The voice 6-2, November 16.22, 2009 မှာပါတဲ့ ဆရာမောင်စူးစမ်းရဲ့  ဆောင်းပါးတို လေးကိုဖတ်ရပါတယ်၊ ဆရာ့ကိုစိတ်ဝင်စားသူ တယောက်လည်း ဖြစ်နေလို့ပါ၊ မ.ဆ.လ ခေတ်မှာ ဘောဂဗေဒ ဘာသာရပ်ကို စပြီးသင်ယူခဲ့စဉ်ကပင် ဆရာမောင်စူးစမ်း ဆိုတဲ့ အမည်နဲ့ ရင်းနှီးပြီး သားဖြစ်ခဲ့ပါတယ်၊။
အစွန်းထွက်တန်ဘိုးတို့၊ ကုန်ထုတ်စွမ်းအား ကုန်ထုတ်ဆက် ဆံရေး ဆိုတဲ့ ဝေဟာရတွေကို ကြားလိုက်ရင်ပဲ မောင်စူးစမ်းဆိုတဲ့ အမည်နာမကို ပြေးပြီး မြင်မိပါတော့တယ်။ ဆရာသည် ဆိုရှယ်လစ်ဘောဂဗေဒဘာသာရပ်မှာတော့ ပါရဂူတဦးပါပဲ၊ ဒါကြောင့်လည်း မ.ဆ.လ ခေတ်တခေတ်လုံးဆရာရဲ့ စာတွေ ဆရာ့ ရဲ့ ဆိုရှယ်လစ်စီးပွါးရေး သဘောတရားတွေကို ကျောင်း သားတွေ လေ့လာမှတ်သားခဲ့ကြရပါတယ်။
ဆရာသည် တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗဟိုလ်ကော်မတီတဦး ဖြစ်ခဲ့ဘူးတယ်လို့ လည်းသိခဲ့ရပါတယ်၊ ဗ.က.ပ ရဲ့ မူဝါဒလမ်းစဉ်အပေါ်မှာ သဘောထားကွဲလွဲလို့လား၊ လူပုဂ္ဂိုလ်တွေ အပေါ်မှာ အမြင်မကြည်လင်လို့လား ဆိုတာတော့ မသိပါ။ ဗ.က.ပ က ထွက်ပြီး မ.ဆ.လ ကို ကူးပြောင်း လိုက်တာကိုတော့ သိပါတယ်၊ ဒါကြောင့် ဗ.က.ပ ၊ မ.ဆ.လ တို့နဲ့ ပါတ်သတ်ပြီး သဘောတရားရော လက်တွေ့ပါ ကျွမ်းကျင်နေပြီဖြစ်တဲ့ ဝါရင့် ဆရာ ကြီး ဖြစ်လို့လည်း လေးစားမိပါတယ်။
ဒီဘက်ခေတ်ရောက်တော့လည်း ဆရာသည်နိုင်ငံရေးကို အစွဲအလမ်းကြီးတဲ့ နိုင်ငံရေး သမားကြီးတယောက်ဖြစ်နေသလား တော့ မပြောတက်ပါ၊ အင်အယ်ဒီမှာ လူကြီးတယောက် ဖြစ်နေ တာကိုလည်း တွေ့ရပြန်ပါတယ်၊ အခု ဆရာသည် အင်အယ်ဒီနဲ့ ဘယ်လိုဆက်ဆံရေးမျိုး ရှိမရှိဆို တာမသိပါ၊ န.အ.ဖ စစ်အစိုးရလက်ထက်မှာ တရားဝင်ထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ် တွေ ထဲမှာတော့ ဆရာ့စာတွေကို ဆက်လက်ပြီးတွေ့နေရပြန်ပါပြီ၊ ကမ္ဘာ့စီးပွါးရေး ပြောင်းလဲဖြစ်ပေါ်မှု့ တွေနဲ့ ပါတ်သက်ပြီး အတွေးအခေါ်ရှု့ဒေါင့်၊ ဘောဂဗေဒရှု့ဒေါင့်တို့မှ ဆရာ့ရေးသားတင်ပြချက် တွေကိုလည်း ယနေ့ အထိ ကျနော်တို့ တန်ဖိုးထား လေ့လာနေရတုံးပါ၊ ဆရာ့ကို ဆိုရှယ်လစ် စီးပွါးရေး ဘောဂဗေဒပညာရှင်ကြီးတဦး အနေနဲ့ လေးစားလျှက်ပါ၊ ဒါပေမယ့် ကျနော့်လို