ဆောင်းပါးရှင် - ဗိုလ်ထက်မင်း | ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေဟာ တိုင်းပြည်အာဏာလွှဲမပေးရေးအတွက် မောင်သန်းရွှေ နဲ့ စစ်အာဏာရှင်တွေကို အစွမ်းကုန် ကြိုးစား တိုက်တွန်းနေကြပါတယ်။ မူလက နအဖ ဥက္ကဋ္ဌ ဗိုလ်သန်းရွှေအနေနဲ့ ၂၀၁၅ခုနှစ်ကျမှ ရွေးကောက်ပွဲကို ကျင်းပချင်နေခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ အချိန်ဇယား သတ်မှတ်ပေးဖို့ အာဆီယံနိုင်ငံများ အပါအ၀င် နိုင်ငံတကာက တစိုက်မတ်မတ် တောင်းဆိုနေကြတာကြာပြီ ဖြစ်ပါတယ်။
အခြေခံ ဥပဒေ ရေးဆွဲနေတဲ့ အမျိုးသားညီလာခံကို အကြောင်းပြပြီးတော့ အချိန်ဆွဲနေခဲ့တာလည်း ကြာပြီဖြစ်ပါတယ်။ ရွှေဝါရောင် ရဟန်းသံဃာတော်တွေရဲ့ သပိတ်ကံဆောင်ပွဲနဲ့ နာဂစ်မုန်တိုင်းဒါဏ်ကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက် ဖိအားပေးမှုများအရ အချိန် ကို ချုံ့လိုက်ရခြင်း ဖြစ်တယ်။ အမျိုးသား ညီလာခံ ကျင်းပစဉ်နဲ့ အခြေခံ ဥပဒေရေးဆွဲဖို့ ပြင်ဆင် နေချိန်တွေမှာ အာဏာရှင် တစ်ယောက်က ``ငါတို့ တိုင်းပြည်ကို စစ်တပ်ကဘဲ ဆက်လက်အုပ်ချုပ်သွားမှာကွ´´ လို့ ကြူံးဝါး ပြောဆိုခဲ့ဖူးပါတယ်။ ဒီလူကြီး အစည်းအဝေး ၀င်သွားတော့ ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိကြီး တစ်ဦးက စိတ်ပျက်စွာနဲ့ “ဒီလူကြီးတွေ အသာတကြည် လွှဲပေးလိုက်ရင် တပ်မတော် ဂုဏ်သိက္ခာ တက်သွားပြီး သမိုင်းအမဲစက်ကြီး ပျောက်သွားမဲ့အရေး မစဉ်းစားမိဘူးလားကွာ” လို့ ရေရွတ် ညည်းတွားရင်း ခေါင်းခါရမ်းခဲ့ဖူးပါတယ်။
ဒီဖြစ်စဉ်ဟာ တပ်မတော် အတွင်း သဘောထား ကွဲလွဲမှု ဖြစ်စဉ်တခု ဖြစ်ပါတယ်။ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေးမှာ တပ်မတော်မှ (၂၅)%ပါဝင်ရေး ကိစ္စအား အောက်ခြေ တပ်မတော်သားအထိ သဘောထား ဆန္ဒတောင်းခံခဲ့ခြင်း မရှိတာတွေ့ရပါတယ်။ ဒီလို တောင်းခံခြင်း မရှိတာထက် မတောင်းခံရဲတာ လို့ ပြောရင် ပိုမှန် ပါတယ်။ စစ်အာဏာရှင်တွေဟာ အာဏာတည်မြဲရေး တစ်ခုတည်းကိုသာ မျက်စိမှိတ် ဇွတ်လုပ်ကြတာမို့ တပ်ရင်းမှူး အဆင့်ထိ သိလိုက်ကြမဲ့ ပုံ မပေါ်ပါ။
အခြေခံ ဥပဒေ အတည်ပြုပြီးတဲ့အခါ ၂၅%အရ ပါဝင်ကြမဲ့ တပ်မတော် အရာရှိတွေဟာ ဘယ်လို အခန်းကဏ္ဍနဲ့ ဘယ်လိုအနေအထားမှာ ပါဝင်ကြမယ် ဆိုတာ ကိုလည်း ဗိုလ်သန်းရွှေက ရှင်းရှင်းလင်းလင်း မပြောရဲသေးတာကိုတွေ့ရပါတယ်။ နယ်ဘက်ကို သွားရောက် အုပ်ချုပ်ကြမယ်ဆိုရင် တပ်မတော် အရာရှိတိုင်း အနေနဲ့ စိတ်ကူးယဉ် ကြည့်လိုက်ပါက ရင်ဆိုင်တွေ့ဆုံရမဲ့ ၀န်ကြီး ဌာန ၀န်ထမ်းများ၊ လွှတ်တော် အရပ်သား ကိုယ်စားလှယ်များနဲ့ ပြည်သူလူထုတို့ကို ဘယ်လို ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ရင်လေးစရာ အပြည့်နဲ့ မွန်းကြပ်နေကြမှာ ကြိမ်းသေပါတယ်။

