dailyvid

Home » » အဆိပ်ခွက်ကို မှောက်ပစ်ရဲရမယ်

အဆိပ်ခွက်ကို မှောက်ပစ်ရဲရမယ်

(၁)

၂ဝ၁ဝ ထဲမှာ ရွေးကောက်ပွဲကို နအဖ က ဇွတ်လုပ်တော့မယ်။
အဲဒီရွေးကောက်ပွဲအပေါ်ကို ဘယ်လိုသဘောထားမလဲ။
ဒီမေးခွန်းကို ကျနော်တို့အားလုံး ဖြေကြရလိမ့်မယ်။
တိုင်းပြည်ကို ချစ်သူ၊ လူမျိုးစုံ မြန်မာပြည်သူတွေကို ချစ်သူ၊ မိမိရဲ့ ဂုဏ်သိက္ခာနှင့် မိမိရဲ့ အနာဂတ်ကို ချစ်သူ ဘယ်သူမဆို ဒီမေးခွန်းကို ဖြေကြရလိမ့်မယ်။

(၂)

ဒီရက်ပိုင်းမှာ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အဖြေတွေ တော်တော်များများ ကြားကြရ၊ ဖတ်ကြရလိမ့်မယ်ထင်ပါတယ်။
အဖြေတွေက အမျိုးမျိုးပဲ။
တချို့အဖြေတွေက အစမှာ ဆင်သလိုလိုနှင့် နောက်ပိုင်းကျ ကွဲသွားတာတွေလည်း တွေ့ရတယ်။ အစပိုင်းမှာ ကွဲသလိုလိုနှင့် နိဂုံးချုပ်မှာ ပြန်တူသွားတာတွေလည်း တွေ့ရတယ်။
ဘာပဲပြောပြော ချုပ်ကြည့်လိုက်ရင် . . .
အဖြေက (၂)မျိုးတည်းပါပဲ။
တမျိုးက နအဖ ရွေးကောက်ပွဲကို လက်မခံတာ၊ ဆန့်ကျင်တာ၊ ထည့်ကို မစဉ်းစားတာ။ ဒါက အများစု။
နောက်တမျိုးက နအဖ ရွေးကောက်ပွဲကို ကြိုဆိုတာ၊ လက်ခံတာ၊ ထောက်ခံတာ။ ဒီအဖြေမျိုးက နှိုင်းယှဉ်ချက်အရ အနည်းစု။
အဲဒီကြိုဆိုကြ၊ လက်ခံကြ၊ ထောက်ခံကြတဲ့ သူတွေဆိုရင်လည်း . . .
သူတို့ ဘာကြောင့် ဒီလို ဆုံးဖြတ်ရ၊ အဖြေပေးရသလဲဆိုတာကိ အကျိုးအကြောင်းတွေ ပြောပြကြ၊ သက်သေတွေထူကြနှင့် စကားတတ် ရင် တတ်သလို၊ စကားပြောကောင်းရင် ကောင်းသလို သွယ်ကာ ဝိုက်ကာ ပြောကြ ရှင်းပြကြပေါ့။
ကျမ်းကြီးပေါက်များကလည်း ဟိုစကားလုံးတွေ ထုတ်သုံး၊ ဒီစကားပိုဒ်တွေ ထုတ်သုံး၊ ဟိုဟာတွေ ဥပမာပေး၊ ဒီဟာတွေ ဥပမာပေးနှင့် အကိုးအကားတွေနှင့် ဝေဝေဆာဆာပေါ့ဗျာ။ သူတို့ ဆုံးဖြတ်တာ၊ သူတို့ ရွေးချယ်တာဟာ တရားနည်းလမ်းကျကြောင်း၊ လက်တွေ့ဘဝနှင့် အဟတ် ညီကြောင်း ရှင်းကြ၊ လင်းကြပေါ့။


(၃)