သာမန်စာ ဖတ်တတ်သူတဦးအနေနဲ့ ဆရာ့စာရေးပုံရေးနည်းတွေ၊ စကားလုံးအသုံးအနှုန်းတွေနဲ့၊ မြန်မာမှု့ပြု ထားတဲ့ ဝေါဟာရတွေက ခက် လွန်း နက်လွန်းလို့ နားမလည်တာတွေများတဲ့ အတွက် ကိုယ့်ရဲ့ ညံ့ဖျင်းမှုကိုပဲ အပြစ်တင်မိနေပါ တော့ တယ်၊ ဆရာသည် မြန်မာစာရေးတဲ့ နေရာမှာ ဆရာတော် သျှင်ဥက္ကဌ ကဲ့သို့ပင် ပညာရှင်ပီပီသသ နက်ရှိုင်းစွာရေးနှိုင်တဲ့အတွက် လေးစားရပါသေးတယ်၊ နားမလည်တာကတော့ စာဖတ်သူတွေရဲ့ညံ့ဖျင်းမှုပါပဲ။

ဆရာရဲ့ နိုင်ငံရေးသမားခံယူမှု့ မခံယူမှု့နဲ့ ပါတ်သတ်ပြီး ဆရာ့စာကိုလည်း ဖတ်မိဘူးပါတယ်၊ ဒါက ဆရာ့အပိုင်းပါ၊ သို့သော် ဆရာ ရေးတဲ့ ဒီမိုကရေစီ သည် အထက်ကလာမည် ဆိုတာမျိုး၊ ရွေးကောက်ပွဲနှင့် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတွေ ကိုဖတ်ရပြန်တော့လည်း ဆရာ သည် နိုင်ငံ ရေးနယ်ထဲမှ နိမိတ်ပုံဆောင် ဆရာကြီးတဦးဖြစ်နေပါသေးလားလို့ နားလည်မိပြန်ပါ တယ်။ ဒီမိုကရေစီသည် အထက်ကပဲလာမည်လို့ ဆရာရေး တုံးက လည်း ကျနော်က ဒီမိုကရေစီ သည် ဒီမိုကရေစီရှိတဲ့ နေရာ ကပဲလာနှိုင်တယ်လို့ ပြန်ပြီးရေးခဲ့ဘူးပါတယ်။ အခုလည်း ရွေးကောက် ပွဲနှင့် မဟာဗျူဟာ မြောက်ရုပ်ပြောင်းပွိုင့်ဆိုတဲ့ စာတမ်း ကို ဖတ်ရပြန်ပါပြီ၊ အဲဒီ့အထဲက နိုင်ငံရေးနှင့် ဒီပလိုမေစီ ”ခေါင်းတွဲနှင့်နောက်တွဲ” ဆိုတာတွေကို ကြိုက်ပါတယ်၊ ဘဝင်မကျတာ က ”မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ၊ ပေါ် မည့် မြန်မာ့ နိုင်ငံရေး ပုံသဏ္ဍန်သည် (လမ်းညွန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့် လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍဖြစ် တည် လာ မည်” ဆိုသည့် ဆရာ့ဟောကိန်းဖြစ်ပါတယ်။
ဆရာမောင်စူးစမ်းက မြန်မာ့နိုင်ငံရေး အနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီလို့ဆိုလိုက် တော့ ကျနော်လည်း ဘယ်လိုနားလည် ရမှန်းမသိတော့ပါဘူး။ ကမ္ဘာကြီးမှာ မည်သည့် လူ့အဖွဲ့အစည်းမှာ မဆို အိုင်ဒီအိုလိုဂျီကဏ္ဍ ကုန်ဆုံးတယ်လို့ ရှိဘူးပါသလား၊ ဆရာပြောသလိုဆိုရင် ဗမာပြည်မှာတွေးခေါ်ပညာရှင်တွေ မပေါ် ပေါက်နှိုင်တော့ဘူးလား၊ မိမိကိုယ်စားပြုနေတဲ့ နိုင်ငံနဲ့ လူ့အဖွဲ့အစည်း တိုးတက် ဖြစ်ထွန်းရေး အတွက် တွေးခေါ်မျှော်မြင်စဉ်း စားဖို့ မလိုအပ်တော့ဘူးလား၊ လူတိုင်းမှာ လွတ်လပ်စွာတွေးခေါ် ခွင့်နဲ့ လွတ်လပ်စွာ ဖေါ်ထုတ် ခွင့်ဆိုတာ မရှိရတော့ဘူးလား၊ ကမ္ဘာ့ဒဿန ပညာသမိုင်းမှာ ဆော့ခရစ်တီး၊ ပလေတို၊ အရစ္စတိုတယ်၊ ဟေဂယ် တို့မှအစ ဒါဝင်၊ ဖေါရီးယား၊ စိန့်ဆိုင် မွန်၊ ကား(လ်)မာ့က်(စ်)၊ နစ်ရှေးတို့အပါအဝင် ယ္ခုခေတ်အော်စကာ အီကာစိုတို့အထိ လွတ်လပ်စွာ ပေါ်ထွန်း လာခဲ့ကြတဲ့ အိုင်ဒီ လို ဂျစ်ကြီး တွေပင် မဟုတ်ပါလား၊ ဆရာ့အပြောအရဆိုရင် အနာဂတ် မြန်မာ့ နိုင်ငံရေးမှာ အိုင်ဒီအိုလိုဂျီကဏ္ဍသည် န.အ.ဖ က စိတ်တိုင်းကျရွေးကောက်ပွဲမှ ဖြစ်ပေါ်လာ မည့် (တပ်မတော်နှင့် လွှတ်တော်)ကသာ ပေါ်ပေါက်လာရမည်၊ အခြားမည်သည့် နေရာကမှ ဖြစ်ထွန်းခွင့် မရှိလို့ဖြစ် နေပါရော့လား၊ ဆရာက ဦးနှောက် မဲ့ မြန်မာ့လူ့အဖွဲ့အစည်း အဖြစ်ပုံဖေါ်ချင် ဟန် ရှိနေ ပါပေါ့လား။
မြန်မာ့နိုင်ငံရေးအနာဂတ်မှာ သမိုင်းကဏ္ဍလည်းကုန်ဆုံးပြီလို့ ဆရာကဆိုပြန်ပါတယ်၊ ဘယ်သမိုင်းကဏ္ဍကို ဆရာကဆို လို တာလဲ၊ ကွန်မြူနစ်သမိုင်း နိဂုံးချုပ်ချိန်ဆိုတာ နဲ့တော့ ရောပြီး မပြောသင့်ပါဘူး၊ လူ့သမိုင်းကဏ္ဍဆိုတာ လူတွေနဲ့မကိုက်ညီ တော့လို့ ချုပ်ဆုံးမှု့တွေရှိကြပေမယ့် လူတွေနဲ့ ကိုက် ညီမယ့် သမိုင်းကဏ္ဍသစ်တွေက ပေါ်လာရစမြဲပါ၊ အဟောင်းအဟောင်း တွေကို ပြုပြင်ရင်း အသစ်အသစ်တွေကို ဖန်တီးနေကြတဲ့ ဖြစ်စဉ်သည်ပင်လျှင် သမိုင်းမဟုတ်ပါလား။ မြန်မာနိုင်ငံမှာလည်း မြန်မာ့လူအဖွဲ့အစည်းနဲ့ ကိုက်ညီမယ့် သမိုင်းကိုမြန်မာတွေ ဖန်တီးနေကြမှာပါ၊ စစ်တပ်ကဦးစီးထားတဲ့ လွှတ်တော်ကသာ မြန်မာ့သမိုင်းကို ဖန်တီးခွင့်ရှိတယ် လို့တော့ မြန်မာ့ သမိုင်းကို စစ်တပ်ထံ ”ဝ” ကွက်မအပ်သင့်ပါဘူး။
နောက်တချက်က မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍလည်း ကုန်ဆုံးသွားပြီလား၊ ခေတ်ဟောင်းက အယူအဆအတိုင်း နိုင်သူက သမိုင်းဝင်၊ ရှုံးသူက သမိုင်း ကျဉ်ဆိုတာမျိုးတော့ မလုပ်သင့်ပါဘူး၊ လူ့သမိုင်းမှာရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ လူသားအကျိုး အတွက် အမှန်တရားဘက်မှ ရပ်တန့် ခဲ့သူတွေရဲ့ သမိုင်းဟာ ဘယ်တော့မှ ပျောက်ပျက်သွားမည် မဟုတ်ပါဘူး၊ တို့တောင်းတဲ့ ကာလလေး တခုကို ကြည့်ပြီး မဟာခေါင်းဆောင်တို့ရဲ့ ကဏ္ဍသည် ကုန် ဆုံးသွားပြီ ဆိုတဲ့ ကောက်ချက် ကတော့ ရိုင်းလွန်း တယ်လို့ ထင်ပါတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော် ဒီမိုကရေစီ ခေါင်းဆောင်ကြီးများရဲ့ ကဏ္ဍသည် အကြောင်းမမည် အရာမ ရောက် ဘဲ ရပ်တန်းက ရပ်သွားပြီ၊ စစ်တပ်က ဖန်တီးမယ့် လမ်းစဉ်အတိုင်းလိုက်ဖို့သာ ဖြစ်တော့သည်လို့ ဆရာက မှတ်ချက်ချ လိုက်တာပဲ၊ ခေါင်းဆောင် ဆိုတာ လည်း လူတွေပါပဲ၊ လူတွေ့သည် ကိုယ့်သမိုင်းကို ကိုယ်ရေး နေကြတာပါ၊ အတွေးအခေါ်၊ အယူ အဆ၊ လမ်းစဉ်တွေ နဲ့ အတူ သမိုင်းမှတ်ချက်တွေ အပေးခံ နေကြရတာပါ။ အခန်းကဏ္ဍသည် ပြီးဆုံးသွားသည်ဟု မရှိ ခဲ့ပါဘူး။
ဆရာမောင်စူးစမ်းသည်ပင်လျှင် ဗ.က.ပ ဗဟိုလ်ကော်မီတီအခန်းကဏ္ဍမှ မ.ဆ.လ ပါတီကို အလုပ်အကျွေးပြုခဲ့သူ ဖြစ်ခဲ့တယ်၊ ပြီးတော့ အင်အယ်ဒီ ဗဟိုလ်မှာ ဆရာ့ကိုတွေ့ရပြန်တယ်၊ ဟောအခု န.အ.ဖ ခေတ် စာရေးဆရာကြီး ဖြစ်နေပြန်ပါတယ်၊ ဆရာ့ကဏ္ဍတွေက အပြောင်းအလဲ တွေပဲမဟုတ် ပါလား ပြီးဆုံးသွားးခြင်း၊ ကုန်ဆုံးသွားခြင်းမျိုးတော့ ဆရာ မသေမခြင်း မဖြစ်တန်ရာပါ ဘူး၊ ထို့နည်းအတူပဲပေါ့ မဟာခေါင်းဆောင်ကြီးတွေရဲ့ ကဏ္ဍ သည် သူတို့လှုပ်ရှားနေသ၍ ပြီးဆုံး မသွားပါဘူး။
ပေါ်မည့်မြန်မာ့နိုင်ငံရေး ပုံသဏ္ဍာန်သည် (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ် ပေးသော ကဏ္ဍဖြစ်တည်လာ မည်လို့ ဆရာကဟောကိန်း ထုတ်လိုက်တယ်၊ ဒါတွေကတော့ ဆရာပြောမှချည်းမဟုတ်ပါဘူး၊
အရပ်ထဲမှာလည်းပြောနေကြတာပါပဲ၊ ပြည်တွင်းရောပြည်ပမှာပါ အတိုက်အခံတွေရဲ့ လှုပ်ရှားမှု့တွေက န.အ.ဖ ကိုထိထိရောက် ရောက် မသက်ရောက်ခဲ့သေးဘူး ဆိုတာ လူတိုင်းသိနေကြတာပါပဲ၊ ၉၀ ခုနှစ်က တရားဝင်ရွေးကောက်ပွဲ (ကမ္ဘာကလည်း အသိ အမှတ်ပြု) မှာ တရားဝင်အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီကို အာဏာမလွှဲ၊ အသိမအမှတ်တောင် မပြုပဲ နှိပ်ကွတ်နေခဲ့တာ ဘယ် သူ က ဘာများတက်နှိုင်ကြလို့လဲ၊ ပြည်တွင်းကလည်း မတက်နှိုင် ပြည်ပကလည်း မကူညီနဲ့ ရေစုံမျောခဲ့ရတဲ့အခြေအနေကို အတိုက်အခံတွေဘက်က လည်း ဘာမှ မလုပ်နိုင်ဘူးဆိုတော့ န.