နောက်ပြီး ၂၅% အုပ်ချုပ်ရေးကဏ္ဍမှာ ဆောင်ရွက်ပြီးပါက စစ်တပ်ရဲ့ မူလ တာဝန်ကို ပြန်လည် ရောက်ရှိခဲ့ရင် သူတို့ရဲ့  အနာဂါတ် မျှော်လင့်ချက် ရာထူးတိုးမြှင့်မှုကော ရေရာသေချာရဲ့  လားဆိုတာကိုလည်း မရှင်းမလင်း ဖြစ်နေလို့ သိချင်နေတာထက် ကင်းကင်းရှင်းရှင်း ဖြစ်စေချင်တာကြောင့် ညည်းတွားနေကြတဲ့ တကယ့် စစ်သားတွေရဲ့  စိုးရိမ်သောက ဖြစ်စဉ်တခုလည်း ရှိပါတယ်။
ဒါကြောင့် စစ်သားဆိုတာ ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်ဖြစ်ပြီး ၀န်ထမ်းတစ်ဦး ဖြစ်တယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေသအစဉ်အလာကို ဖောက်ဖျက်ပြီး စစ်တပ်မှာ လုပ်ထုံးလုပ်နည်း ဥပဒေပြဌာန်းချက် ခံစားခွင့်များ၊ အနာဂတ် အဲဒီအရာရှိတွေကို ပြန်လည်တာဝန်ပေးအပ်မှု နည်းဥပဒေများ ရေးဆွဲ အတည်ပြုဖို့ ရှိနေပါသေးတယ်။ သူတို့ကိုလည်း စစ်တပ်မှာ တာဝန် ထမ်းဆောင် ကျန်နေတဲ့ တပ်မတော်သားများက အခွင့်ထူးခံ လူတန်းစားအနေနဲ့ မြင်နိုင်တယ်ဆိုတာ တွေးတော နေကြပါတယ်။ စစ်သားချင်းတူတာတောင် မြို့ မှာ ရုံးထိုင်နေတဲ့ စစ်သားနဲ့ ရှေ့ တန်း တောထဲက စစ်သားတွေ အချင်းချင်း တွေ့ကြရင် ပြောနေကြတဲ့ စကားအရ လက်မောင်းက အရစ်နဲ့ ပခုံးပေါ်က ကြယ်ပွင့်တွေ ညှစ်ကြည့်လိုက်ပါက ဇိမ်နဲ့ နေသူများကိုတော့ `ပဲ´ တွေဘဲ ထွက်ကျ လာမယ်။
တောထဲမှာ နေသူများကိုတော့ `သွေး´နဲ့ `ချွေး´တွေဘဲ ကျလာမယ် ဆိုပြီး စကား အနိုင်လုကာ ပြောဆိုတတ်ြကတဲ့ အစဉ်အလာမျိုး ရှိပါတယ်။ ဒါကြောင့် တပ်က အရာရှိအများစုက နိုင်ငံရေးထဲ ၀င်ရောက်ရမှာကို စိတ်ပျက်နေကြပြီး (၂၄) နာရီ စလုံး မည်သူမဆို စစ်သားဆိုရင် အချိန်မရွေး နယ်ဘက်နှင့် စစ်တပ်အလုပ်အကိုင်တွေကို လုပ်နိုင်စွမ်း ရှိရမယ်ဆိုတဲ့ အာဏာရှင်တွေရဲ့ တသွေးတသံ တမိန့်ကြောင့် မွန်းကြပ်တဲ့ ဖြစ်စဉ်တွေ ရှိနေကြတယ်လို့ သိရှိရပါတယ်။
နအဖအနေနဲ့ ပူပန်နေတာတစ်ခုက လွှတ်တော်မှာ ၂၅% ပုံသေယူထားပေမဲ့ အများစု အနိုင်ရရှိဖို့ ကိစ္စမှာ နောက်ထပ် ၃၀% ခန့် အနိုင်ရရှိဖို့ လိုအပ်နေသေးရာ စစ်တပ်ကိုထောက်ခံ အားပေးတဲ့ ပါတီ ဖြစ်လာမဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့တွေနဲ့ စင်ပြိုင် အဖွဲ့တွေအပေါ်မှာ တကယ်တမ်း ပြည်သူလူထုရဲ့  ထောက်ခံမှု မရရှိမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။ ယခင်က မဆလ တဖြစ်လဲ တစည အနေနဲ့ အရှုံးကြီး ရှုံးခဲ့ရတဲ့ သင်ခန်းစာဟာ ယနေ့ အာဏာရှင်တွေအတွက်တော့ အိမ်မက်ဆိုး တစ္ဆေ အခြောက်ခံနေရတုံး ဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိုက်အခံ NLD အင်အားချိနဲ့အောင် စီမံချက်ကျကျနဲ့ နှိပ်ကွပ်ထားပြီး လှုပ်လို့မရအောင် ထိန်းချူပ်ထားပါတယ်။ အတိုက်အခံတွေ အင်အားကောင်းလာစေမဲ့ ဘယ်အဖွဲ့ကိုမဆို ၈၈ မျိုးဆက်ကျောင်းသားများရော တိုင်းရင်းသားများ၊ HRDP အဖွဲ့၊ Generation Wave မျိုးဆက်သစ် လူငယ်များ၊ သံဃာတပ်ပေါင်းစုမှ ရဟန်းသံဃာများ၊ ကိုဇာဂနာနဲ့ ကဗျာဆရာ ကိုစောဝေ၊ ဘာလောဂ်ဂါ နေဘုန်းလတ်နဲ့ ရှေ့နေများပါမကျန် ပုဒ်မ တစ်ခုလျှင် ပြစ်ဒဏ်အများဆုံး မြှင့်ကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ဆက်တိုက် ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဖြစ်စဉ်တခုမှာ စစ်တပ်မှာ နေခဲ့ရမဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားတဲ့ ဗိုလ်ချုပ်ကြီးရွှေမန်းအတွက် ယှဉ်ပြိုင်ဘက် စီနီယာ ဒုဗိုလ်ချုပ်ကြီးများဖြစ်တဲ့ ရဲမြင့်၊ မောင်ဘို၊ ခင်မောင်သန်း၊ အောင်ထွေး၊ ကျော်ဝင်းတို့ကို ဖယ်ရှားခဲ့ပြီး ဖြစ်ပေမဲ့ သူနဲ့တွဲလုပ်လို့ရမဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးအတွက် ရွေးချယ်ပွဲမှာလည်း ဗိုလ်သန်းရွှေမှာ ခေါင်းခဲစရာ ဖြစ်နေပါတယ်။ ဗိုလ်သန်းရွှေရဲ့  တပည့်အရင်း၊ ဒေါ်ကြိုင်ကြိုင်နဲ့ ဆွေမျိုးနီးစပ်သူ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေကို ပေးချင်ပေမဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘ၀တုန်းက ရန်ကုန်မြို့ တော်မှာ ဗုံးကြီး သုံးလုံး ကွဲခဲ့ရလို့ တာဝန်ရှိသူ အနေနဲ့ သူ့အား အရေးမယူခဲ့တာကြောင့် တပ်အတွင်း မကျေလည်မှုများလည်း ရှိနေခဲ့တာမို့ ချင့်ချိန် နေရကြောင်း သိရှိရပါတယ်။
တဖန် ဗိုလ်မြင့်ဆွေကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် အဖြစ် တာဝန်ပေးအပ်ခဲ့စဉ်ကလည်း KIA ကဲ့သို့ ငြိမ်းချမ်းရေး အဖွဲ့ဝင်များနဲ့ ပြဿနာများ ရှိခဲ့တဲ့အတွက် ဗိုလ်ချုပ်သူရမြင့်အောင်နဲ့ ဗိုလ်ချုပ်သာအေးတို့နဲ့ စာရင် အားနည်းချက် အနာအဆာများ ရှိနေပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့  အရေးပါတဲ့ ထိပ်ပိုင်းရာထူး ရွေးချယ်ပွဲမှာ ခေါင်းခဲနေတဲ့ ဖြစ်စဉ်တွေအပြင် ၂၅% အုပ်ချုပ်ရေး ကဏ္ဍမှာ တပ်မတော်ပါဝင်ရေးတွင် တာဝန်ပေးအပ်မဲ့ တပ်မတော် အရာရှိများရဲ့  လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေ ပြဌာန်းချက်များ ခံစားခွင့်များ၊ အဲဒီအရာရှိတွေရဲ့ အနာဂတ် ရှေ့ရေးခိုင်မာမှု အပါအ၀င် တပ်တွင်းသဘောထား ကွဲလွဲမှု ဖြစ်စဉ်၊ ရွေးကောက်ပွဲမှာ တပ်မတော်ကို ထောက်ခံမဲ့ ကြံ့ဖွံ့အမာခံ ပါတီဖွဲ့စည်းမှုအပေါ် စိုးရိမ်သောက ဖြစ်စဉ် စတဲ့ အကျပ်အတည်း ဖြစ်စဉ်တွေကြောင့် ဗိုလ်သန်းရွှေအနေနဲ့ ဖြစ်နိုင်ပါက ၂၀၁၀ ရွေးကောက်ပွဲအတွက် အချိန်ကြာလေ ကောင်းလေ ဖြစ်နေတာမို့ ဒီကြားထဲမှာ နိုင်ငံရေး ကစားကွက်တခု လုပ်ဖို့ ရှိနေတယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ်။

No comments:
Post a Comment