Pages

ရွှေ့ပြောင်းမြန်မာအလုပ်သမား ကလေးငယ်များ၏ ပညာရေးအတွက် မိမိဘ၀ကို နှစ်မြှုပ်ထားသူ

ကမ္ဘာတည်မယ့် အလင်းတန်းတစ်ခု
ကျော်သိင်္ခ / သူ့ဘ၀၏ အဖိုးတန်အချိန်များစွာကို ရေခြားမြေခြားတွင် ဒုက္ခပေါင်း မြောက်များစွာခံပြီး လာရောက် အလုပ်လုပ်နေ ကြရ သော ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ကလေးငယ်များအတွက် ပေးဆပ်ရင်း ကုန်လွန်စေခဲ့သူ၊ မိသားစု အရေးဆိုတာ သူ့အတွက် အဓိကမကျ၊ သူ့အတွက် အဓိကကျတာက ဘ၀တူရွှေ့ ပြောင်းအလုပ်သမားများ၏ ကလးငယ်များ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်စာပေကို ချစ်မြတ်နိုးပြီး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်တွေ ပေါက်ဖွားလာစေရေး ပင်ဖြစ်သည်။

ထိုကဲ့သို့ လေးစားစရာကောင်းသော စိတ်ဓာတ်ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(Grassroots-HRE) မှ ဖွင့်လှစ်ထားသော ပါကလန်ကျေးရွာ မူလတန်းကျောင်းလေးတွင် မြန်မာစာသင်ကြား ပို့ချပေးနေသော ဆရာမ ဒေါ်လှစိန်၏ ဂုဏ်သတင်းကား သူမ၏ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ အကြားတွင်သာမက ဖန်ငတ၀ိုက်ရှိ ရွှေ့ပြောင်း အလုပ်သမားများ ကြားတွင်ပါ မွှေးပျံ့နေသည်။

၂၀၀၄ ခုနှစ်၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသ၌ ဆူနာမီ မဖြစ်မီအချိန်၊ ဖန်ငဒေသရှိ တကွာပါမြို့နယ် ခီးခက်ကျေးရွာက ထုံခမင်း ရပ်ကွက်လေးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်အယောက် ၂၀ နီးပါးကိုစပြီး တွေ့လိုက်စဉ်က တည်းက သူ့စိတ်ထဲတွင် ကလေးများ၏ ပညာရေးကိုတွေးကာ ရင်လေးမိသည်။ ဒီကလေးတွေ ကျောင်းနေရမယ့်အရွယ်တွင် ကျောင်းမနေနိုင်သေးခြင်းကို သူ့စိတ်ထဲတွင် ဘ၀င်မကျပါ။

၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်ပြီးသောအခါ ယခု Grassroots-HRE အဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သူ ဦးထူးချစ်က ဆူနာမီဒဏ်ခံ ခဲ့ရသူများ၏ ကျန်ရှိခဲ့သော သားသမီးများ၊ မိဘမဲ့ကလေးများနှင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများအတွက် ပညာရေးအစီအစဉ်တစ်ခု စတင်ခဲ့သည်။ အခြေမဲ့၊ အနေမဲ့ ဖြစ်နေရှာသော ကလေးများ၊ ရွှေ့ပြောင်းမြန်မာ ကလေးငယ်များကို စုစည်းပြီး၊ ထိုကလေးငယ်များကို စာသင်ရန်လည်း ရွှေ့ပြောင်းအလုပ်သမားများအကြားတွင် ဆရာအင်အားကို စုစည်းခဲ့သည်။

ထိုအထဲတွင် ဆရာမဒေါ်လှစိန်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ထိုအချိန်မတိုင်မီက သူ့အနေနှင့် ကလေးတွေကို စာသင် ပေးချင်သည့်စိတ်က ပြင်းပြနေခဲ့သည်။ သို့သော်လည်း သူ့တွင်ရှိသည့် အင်အားလေးနှင့် သူ့ဆန္ဒကို ထုတ်ဖော်ဖို့ မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ထိုအချိန်ကလည်း “ကလေးတွေကို မြန်မာစာသင်ရင် ပုလိပ်ဖမ်းမယ်” ဆိုတဲ့ စကားကလည်း အလုပ်သမား တွေကြားမှာ ပျံ့နှံ့နေတော့ အလုပ်သမားတွေဘက်ကလည်း သူတို့ သားသမီးများကို စာမသင်ခိုင်းရဲသေးသည့် အချိန်ကာလ ဖြစ်သည်။