ကွဲလွဲတာ တယောက်နှင့် တယောက်မတူနိုင်တာက သဘာဝကျပါတယ်။
ဒါက အဆန်းမဟုတ်ပါဘူး။ ကိုယ်ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်တင်ပြကြရင်း ရိုးရိုးသားသား ကွဲလွဲကြ တာ၊ ဒါက သဘာဝပါ။
လွတ်လပ်အေးချမ်းစွာ ဒီလိုပဲ ကွဲလွဲလိုက်ကြတာပေါ့။ ဒါကိုက ဒီမိုကရေစီရဲ့ အနှစ်သာရပဲလေ။
အဲဒီလို ရိုးရိုးသားသား ကွဲလွဲနေတဲ့ သူတွေကို ညှိနှိုင်းချင်ရင်၊ အကူအညီပေးချင်ရင် ကျနော်တို့ စဉ်းစားနိုင်တာက . . .
သူရရှိထားတဲ့အချက်အလက်က မစုံလို့လား။
ကြည့်မြင်တဲ့ ဒေါင့်ကပဲ မပြည့်မစုံ ဖြစ်ပြီး တခြမ်းပဲ့အမြင်၊ တဖက်သတ်အမြင် ဖြစ်နေလို့လား။
အကြံပြုကြည့်၊ ဆွေးနွေးကြည့်၊ ဖလှယ်ကြည့် ဒီလို လုပ်ကြည့်နိုင်ပါတယ်။
ဒါလည်း တဖက်က ကြိုဆိုရင် လက်ကမ်းရင်ပေါ့လေ။
ကိုယ့်ရဲ့ သိရှိနားလည်ထားမှုတွေကို ရိုးသားစွာပဲ ဖလှယ်တဲ့ ( လုပ်ကြည့်တဲ့) သဘောပါ။ လုပ်ကြည့်သည့်တိုင်အောင် ဆက်ပြီး ကွဲလွဲမြဲ ကွဲလွဲနေနိုင်ပါသေးတယ်။ ဒါလည်း သူ့အခွင့်အရေးပဲပေါ့၊ ကွဲလွဲပါစေ။
ကွဲလွဲတဲ့သူတွေထဲမှာ နောက်တမျိုးက ဒီလို . . .
ကိုယ်ကိုယ်တိုင်ကလည်း မယုံကြည်ဘဲနှင့်
မဖြစ်သင့် မဖြစ်ထိုက်တာကလည်း သေချာနေရက်နှင့်
ဒါတွေကိုလည်း ခရေစေ့တွင်းကျကို သိသိကြီးနှင့်
အကျိုးစီးပွားလေး နှစ်ပြား တပဲ မက်ပြီး ကိုယ်ကိုယ်တိုင်လည်း အမြီးဖြတ်၊ သူများကိုလည်း အမြီးဖြတ်ဖို့ အဖော်ညှိဆိုတဲ့လူမျိုး။ အဲဒီလို လူမျိုးဆိုရင်တော့ ခက်ပြီ။
ကျနော်တို့ ဘယ်လိုမှ ကူလို့မရတော့ဘူး။
သူက မျက်စိလည်နေသူ သက်သက်မဟုတ်တော့ဘူး။
ရိုးရိုးမျက်စိလည်နေသူက လမ်းညွှန်လို့ရတယ်။
လမ်းညွှန်တဲ့သူကိုလည်း မျက်စိလည်နေသူက ကျေးဇူးတင်တတ်တယ်။ (အိပ်ပျော်နေသူ နှိုးလိုက်ပါ ဆိုတာမျိုး)
စောစောက လူမျိုးတွေကျ မျက်စိလည်တာ မဟုတ်တော့ဘူး။
လူထုမျက်နှာထက် တဦးချင်းအကျိုးစီးပွား အသိမ်အဖျင်းလေးကိုပဲ ကမ္ဘာတည်မယ့် စည်းစိမ်ကြီးသဖွယ် မှောက်မှား မက်မောပြီး တရား တခု ထူထောင်တာ။ လူလည်ကျတာ ဖြစ်သွားပြီ။
ဒီလိုအမျိုးအစားက ဘယ်လိုမှ ကူလို့ကုလို့မရတဲ့ အမျိုးအစား။ သူတို့အတွက်ကျတော့ ဆေးက သိပ်ကိုရှားသွားပြီ။

(၄)

ထားတော့။
အမြင်မှောက်မှားသူများရော
ကိုယ်ကျိုးစီးပွားအတွက် အ ချင် နုံချင်ယောင်ဆောင်ပြီး လူလည်ကျနေသူများရော
ကြိုက်ရာလမ်းရွေးချယ်ကြပါ။
ခင်ဗျားတို့ စိတ်နှင့် ခင်ဗျားတို့ ကိုယ်။
လွတ်လပ်စွာ ရွေးချယ်ကြတော့။
‘ကိုယ်စိုက်တဲ့အပင်ကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းရလိမ့်မယ်’ဆိုတဲ့ တရားကို ခင်ဗျားတို့ တခါတရံပဲဖြစ်ဖြစ် သတိရနိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

(၅)

