ ဂတိပေး ကြေညာထားတာ ဒါကိုမှ လုပ်ဖြစ်အောင် လုပ်သေးတယ်။ နာမည်တူ၊ တံဆိပ်တူ၊ အလံတူ၊ လူတွေလဲတူ ခုရံပုံငွေပါ အတူသုံးတာ ဆိုတော့ ဘယ်လိုမှ ငြင်းမရပါဘူး။ ကုဋေပေါင်း ရာချီ ယူထားတဲ့ နိုင်ငံတော် အထောက်အပံ့တွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ နိုင်ငံတော်ပိုင် ယာဉ်အဆောက် အဦး ပစ္စည်းတွေ၊ နိုင်ငံတော် ၀န်ထမ်းတွေနဲ့ ပြည်သူတွေရဲ့ ငွေကြေး အလှူတွေ၊ လုပ်အား အလှူတွေ၊ ဒါတွေသုံးပြီး လုပ်ခဲ့တဲ့ အကျိုးပြု လုပ်ငန်းတွေ၊ အကျိုးအမြတ်တွေ ဘယ်ရောက်ကုန်လဲ။ လူသိရှင်ကြား စာရင်းရှင်း တရားဝင် liquidate မလုပ်ဘဲ နိုင်ငံရေး ပါတီ အဖြစ် ပြောင်းလို့လဲ မရဘူး၊ နိုင်ငံပိုင်ငွေတွေ နိုင်ငံတော်ပိုင် ပစ္စည်းတွေ မတရား ယူသုံးရင် တနေ့ပါတီ အဖျက်ခံရမဲ့အပြင် လူပါထောင်ကျမှာ၊ ပြည်သူအများက တောင်းဆိုလို့ ဆိုပြီး ရူးသလို ပေါသလို လုပ်ရမဲ့ကိစ္စ မဟုတ်ပါဘူး။ အပက (၃) ဆိုတာ နာမည်ကြီးပါ။ စစ်တပ်က လူတွေ အပက(၃) နဲ့ မစိမ်းပါဘူး။


ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မှတ်ပုံတင်သူ ပါတီ ခေါင်းဆောင်ကလဲ လက်ရှိ အစိုးရ ၀န်ကြီးချုပ်တဲ့၊ ပါတီ အမှုဆောင်တွေက လက်ရှိ ၀န်ကြီးတွေ ၀န်ကလေးတွေ အစိုးရအဖွဲ့က ဧရာမ ရာထူးကြီးတွေနဲ့၊ ဟုတ်နေပါပြီ။ သူများ နိုင်ငံတွေမှာ ရွေးကောက်ခံရလို့ အစိုးရ အဖွဲ့ဝင် ဖြစ်သွားရင်တောင် ရာထူးအာဏာ အလွဲ သုံးစားမှာစိုးလို့ မိမိပါတီနဲ့ တတ်နိုင် သလောက် ကင်းကင်း ဝေးဝေး နေပြ ရပါတယ်။ ပါတီ လှုပ်ရှားမှုတွေမှာ ၀င်မပါကြရပါဘူး၊ မြန်မာပြည်က နအဖမှာတော့ သာမန် နိုင်ငံရေး ပါတီတွေနဲ့ ယှဉ်ပြိုင် အရွေးခံဖို့ အာဏာရ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ ကိုယ်တိုင်က “ထ” ထောင် တဲ့ အစိုးရရဲ့ နိုင်ငံရေး ပါတီတဲ့၊ ဒီတစ်ခါဘဲ ကြားဘူးတယ်၊ နအဖအစိုးရ ဒီလိုလုပ်မှ အာဏာမြဲ မှာတဲ့လားကွာ။ လွှတ်တော်မှာ အမတ်နေရာ ၉၅% ထိ ကြံ့ဖွတ်(နအဖ)က by hook or by crook အနိုင်ယူလိမ့်မယ် ပြောနေကြပါပြီ။

နအဖက မတ်လတုန်းက ရွေးကောက်ပွဲ ဥပဒေဆိုတာ ထုတ်ပါတယ်၊ ဒီဥပဒေအရ အတိုက်အခံ ပါတီကြီးကို ပါတီဖျက်မလား၊ ခေါင်းဆောင် တွေကို ပါတီက ထုတ်ပစ်မလား လမ်းရွေးဘို့ ဖိအား ပေးထားတယ်။ ဟိုကလဲ သိပ်တောင် ခေါင်းရှုပ်ခံ မစဉ်းစားဘဲ ရွေးကောက်ပွဲ မ၀င်တော့ဘူး၊ ၂၀၁၀ကို အသိအမှတ် မပြုဘူး ဆိုပြီး ဖုတ်ဖက်ခါ သပိတ်မှောက် ထွက်သွားတယ်။ ရွေးကောက်ပွဲကို ဒီလို အချိန်မှီလေး သပိတ်မှောက် ထွက်လာ လိုက်နိုင်တာ အလွန် “ကံ” ကောင်းတယ် ပြောရမယ်။ နို့မို့ ၁၉၉၀ ရလဒ်လဲ ဆုံးရှုံးဦးမယ်၊ ၂၀၀၈ ကိုလဲ အသိအမှတ်ပြု ရမယ်၊ ရွေးကောက်ပွဲ ၀င်လဲ တယောက်မကျန် ရှုံးရုံဘဲ ရှိမှာ၊ နည်းမျိုးစုံနဲ့ ညစ်ဦးမှာ၊ ဘာမှ “စည်း” ရှိမှာ မဟုတ်ဘူး။ ကိုယ့် မတရားလုပ်ပြီး တက်လာတဲ့ ကြံ့ဖွတ်အစိုးရကိုလဲ အလေးပြုရဦးမယ် အရှုံးကြီးဘဲ၊ ဗွက်ပေါက်နေတဲ့ နအဖ Road Map ကိုထားခဲ့ပြီ။ နအဖ “မ” လို့ သီသီလေး လွတ်သွားတာ ကျေးဇူးဘဲ နအဖ ပေါ့။