အခြေခံလူထု လူ့အခွင့်အရေး ပညာပေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (Grassroots-HRE) မှ ဖန်ငတစ်ဝိုက်တွင် ကျောင်းများဖွင့်၊ ပညာရေး လုပ်ငန်းများကိုလည်း အားသွန်ခွန်စိုက် အကောင်အထည် ဖော်လာချိန်တွင်၊ ဆရာမ အနေနှင့် သူချစ်သည့် သူ့နိုင်ငံက လူထုကို တတ်နိုင်သည့်ဘက်ကနေပြီး အကျိုးပြုနိုင်တော့မည် ဖြစ်သဖြင့်လည်း အတိုင်းမသိ ၀မ်းသာပီတိဖြစ်ရသည်။ ထိုအချိန်ကတည်းကစပြီး Grassroots-HRE အဖွဲ့အစည်း၏ ပညာရေးဆိုင်ရာ လုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။

Grassroots-HRE ၏ ပညာရေးလုပ်ငန်းများ စတင်ဆောင်ရွက်စဉ် ပညာရေးဌာနတွင် ဆရာ၊ ဆရာမ (၁၀)ဦးသာ ရှိသေးသည်။ ထို (၁၀)ဦးထဲတွင် ဆရာမ ဒေါ်လှစိန်က Grassroots-HRE ပညာရေးဌာန၏ လမ်းပြကြယ်တစ်ပွင့် ဟုဆိုလျှင်လည်း မမှားပေ။

လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများအကြား အနေရိုး၊ အပြောရိုးသော ဆရာမ၏ ၀တ်စားဆင်ယင်ပုံကလည်း ပကာသနမပါ။ မြင်ရသူများ၏ ရင်တွင် ထာဝရအေးမျှသွားစေမည့် ၀တ်စားဆင် ယင်မှုမျိုးဖြစ်သည်။ သူ၏ တည်ငြိမ်သည့်ရုပ်သွင်က အသက် အရွယ်ကိုလိုက်ပြီး ရင့်ကျက်သည့်အသွင်ကို ဆောင်နေသည်။ စာအသင်အပြကောင်းသည့်သူ့ကို တပည့်တွေက မိခင်အရင်းသဖွယ် ချစ်ကြသည်။ ထို့ကြောင့်လည်း “သမီးတို့က ကျောင်းရောက်လာရင် အမေက ဆရာမ ဒေါ်လှစိန်” ဟူသော စကားကို ကလေးများထံမှ အမြဲပင်ကြားရသည်။

ဆရာမ ဒေါ်လှစိန်ကလည်း “ကျမလေ ကိုယ့်မြန်မာ ကလေးတွေကို စာသင်ပေးခွင့်ရဖို့အတွက် တအားကို ဆန္ဒပြင်းပြခဲ့တယ်။ တတ်စေချင်တဲ့ဆန္ဒ တအားရှိတယ်။ သနားတာလည်းရှိတယ်။ တတ်စေချင်တဲ့ ဆန္ဒလည်းရှိတဲ့အတွက် ကျမ စေတနာက သူတို့အပေါ်ကို ထိရောက်တယ်လို့ ယူဆတယ်လေ” ဟု သူမ၏ ကလေးတွေအပေါ်ထားသည့် စေတနာနှင့် ပတ်သက်၍ အခုလို ပြောပြပါသည်။ ထို့ပြင် သူမ မကြာခဏပြောလေ့ရှိသော “ကျမလေ ကျမရဲ့ ဒီကလေးတွေအတွက်ပဲ အသက်ရှင်နေတာ” ဟူသော စကားက သူမ၏ နှလုံးသားမှ လာသော တပည့်များအပေါ်ထားသည့် ဖြူစင်သော မေတ္တာကို လှစ်ဟပြလိုက် သလိုပင်ဖြစ်သည်။

လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမတွေကလည်း သူ့ကို ချစ်ခင်ရိုသေကြသည်။ သူ၏ ကိုယ့်ကျင့်တရား ကောင်းမွန်မှု ၊ မိမိအလုပ်ကို လေးစားတတ်မှုနှင့် ပတ်သက်၍ Grassroots-HRE မှ ပညာရေးတာဝန်ခံ ဆရာမင်းသိန်းကျော်က “ကျနော့် အမြင်ပြောရရင်တော့ ကျနော်တို့နဲ့ လက်တွဲလုပ်ကိုင်ခဲ့တဲ့ကာလ တစ်လျှောက်လုံးမှာ သူဟာ အင်မတန်ရိုးသားတဲ့ ဆရာမ ဖြစ်သလို၊ အလုပ်ပေါ်မှာလည်း ကြိုးစားတယ်။ သူက ပညာရေးအခြေခံ နည်းနည်းအားနည်းတယ်ပေါ့။ အားနည်းတယ်ဆိုပေမယ့် သူက အရမ်းကြိုးစားပြီး သူနိုင်တဲ့ဝန်ကို သူထမ်းတယ်။ ကလေးတွေပေါ်မှာ စေတနာထားတယ်။ ပြီးတော့ ဆရာ၊ ဆရာမ အရည်အချင်းနဲ့ ညီညွတ်တဲ့အရည်အချင်း သူ့မှာရှိတယ်။ ပြီးတော့ ပညာရေးလုပ်ငန်းတွင်သာမကပဲ အခြားလူမှုရေးလုပ်ငန်းတွေ၊ ရုံးရဲ အခြားဌာနဆိုင်ရာ လုပ်ငန်းတွေမှာဆိုရင်လည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်။ ပွင့်လင်းမှုလည်းရှိတယ်” ဟု ပြောပါသည်။

ဆရာမသည် ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ပါဝိကျေးရွာရှိ ရာဘာခြံထဲက တစ်ခုတည်းသော အိမ်ကလေးတွင် သူမ၏ခင်ပွန်း၊ ပြီးတော့ သားနှစ်ယောက်တို့နှင့် အတူနေသည်။ အဖွဲ့အစည်းမှ ပေးအပ်သည့် ပညာရေးဆိုင်ရာ တာဝန်များကိုလည်း မပျက်မကွက် ထမ်းဆောင်နေသည့် ၀န်ထမ်းကောင်းတစ်ဦး ဖြစ်သကဲ့သို့၊ ရာဘာခြံထဲက လေးယောက်သော မိသားစုအိမ်ငယ်လေး၏ အိမ်ထောင်မှု တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေသည့် အိမ်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ ရာဘာခြစ်ပြီးပြန်လာလျှင် စားဖို့အတွက် မနက် (၄)နာရီက ထ၍ မနက်စာ ချက်ပြုပ် စီစဉ်သည်။ သားတွေ နိုးလာလျှင်လည်း ကျောင်းထမင်းဗူး အဆင်သင့်ဖြစ်ဖို့၊ အဆင်သင့်လုပ်ထားရသေးသည်။ ထိုသို့ လုပ်ရသည့်အတွက် သူ့အနေနှင့် အနည်းငယ်မျှ ငြူစူခြင်းမရှိပါ။ ခင်ပွန်းအတွက် ဇနီးသည်ကောင်းတစ်ယောက်၊ သားများအတွက် မိခင် ကောင်းတစ်ယောက် ဖြစ်ရသည်ကိုပင် ၀မ်းသာဂုဏ်ယူ ပီတိဖြစ်ရသည်။

တစ်ရက်ကျတော့ Grassroots-HRE မှ ဒါရိုက်တာ ဦးထူးချစ်က တာဝန်ထမ်းဆောင်နေကြသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများထဲမှ တစ်ဦးအား အကောင်းဆုံး ဆရာ/မ ဆုကို ရွေးချယ်မည်ဟု ကြေငြာလိုက်သည့် အတွက်ကြောင့် Grassroots-HRE မှ ၀န်ထမ်းများအကြား၊ ဆရာ၊ ဆရာမများအကြား စိတ်လှုပ်ရှားဖွယ် သတင်းတစ်ခု ဖြစ်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် မည်သူ့ကို ရွေးမည်နည်းဟုသော မေးခွန်းများက အားလုံး၏စိတ်ထဲတွင် ပဟေဠိ ဖြစ်နေသည်။ အကောင်းဆုံး ဆရာတစ်ဦးကို ရွေးချယ်ရာတွင် အဖွဲ့အစည်း၏ အုပ်ချုပ်ရေးအဖွဲ့ပိုင်းက ရွေးချယ်မည်မဟုတ်။ အဖွဲ့အစည်း၏ ၀န်ထမ်းများကမဲပေးစနစ်ဖြင့် ရွေးချယ်ရမည်ဖြစ်သဖြင့် ၀န်ထမ်းများအတွက် ပို၍စိတ်လှုပ်ရှားစရာပင် ကောင်းနေတော့သည်။