ကဲ . . . ကိုယ့်အကြောင်းကိုယ်ပြောကြစို့။
ကျနော်ကတော့ နအဖ ရွေးကောက်ပွဲကို လုံးဝလက်မခံနိုင်ဘူး။
ဘာကြောင့်လဲ . . .
၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်းပြောရင် ၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းစပြောမှ ပြည့်စုံမယ်။
၂ဝဝ၈ နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော့်အနေနဲ့ ဘယ်လိုနည်းနှင့်မှ လက်မခံနိုင်ဘူး။
စတင်ကျင်းပပုံ၊ ညီလာခံကိုယ်စားလှယ်ရွေးချယ်ပုံ၊ ညီလာခံရဲ့ ဦးတည်ချက်၊ ညီလာခံ ကျင်းပပုံအဆင့်ဆင့်၊ အခြေခံမူ ချမှတ်မှု၊ အဲဒီ အခြေခံမူတွေနှင့် ဖွဲ့စည်းပုံမူကြမ်းကို ရေးသားပုံ၊ ပြီးတော့ တရားနည်းလမ်းမဲ့စွာ အတည်ပြုခဲ့ပုံ စသည်ဖြင့် . . .
ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကိုရော
ဖွဲ့စည်းပုံထဲမှာပါတဲ့ စစ်အာဏာရှင်စနစ် ထာဝစဉ် တည်မြဲရေး အနှစ်သာရတွေကိုပါ တစက်ကလေးမှ လက်မခံနိုင်ဘူး။
ဒါ့ကြောင့် ဒီဖွဲ့စည်းပုံ(၂ဝဝ၈)ကို အသက်သွင်းအတည်ပြုမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်နည်းနှင့်မှကို လက်မခံနိုင်တာဖြစ်ပါတယ်။ အသိအမှတ်လည်း မပြုဘူး။ ထောက်ခံဖို့နေနေသာသာ ပြောရရင် ထည့်တောင်မစဉ်းစားဘူး။

(၆)

ဒါဖြင့် ဘာလုပ်မလဲ။

ဘာလုပ်မလဲ ဆိုတဲ့ ကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စုံညီအစည်းအဝေးခေါ်ပြီး ၂ဝဝ၉ ဧပြီလ ၂၈၊ ၂၉ မှာ ကတည်းက အတိ အလင်းပြောခဲ့ပြီ။

သူ့ပြောပြချက်အပြည့်အစုံကို ‘ရွှေဂုံတိုင် ကြေညာစာတမ်း’ထဲမှာ အတိအကျ ဖော်ပြခဲ့ပြီးပြီ။
အဓိကအားဖြင့် ဒီ (၄)ချက်ကို နအဖက မဖြစ်မနေ လုပ်ရလိမ့်မယ်။
၁။ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရလိမ့်မယ်။
၂။၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနှင့် အသိအမှတ်ပြုရမယ်။တနည်းအားဖြင့် ပြည်သူ့လွှတ်တော်ခေါ်ပေးရမယ်။
၃။တွေ့ဆုံဆွေးနွေးအဖြေရှာရမယ်။
၎။နအဖ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ကြရလိမ့်မယ်။
မိတ်ဆွေ . . .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုတာ သဘောတူရဲ့လား။
တိုင်းပြည်ကိုချစ်တဲ့၊ ပြည်သူတရပ်လုံးရဲ့ အကျိုးကို ရှေု့တဲ့သူ ဘယ်သူမဆို သဘောတူနိုင်တဲ့ တူကြရမယ့် တောင်းဆိုမှုတွေပါ။
လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းအရပ်ရပ်ကို ဖြေရှင်းမယ်ဆိုရင် ပထမဦးဆုံး နှင့် မဖြစ်မနေ လုပ်ကြရမယ့် လုပ်ငန်းစဉ် (၄)ရပ်က ဒီ (၄)ချက်ပါပဲ။
ဒီ (၄)ချက်ကို လုပ်ရင် အမှန်တကယ် ဖြေရှင်းနိုင်မယ်။
ဒီ (၄)ချက်ကို ငြင်းရင် မဖြေရှင်းနိုင်တဲ့အပြင် ဒီ့ထက်ဆိုးတဲ့ကြမ္မာရိုင်းတွေနှင့် မုချတိုးရလိမ့်မယ်။
ဒါ ဗေဒင်ဟောတာ မဟုတ်ဘူး။
ဒါ့ကြောင့် ယတြာချေလို့မရဘူး၊ ယတြာချေတာလိုလို၊ အင်းကွက်ကို ပြာချပြီး သောက်တော့မှာလိုလို လုပ်ပြရုံနှင့် ကျော်လွှားသွားနိုင်မှာ မဟုတ်ဘူး။
မစ္စတာ ဂျင်ဝက်ကို ပြေးကပ်တာလိုလို
အကျဉ်းသား ၇၁၁၄ ယောက် လွှတ်ပေးလိုက်ပါပြီဆိုပြီး အပြုသဘောပဲ ဆောင်ပြတော့မှာလိုလို