အ.ဖ ကခင်းတဲ့လမ်းကို လျှောက်ဖို့မှ အပ အခြားမရှိဘူးဆိုတဲ့ အဖြေကို ဆိုက်နေပြီဆိုတာကတော့ လူတိုင်း တွေ့မြင်နေရတဲ့ အချက်ပါ၊ ဆရာကဟောကိန်းထုတ်မှ မဟုတ်ပါ ဘူး။ မြန်မာ့အခြေအနေသည် အင်ဒိုနီးရှားတို့လို ထိုင်းတို့လို စစ်အာဏာရှင်စံနစ်မှ ဒီမိုကရေစီသို့ တဖြည်းဖြည်းပြောင်း သွားအောင် ပင် မနည်းလုပ်ယူကြရအုံးမှာပါ။
မြန်မာ့အရေးနဲ့ အမြဲလိုလိုပတ်သက်နေသည့် အမေရိကန်ပင်လျှင် နှစ်ပေါင်းနှစ်ဆယ် လောက် ဆက်စပ်ခဲ့အပြီးမှာ စစ်အစိုးရ ကိုပဲ ပြန်လည်အာရုံကျ လာတယ်ဆိုတာ သိသာပါတယ်၊ စစ်အေးတိုက်ပွဲက ကမ္ဘာမှာပြီးသွားတယ်ဆိုပေမယ့် မြန်မာပြည်မှာက မပြီးသေးပါ၊ ဘယ်တော့မှ ပြီးမလဲဆိုတာလည်း မသိနှိုင်သေးပါ၊ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်အနေနဲ့ သူနဲ့ အကျိုးတူ ရပ်တည်မယ့် အစိုးရမျိုးဖြစ်စေချင်မှာပဲ ဆိုတာလည်း ထည့်တွက်ကြရမှာပါ၊ အကျိုးဆက်တွေ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်လည်း လျှောလျှောလျူလျူ ဖြစ်သွား နှိုင်ပါတယ်၊ ဆရာပြောတဲ့ စစ်အစိုးရဦးစီး တဲ့ လွှတ်တော်သည်လည်း ရုပ်ပြောင်းပွိုင့်တခုဖြစ်မယ် ဆိုတာ သေချာသလောက်ရှိနေပါတယ်။
သို့သော် ဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာအောင် တွေးခေါ်မှု့သဘောတရားတွေက ဦးဆောင်နေခဲ့ပါတယ်၊ အဲဒီအတွေး အခေါ်တွေသည် အမြဲ ထာ ဝရ တရားသေကျ မနေနှိုင်ပါဘူး၊ အတွေးအခေါ်အသစ်တွေ ရှိနေကြပြီ၊ ပေါ်ပေါက်ဆဲ၊ ပေါ်ပေါက် လာကြဦးမည်ဆိုတာ ဓမ္မတာပါ၊ ဆရာပြောသလို အိုင်ဒီအိုလိုဂျီသည် ဘယ်တော့မှမပြီးဆုံးပါ။ မျိုးဆက်သစ်တို့ရဲ့ အိုင်ဒီအိုလိုဂျီ လမ်းသစ် တွေကို ဖေါက်ကြဖို့ တိုက်တွန်းသင့်ပါတယ်၊ လမ်းညွှန်သင့်ပါတယ်၊ ဖြစ်တည်မှု့ရေစီး ကြောင်း အတိုင်း စုန်လိုက်ခိုင်း ပြီး ရေမနစ်အောင် ရေကူးနေကြဖို့ ပြောနိုင်တာလောက်တော့ လူတိုင်းပေါ့လို့ ပြောကြားရင်း။…။
ကျေးဇူးတင်ပါတယ် ဆရာမောင်စူးစမ်းခင်ဗျား။…။
ဦးဖိုးသာအောင်
မျှဝေပေးသူ in4burma အားကျေးဇူးတင်ရှိပါသည်။

No comments:
Post a Comment