ထိုအစီအစဉ်ကို ဆရာမ ဒေါ်လှစိန် သိသော်လည်း ဆုကိုမူ မမှန်းရဲပါ။ အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် Grassroots-HRE အဖွဲ့အစည်းရှိ ဆရာ၊ ဆရာများအကြားတွင် ပညာအရည်အချင်း အနိမ့်ဆုံးဟု မိမိကိုယ်ကို နှိမ့်ချပြီး တွက်ထားသောကြောင့် ဖြစ်သည်။ အဖွဲ့အစည်းအတွင်းရှိ သူမနှင့် လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများမှာ အနည်းဆုံး တက္ကသိုလ်ကျောင်းအထိ တက်ခဲ့ကြဖူးသည့် သူများသာဖြစ်သည်။ အချို့ဆိုလျှင်လည်း လုပ်သက် ၅ နှစ်မှ အနှစ် ၃၀ အထိ ရှိပြီးသူများ ဖြစ်သည်။ ထို ဆရာ၊ ဆရာမများအကြားတွင် ဆရာမ ဒေါ်လှစိန်က စာသင်သက် တစ်နှစ်ခန့်သာရှိသေးသည့် အတွက် သူ့ကိုယ်သူ ဒီပွဲကဆုကို မမျှော်မှန်းရဲသေး။ ပြီးတော့ အင်္ဂလိပ်စာကိုလည်း အခြားဆရာများကဲ့သို့ မသင်နိုင်သည့်အတွက် အကောင်းဆုံး ဆရာမတစ်ယောက် အဖြစ်ရွေးချယ်ခြင်း မခံရနိုင်ဟု မိမိကိုယ်ကိုတွက်ထားသည်။

အကောင်းဆုံး ဆရာ/မ ဆု ရွေးချယ်ပွဲကို တကွာပါမြို့နယ်ရှိ ဆီမီလန်းနား (Similana) ဟိုတယ်တွင် ကျင်းပသည်။ ဆုကို မဲပေးစနစ်ဖြင့် ရွေးချယ်ရာတွင် ဒါရိုက်တာ ဦးထူးချစ်အနေနှင့် ပါဝင်မဲပေးခဲ့ခြင်းမရှိ။ မျှတသည့် မဲပေးစနစ်ဖြစ်စေရန် သူ့အနေနှင့် ပါဝင်ပြီး မဲပေးခြင်း မပြူဟု သူကဆိုသည်။ ဆရာမ ဒေါ်လှစိန်အား သူ၏ လုပ်ဖော်ကိုင်ဖက် ဆရာမတစ်ဦးက “ဆရာမ ကောင်းကောင်း မွန်မွန်လေး ပြင်သွား၊ ဒီနေ့ ဆရာမနေ့” ဟုပြောသည်။ သို့သော်လည်း ရိုးရိုးနေ၊ ရိုရိုးပြော၊ ရိုးရိုးယဉ်ယဉ် ၀တ်ဆင်တတ်သည့် ဆရာမ ဒေါ်လှစိန်က အဖွဲ့အစည်းမှ ၀န်ထမ်းများအား အခါအားလျော်စွာ ပေးလေ့ရှိသော Grassroots-HRE အမှတ်တံဆိပ်ပါ တီရှပ်ကလေးကိုသာ သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် လျှော်ဖွတ်ပြီး ၀တ်သွားသည်။

သို့နှင့် အခမ်းအနားကို ဆရာကြီး ဦးတင်မိုးရဲ့ စာပေ ဟောပြောပွဲလေးနှင့် စပြီးဖွင့်သည်။ ထို့နောက် အကောင်းဆုံး ဆရာ/မ ရွေးချယ်ပွဲကို စတင်တော့သည်။ Grassroots-HRE မှ တက်ရောက်လာကြသော ၀န်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားများနှင့် ကျောင်းသားမိဘများ ရင်ခုန်နေကြသည်။ မည်သူ့ကိုရွေးမည်နည်း။ ယခုနှစ်အတွက် အကောင်းဆုံးဆရာသည် မည်သူနည်း။ ခန်းမအတွင်း စကားပြောသံဟူ၍ မကြားရ။ အားလုံးက အကောင်းဆုံးဆရာ ဆုရှင် မည်သူဖြစ်မည် ဆိုသည်ကိုသာ ရင်ခုန်စွာ မျှော်လင့်စောင့်စား နေကြသည်။ ထို့နောက် ၂၀၀၅-၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံးဆရာ ဆုကို ကြေငြာလိုက်တော့သည်။ ထိုသူကား “ဆရာမ ဒေါ်လှစိန်” ပင် ဖြစ်သည်။

ခန်းမတစ်ခုလုံးရှိ သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ လက်ခုပ်သံများ၊ တက်ရောက်လာကြသော ဧည့်ပရိသတ်များ၏ လက်ခုပ်သံများအကြားမှာ သူမ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထသွားသည်။ သူမ မျက်ဝန်းအစုံမှ မျက်ရည်များ လိမ့်ဆင်း ကျလာသည်။ ၀မ်းနည်းမျက်ရည် မဟုတ်။ ၀မ်းသာလွန်း၍ ကျသည့်မျက်ရည်။ မိမိ၏ အလုပ်၊ မိမိ အလုပ်အပေါ် ထားသည့် မိမိ၏ စေတနာတွေက အခုတော့ ကိုယ့်ကိုယ်ကို ရောင်ပြန်ဟပ်စေခဲ့ပြီ။ မိမိ၏ လုပ်ဖော်ကိုင်ဖက်တွေ၊ မိမိ၏ အဖွဲ့အစည်းက မိမိအား အသိအမှတ်ပြုခဲ့ပြီ။ ထိုမျှ ၀မ်းသာစရာကောင်းပြီး၊ ပီတိဖြစ်ရသောနေ့ သူ့ဘ၀တွင် မရှိတော့ပြီဟု ဆရာမ ဒေါ်လှစိန်က ဆိုသည်။ ဆရာကြီးတင်မိုးက ရွှေစင်ရွှေသားစစ်စစ်ဖြင့် ပြုလုပ်ထားသော ဆွဲကြိုးတစ်ကုံးကို Grassroots-HRE ကိုယ်စား ဆရာမ ဒေါ်လှစိန်အား ဆွဲပေးသည်။

ဆရာမက သူ၏ ယခုလို အောင်မြင်မှုအတွက် ကျေးဇူးတင်စကား ပြောရာမှာ “ကျမ ဆုရတယ်ဆိုတာ ကျမရဲ့ ကြိုးစားမှု ကြောင့်လည်း မဟုတ်ဘူး။ Grassroots-HRE က ကျမတို့ ပညာရေးဌာန တာဝန်ခံတွေရဲ့ တွေးခေါ်မှု၊ ဆရာ၊ ဆရာမတွေ အားလုံးရဲ့ ဖေးဖေးမမ ကူညီမှု၊ ရုံးတာဝန်ခံအားလုံးရဲ့ ဖေးဖေးမမ ကူညီမှုတွေရယ်ကြောင့် ကျမ ဒီဆုကိုရခဲ့တာပါ။ အဲဒီအတွက်ကြောင့် ကျမ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့ အကုန်လုံး သူတော်တယ်၊ ငါတော်တယ် မဟုတ်ပါဘူး။ အကုန်လုံး ကူညီမှပဲ ဖြစ်မှာပါ။ ဒီ ကျမတို့ သွားနေတဲ့ ခရီးလမ်းကြောင်းတစ်ခုကို ကျမ တစ်ယောက်တည်း တော်တယ်ဆိုပြီး စွမ်းဆောင်သွားခဲ့လို့လည်း ဒီ ခရီးလမ်းကြောင်း အောင်မြင်မှုရှိမှာ မဟုတ်ဘူး” ဟု ပြောသည်။

ထို့ပြင် Grassroots-HRE မှ ပညာရေးတာဝန်ခံ ဆရာမင်းသိန်းကျော်က ၂၀၀၅-၂၀၀၆ ခုနှစ်၏ ဆုရွေးချယ်ရေးပုံရိပ်များကို အခုလိုပြန်ပြောင်း ပြောပြပါသည်။