ဗိုလ်သိန်းစိန် ကိုယ်တိုင် UN ပြေးတက်ပြီး လူရာဝင်ကြောင်း ကော်လာထောင်ပြတာလိုလို US နှင့်ပဲ တိုးတိုးတိတ်တိတ် ကြိတ်ဝိုင်းတွေ လုပ်တော့မှာလိုလို
ဗိုလ်အောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပေးပြီး တခုခုပဲ အစပြုတော့မှာလိုလို
ဟန်ရေးပြနေရုံနှင့်လည်း ပွဲကပြီးသွားမှာ မဟုတ်ဘူး။
တကယ့်စိတ်ရင်းနှင့် လုပ်ကြရမှာ။ ညာနေရုံ ဟန်ဆောင်ပြနေရုံနှင့် မရနိုင်ဘူး။
မြန်မာနိုင်ငံရဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်တဲ့ အငြိမ်းချမ်းဆုံး နည်းနာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြထားတဲ့ ဒီလုပ်ငန်းစဉ် (၄)ရပ်ကလွဲရင် အခြားနည်းနာမရှိပါဘူး။
ဒီ (၄)ရပ်ကို စိတ်ရော ကိုယ်ပါ လုပ်မှာလား၊ မလုပ်ဘူးလား ဆိုတာ ပြည်သူတရပ်လုံးဘက်က ရပ်မှာလား၊ စစ်အုပ်စု အာဏာတည်မြဲ ရေး ဘက်က ရပ်မှာလားဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲလို့ ကျနော်ပြောချင်တယ်။

(၇)

နအဖ အနေနဲ့ ဘယ်သူ့ကိုပဲ မျက်နှာလို မျက်နှာရ လုပ်လုပ်၊ ဘယ်သူ့ပဲ ပြေးကပ်ကပ် ကျနော်တို့အတွက် အဖြေမဟုတ်ပါဘူး။
ပြည်သူလူထုရဲ့ အကျိုးစီးပွားကို စိတ်ရောကိုယ်ပါ မျက်နှာ မမူသေးသရွေ့၊
နအဖ က ရွှေဂုံတိုင် ကြေညာစာတမ်းပါ ဒီ လုပ်ငန်းစဉ် (၄)ရပ်ကို မလုပ်သေးသရွေ့၊
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈)ထဲက ဒီမိုကရေစီ မဆန်တဲ့ အပိုင်းတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ခြင်း မလုပ်သေးသရွေ့၊
မရောင်ရာဆီလူးတွေ ဘာတွေပဲ လုပ်နေနေ၊
‘နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို စာရင်းထဲတောင် မထည့်ဘူး’ဆိုတာ လူထုကို တန်ဖိုးထားသူတိုင်း၊ မိမိဂုဏ်သိက္ခာနှင့် မိမိအနာဂတ် ကို တန်ဖိုးထားသူတိုင်းရဲ့ သန္နိဌာန်ဖြစ်ကြရလိမ့်မယ်။
ပြီးရင် . . .
အဲဒီ သန္နိဌာန်ကို အပီအပြင် အကောင်အထည်ဖော်ဖို့ အလုပ်တွေ ပြင်ကြရလိမ့်မယ်။
အဲဒီအလုပ်တွေဟာ လွယ်ကူတဲ့ ကိစ္စတွေမဟုတ်ဘူးဆိုတာ လူတိုင်းသိနိုင်ပါတယ်။
ဒါပေမယ့် ကျနော်တို့ မုချ လုပ်ကြရလိမ့်မယ်။
ရေကြည်ကို သောက်ချင်ရင်တော့ ရေတွင်းကို အချိန်အခါရှိတုန်း ကြိုးစားပြီး တူးကြရလိမ့်မယ်။ ။

ဇွန်မှိုင်း
၎၊ ၁ဝ၊ ၂ဝဝ၉။

Share this article :

0 comments:

Post a Comment

 
Support : Information Network by Nakakawa
Copyright © 2013. Design - All Rights Reserved
Created by Morinaka
Proudly powered by Blogger