အဲဒီအချိန်က မထင်မှတ်ဘဲ ပွပေါက်တိုးပြီ ထင်တာက တစည ခေါ်တဲ့ မဆလ ဟောင်းတွေဘဲ။ ရွေးကောက်ပွဲမှာ NLD မပါတော့ ဘူးဆိုတော့ သူတို့ဘဲ အများစုရှိမယ်၊ “ကော်” ကောင် ဖြစ်ပြီဆိုပြီး အားတက်သရော အသံတွေ ထွက်လာတယ်။ ခတ်စိပ်စိပ်လှုပ်ရှား လာတယ်၊ ကြာကြာ စိတ်ကူးမယဉ် လိုက်ရပါဘူး၊ အခု အစိုးရအရာရှိတွေက အစိုးရ ပိုက်ဆံတွေ သုံးပြီး ကြံ့ဖွတ်နာမည်နဲ့ တပြုံလုံး ရွေးကောက်ပွဲ ၀င်ပြိုင်ကြ တော့မယ် ဆိုတော့ တစည အိပ်မက်တွေ လေထဲမှာ ပျက်ပျယ် သွားပါတယ်။ နဂိုထဲက နအဖအစိုးရ proxy အနေနဲ့ သနားမှ ညှာမှ နေရာနဲနဲ လောက်ရမှာ၊ ပိုက်ဆံရှိ အာဏာရှိ ပြည်ခိုင်ဖြိုးကို တစည ဘယ်လိုမှ မယှဉ်နိုင်တော့ပါဘူး။ တစည ကံဆိုးပါတယ်။

နအဖနဲ့ပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲက တဆင့် လွှတ်တော်ထဲမှာ ဥပဒေပြုမယ် ဆိုတဲ့ အုပ်စုလေးတွေ၊ ဦးသုဝေတို့ ဦးခင်မောင်ဆွေတို့ ဦးသန်းငြိမ်းတို့လို ပါတီ ရှင်သန်အောင် ရွေးကောက်ပွဲ ၀င်ဘို့ လိုအပ်တယ်၊ လက်တွဲလုပ်ဘို့ လိုအပ်တယ် ဆိုသူတွေကို အပြစ် မပြောလိုပေမဲ့ နအဖကို tame လုပ်ယူမယ် ဆိုသူတွေ၊ ၀ိဒူရသခင် ချစ်မောင်လိုင်း အတွက်တော့ မျှော်လင့်ချက် ကုန်ဆုံးသွားပါပြီ။ စကတည်းက မပြည့်မစုံ မရေမရာနဲ့ အစွမ်းအစလေး ပြဖို့ အခွင့်အရေး သိပ်ဝေး သွားပါပြီ။ လွှတ်တော်ထဲမှာ မျက်နှာငယ်နဲ့ အသက်ဖက်နဲ့ထုပ် နေကြရမှာ၊ ဒီလိုအခွင့်အရေးကို ရအောင် ယူတတ် ရတယ်ကွ၊ သူများ မလုပ်နိုင်တဲ့ အချိန်မှာ
အလုပ် ဖြစ်အောင် ငါတို့က လုပ်ပြမယ်၊
We know how to strike a deal,
stakeholders တို့ pragmatic solution
တို့ တဖွဖွပြောနေသူ မျက်နှာသစ် အာကျယ်လေးတွေ ဂျောက်ကျ နာမည်ပျက်တာ အဖတ်တင်ခဲ့ရပြီး မျက်နှာပြောင်ပြီးသား အာကျယ်ကြီးတွေ ကတော့ ဖြုံမထင်ပါဘူး၊ ရိုးနေပါပြီ၊ အဲဒီ ပါတီလေးတွေလဲ စိတ်ဓါတ်ကျပြီး မကောင်းတတ်လို့ တစ်ပါတီကို ပျမ်းမျှ ငါးနေရာလောက် ၀င်ပြိုင်ခဲ့ရင် ကံကောင်းဘဲ။

လုပ်လို့ရတာ တနည်းကတော့ကော်မရှင်မှာ ကြံ့ဖွတ်က ခုလို ပြည်သူ့ ပိုက်ဆံတွေနဲ့ ပါတီထောင်တာကို ငွေစာရင်းတွေ လူသိရှင်ကြား စစ်ဆေးပေးဘို့၊ အသင်းဝင် အစိုးရ ၀န်ထမ်းတွေကို အသင်းက ထုတ်ပြစ်ဘို့ နိုင်ငံရေး ပါတီအနေနဲ့ တောင်းဆို ကန့်ကွက်ပါ။ မရရင် မိမိတို့ပါတီက မတရားတဲ့ ရွေးကောက်ပွဲမို့ ၀င်မပြိုင်တော့ဘူး သပိတ် မှောက်တယ်လို့ ကြယ်ကြယ် လောင်လောင် လုပ်ပါ။ kick start လုပ်ပစ်ပါ။ မတရား လုပ်တာ ငုံ့ခံပြီး တသက်လုံး နာမည်ပျက်ရမှာနဲ့ စာရင် အများကြီး ထူးခြား လာနိုင်ပါတယ်။

စေတနာဖြင့်၊

ကိုဂျူး

No comments:

Post a Comment