“ဆရာမ ဒေါ်လှစိန်က ကျနော်တို့ ဒီ Grassroots-HRE မှာ ပညာရေးလုပ်ငန်းတွေ စပြီးလုပ်တယ်ဆိုကတည်းက ကျနော်တို့နဲ့ အတူတူ လက်တွဲလုပ်ခဲ့တယ်။ ကျနော်တို့ ပညာရေးဌာနမှာ လမ်းပြကြယ် (၁၀)ဦး ရှိခဲ့တယ်။ ဒီ ဆရာ၊ ဆရာမ (၁၀)ဦးနဲ့ စပြီး ဖွဲ့ခဲ့တာ။ ၂၀၀၅-၂၀၀၆ ပညာ သင်နှစ်အတွက် အကောင်းဆုံး ဆရာ၊ ဆရာမ တစ်ဦးကို ရွေးတဲ့အခါမှာ ကျနော်တို့ ဆရာ၊ ဆရာမ တွေတင် မဟုတ်ဘူး။ ရုံးဝန်ထမ်းတွေအားလုံးကပါ သူ့ကိုဝိုင်းပြီး မဲပေးကြတယ်ပေါ့လေ။ မဲပေးစနစ်နဲ့ ရွေးတဲ့အခါမှာ ဆရာမကြီးက ဆုရသွားတယ်။ ပြီးတော့ ဆရာ၊ ဆရာမ အရည်အချင်းနဲ့ ညီညွတ်အောင်နေနိုင်တဲ့ အရည်အချင်း သူ့မှာရှိတယ်။ ဘယ် ရုံးလုပ်ငန်း တွေမှာပဲဖြစ်ဖြစ်၊ အခြား လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် တက်တက်ကြွကြွနဲ့ ပါဝင်တယ်။ ဒါကြောင့်မို့လို့ အားလုံးက ဆရာမကြီးကို ၀ိုင်းပြီး အကောင်းဆုံး ဆရာတစ်ယောက်အဖြစ် ရွေးချယ်တယ်လို့ ကျနော် ထင်တယ်”

မဲစနစ်နဲ့ ရွေးချယ်တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ မအိအိချောက “ဆရာမက ကလေးတွေနဲ့ ပက်သက်လာရင် မခို မကပ်ဘူး ပေါ့နော်။ စေတနာ အရင်းခံနဲ့ လုပ်ပေးတယ်။ အားလုံးကိုလည်း တန်းတူပဲ ဆက်ဆံတယ်။ ကလေးတွေအတွက်ဆိုရင် သူအနစ်နာခံတယ်။ ကြိုးစားတယ်။ ဒါကြောင့် ကျမအနေနဲ့ ဆရာမ ဒေါ်လှစိန်ကို မဲပေးရတာပါ” လို့ပြောပါတယ်။

အများအားကျ အတုယူလေးစားထိုက်သော ဆရာမ ဒေါ်လှစိန်ကတော့ ယခုထိတိုင် ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့နယ်က Grassroots-HRE အဖွဲအစည်းမှ ဖွင့်လှစ်ထားသော ပါကလန်ကျေးရွာရှိ မူလတန်းကျောင်းလေးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ကလေးငယ်တွေကို သူ့တတ်သော ပညာဖြင့် တဖက်တလမ်းကနေ အကျိုးပြူနေဆဲပါ။

“ကျမ အသက်ရှင်နေသမျှ ကာလပတ်လုံး ကျမသင်နေမှာပဲ။ အခုလည်း ရာဘာခြံမှာ ရာဘာဈေးက မကောင်းတော့ ကျမခင်ပွန်းက မြန်မာပြည်ကို ပြန်မလို့ပေါ့နော်။ သူပြန်သွားပေမယ့်လည်း ကျမကတော့ ကျမတို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေ ပညာရေးအတွက် ဆက်ပြီး သင်နေဦးမှာပဲ” ဟု လေးစား အားကျဖွယ်ရာကောင်းသည့် စကားများက သူ၏ အတ္တကင်းတဲ့ စိတ်ဓာတ်၊ ခိုင်မာသည့် သန္ဓိဋ္ဌာန်တို့ကို ဖော်ထုတ်ပြသနေပါသည်။

ရွှေ့ပြောင်းမြန်မာ ကလေးငယ်များအပေါ် ထားရှိသော ဆရာမ၏ မိခင်တစ်ယောက် သဖွယ်စိတ်ဓာတ်၊ မေတ္တာ၊ ဂရုဏာနှင့် စေတနာ အရောင်တို့က ကမ္ဘာတည်မယ့် အလင်းတန်းတစ်ခု အဖြစ် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ပါသည်။

ကျော်သိင်္ခ
http://ghre.org/mm/ မှ ရယူပါသည်

No comments:

Post a Comment